ဧဖက်ဩဝါဒစာ 4
4
ခရစ်တော်၏ကိုယ်ခန္ဓာ၌တစ်လုံးတစ်ဝတည်းဖြစ်ခြင်း
1ထို့ကြောင့် ခေါ်ယူတော်မူခြင်းခံရသောသင်တို့သည် ထိုခေါ်ယူတော်မူခြင်းနှင့်ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းကြရန် သခင်ဘုရားအတွက် အကျဉ်းသားဖြစ်သောငါသည် သင်တို့ကိုတိုက်တွန်းနှိုးဆော်ပါ၏။ 2အရာရာ၌ စိတ်နှိမ့်ချခြင်းနှင့်နူးညံ့သိမ်မွေ့ခြင်းအပြည့်အဝရှိလျက် စိတ်ရှည်စွာဖြင့် ချစ်ခြင်းမေတ္တာ၌ တစ်ဦးကိုတစ်ဦးသည်းခံကာ 3ငြိမ်သက်ခြင်း၏စုစည်းနှောင်ဖွဲ့မှုအားဖြင့် ဝိညာဉ်တော်၌ တစ်လုံးတစ်ဝတည်းဖြစ်ခြင်းကို ကြိုးစားထိန်းသိမ်းကြလော့။ 4သင်တို့ကိုခေါ်ယူတော်မူသောအခါ တစ်ပါးတည်းသောမျှော်လင့်ခြင်းသို့ ခေါ်ယူတော်မူသကဲ့သို့ ကိုယ်ခန္ဓာတစ်ပါးတည်း၊ ဝိညာဉ်တော်တစ်ပါးတည်းရှိ၏။ 5သခင်တစ်ပါးတည်း၊ ယုံကြည်ခြင်းတစ်ပါးတည်း၊ ဗတ္တိဇံတစ်ပါးတည်းရှိ၏။ 6အရာခပ်သိမ်းတို့အပေါ်၌လည်းကောင်း၊ အရာခပ်သိမ်းတို့၌ပျံ့နှံ့လျက်လည်းကောင်း၊ အရာခပ်သိမ်းတို့အထဲ၌လည်းကောင်း ရှိတော်မူ၍ အရာခပ်သိမ်းတို့၏အဖဖြစ်တော်မူသော ဘုရားသခင်သည် တစ်ဆူတည်းရှိတော်မူ၏။
7သို့သော် ငါတို့တစ်ဦးစီသည် ခရစ်တော်ပေးတော်မူသော ကောင်းချီးလက်ဆောင်၏ပမာဏအတိုင်း ကျေးဇူးတော်ကိုခံစားရကြ၏။ 8ထို့ကြောင့် “ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်သွားတော်မူသောအခါ ချုပ်နှောင်ထားသောသူကို ဖမ်းဆီးခေါ်ဆောင်သွား၍ လူတို့အား လက်ဆောင်များကိုပေးတော်မူ၏”#ဆာ 68:18။ဟု ကျမ်းစာ၌ဆိုထား၏။ 9(တက်သွားတော်မူသောအခါဟုဆိုရာတွင် မြေကြီးအောက်အရပ်များသို့လည်း ကြွဆင်းတော်မူခဲ့ကြောင်းကို ဆိုလိုခြင်းမဟုတ်လျှင် မည်သည့်အရာဖြစ်ဦးမည်နည်း။ 10ကြွဆင်းတော်မူခဲ့သောအရှင်ကိုယ်တိုင်သည် အရာခပ်သိမ်းတို့ကို ပြည့်စုံစေရန် ကောင်းကင်အထပ်ထပ်တို့အပေါ်သို့ တက်သွားတော်မူသောအရှင်လည်း ဖြစ်တော်မူ၏။) 11ထို့နောက် ကိုယ်တော်သည် အချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ကို ကောင်းမြတ်သောသတင်းဟောပြောသူအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာနှင့်ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏။ 12-13ဤသည်ကား ငါတို့အားလုံးသည် ယုံကြည်ခြင်းနှင့် ဘုရားသခင်၏သားတော်ကိုသိခြင်းတို့၌ တစ်လုံးတစ်ဝတည်းဖြစ်လျက် စုံလင်ရင့်ကျက်သောသူဖြစ်ကာ ခရစ်တော်၏ပြည့်စုံခြင်းအတိုင်းအတာပမာဏသို့ရောက်သည့်တိုင်အောင် ခရစ်တော်၏ကိုယ်ခန္ဓာတော်ကိုတည်ဆောက်သဖြင့် အမှုတော်လုပ်ငန်းအတွက် သန့်ရှင်းသူတို့ကို ပြင်ဆင်ထားရန်ဖြစ်၏။
14ဤသို့ဖြင့် ငါတို့သည် လူတို့၏ကောက်ကျစ်စဉ်းလဲမှုနှင့် ပရိယာယ်ဖြင့်လှည့်ဖြားတတ်သည့်လျှို့ဝှက်အကြံအစည်တို့ကြောင့် ဖြစ်ပေါ်လာသည့်သြဝါဒလေအမျိုးမျိုး၌ လွင့်ပါ၍လူးလွန့်နေသော ကလေးသူငယ်များကဲ့သို့မဟုတ်တော့ဘဲ 15ချစ်ခြင်းမေတ္တာဖြင့် သမ္မာတရားကိုဟောပြောလျက် ဦးခေါင်းဖြစ်တော်မူသောခရစ်တော်၌ အရာရာတွင် ကြီးထွားကြမည်ဖြစ်၏။ 16ထိုဦးခေါင်းမှတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် ထောက်မပေးသောအဆစ်ရှိသမျှတို့ဖြင့် အံဝင်ခွင်ကျဆက်စပ်ခြင်းနှင့် ပေါင်းစည်းခြင်းကိုခံရလျက် အင်္ဂါအစိတ်အပိုင်းတစ်ခုစီသည် မိမိအငန်းအတာအလိုက် လုပ်ဆောင်ခြင်းအားဖြင့် မိမိကိုယ်ကို ချစ်ခြင်းမေတ္တာ၌တည်ဆောက်ကာ ကိုယ်ခန္ဓာကိုကြီးထွားစေ၏။
