YouVersion Logo
Search Icon

ထွက်မြောက်ရာကျမ်း 1

1
အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်တွင်နှိပ်စက်ခံရခြင်း
1အီဂျစ်​ပြည်​သို့​ရောက်လာ​ကြ​သော အစ္စရေး​၏​သား​တို့​အမည်​များ​ကား ဤသို့တည်း​။ ယာကုပ်​နှင့်အတူ မိသားစု​အလိုက် ရောက်လာ​သော​သူ​များ​မှာ
2ရုဗင်​၊ ရှိမောင်​၊ လေဝိ​၊ ယုဒ​၊
3ဣသခါ​၊ ဇာဗုလုန်​၊ ဗင်္ယာမိန်​၊
4ဒန်​၊ နဿလိ​၊ ဂဒ်​၊ အာရှာ တို့​ဖြစ်​ကြ​၏​။
5ယာကုပ်​မှ ဆင်းသက်​လာ​သော​သူ စုစုပေါင်း အယောက်​ခုနစ်ဆယ်​ရှိ​၏​။ ယောသပ်​ကား အီဂျစ်​ပြည်​၌​ရှိ​နှင့်​၏​။
6ယောသပ်​မှစ၍ သူ​၏​ညီအစ်ကို​ရှိသမျှ​နှင့် ထို​မျိုးဆက်​အားလုံး သေ​ကြ​ကုန်​၏​။ 7သို့ရာတွင် အစ္စရေး​အမျိုးသား​တို့​သည် တိုးပွားသည်ထက်တိုးပွား​လာ​ကြ​၏​။ ထိုသို့ တိုးပွား​လာ​ကြ​သဖြင့် လူဦးရေ​များသည်ထက်များ​လာ​၍ တစ်ပြည်လုံး သူ​တို့​နှင့် ပြည့်​လေ​၏​။
8နောက်ပိုင်း​တွင် အီဂျစ်​ပြည်​၌ ယောသပ်​ကို​မ​သိ​သော ရှင်ဘုရင်​အသစ်​တစ်​ပါး ပေါ်လာ​၏​။ 9ထို​ရှင်ဘုရင်​က မိမိ​လူ​တို့​အား “​ကြည့်​ကြ​လော့​။ အစ္စရေး​အမျိုးသား​တို့​သည် ငါ​တို့​ထက်​များပြား​၍ အင်အားကြီး​ကြ​၏​။ 10လာ​