အသက်တာသစ်ဖြင့် အသက်ရှင်ခြင်း
17ထို့ကြောင့် လူမျိုးခြားတို့သည် သူတို့၏အနှစ်သာရကင်းမဲ့သောစိတ်အားဖြင့် အသက်ရှင်လျှောက်လှမ်းသကဲ့သို့ သင်တို့သည် နောက်ထပ် အသက်ရှင်လျှောက်လှမ်းခြင်းမရှိကြရန် သခင်ဘုရား၌ ငါသတိပေးလို၏။ 18ထိုသူတို့သည် မိမိတို့စိတ်နှလုံးမာကျောမှုနှင့် သူတို့ထဲ၌ရှိသည့် မသိနားမလည်မှုတို့ကြောင့် အသိဉာဏ်အမှောင်ဖုံး၍ ဘုရားသခင်၏အသက်နှင့်ကင်းကွာလျက်ရှိကြ၏။ 19သူတို့သည် ရှက်ကြောက်စိတ်ကင်းမဲ့လျက် ညစ်ညူးသောအရာအမျိုးမျိုးတို့ကို အလွန်တပ်မက်သောစိတ်နှင့်ပြုမူ၍ မိမိတို့ကိုယ်ကို ကာမဂုဏ်လိုက်စားခြင်းလက်သို့ အပ်လိုက်ကြ၏။
20-21သို့သော် သမ္မာတရားသည် ယေရှု၌ရှိသည်နှင့်အညီ သင်တို့သည် ခရစ်တော်အကြောင်းကိုကြားနာလျက် ကိုယ်တော်၌ သွန်သင်ခြင်းကိုခံယူခဲ့သည်မှန်လျှင် ခရစ်တော်၌ ထိုသို့နည်းခံခဲ့ကြသည်မဟုတ်။ 22သင်တို့သည် လှည့်ဖြားတတ်သောတပ်မက်ခြင်းများကြောင့် ပျက်စီးခြင်းသို့ရောက်မည့် သင်တို့၏လူဟောင်းတည်းဟူသော ယခင်က အသက်ရှင်နေထိုင်မှုကို ချွတ်ပယ်၍ 23သင်တို့၏စိတ်နှလုံးသဘော အသစ်ပြုပြင်ခြင်းခံရကာ 24သမ္မာတရားနှင့်ဆိုင်သော ဖြောင့်မတ်ခြင်းနှင့်သန့်ရှင်းခြင်းတို့ဖြင့် ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခြင်းခံရသောလူသစ်ကိုဝတ်ဆင်ရန် နည်းခံခဲ့ကြ၏။
25ထို့ကြောင့် မုသားစကားကိုဖယ်ရှား၍ သင်တို့တစ်ဦးစီသည် မိမိဝန်းကျင်၌ရှိသောသူအား မှန်သောစကားကိုပြောကြလော့။#ကော 3:9၊ ဇာ 8:16။ အကြောင်းမူကား ငါတို့သည် တစ်ဦးနှင့်တစ်ဦး ကိုယ်အင်္ဂါချင်းများဖြစ်ကြ၏။ 26အမျက်ထွက်သော်လည်း အပြစ်မပြုကြနှင့်။ အမျက်မပြေဘဲ နေမဝင်စေကြနှင့်။ 27မာရ်နတ်ကိုလည်း အခွင့်မပေးကြနှင့်။ 28ခိုးတတ်သောသူသည် နောက်ထပ် မခိုးဘဲ လိုအပ်သောသူအား ဝေမျှစရာရှိစေရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို အားထုတ်လုပ်ဆောင်စေ။
29သင်တို့၏နှုတ်ထဲမှ မကောင်းသောစကားတစ်ခွန်းကိုမျှ မထွက်စေနှင့်။ ကြားရသောသူတို့ကို ကျေးဇူးပြုနိုင်ရန် လိုအပ်ချက်နှင့်အညီ တည်ဆောက်စရာဖြစ်စေသည့် ကောင်းသောစကားတို့ကိုသာ ပြောဆိုကြလော့။ 30ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းမနည်းစေကြနှင့်။ သင်တို့သည် ရွေးနုတ်ခြင်းနေ့ရက်အတွက် ထိုဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံရကြ၏။ 31ခပ်သိမ်းသောခါးသီးနာကြည်းခြင်း၊ ဒေါသကြီးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်းနှင့် စော်ကားပြောဆိုခြင်းတို့ကို မကောင်းမှုအလုံးစုံနှင့်အတူ သင်တို့ထံမှ ဖယ်ရှားကြလော့။ 32အချင်းချင်းကျေးဇူးပြုလျက် သနားစုံမက်ကြကာ ဘုရားသခင်သည် ခရစ်တော်၌ သင်တို့ကိုခွင့်လွှတ်တော်မူသကဲ့သို့ အချင်းချင်းခွင့်လွှတ်ကြလော့။
Currently Selected:
ဧဖက်ဩဝါဒစာ 4: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative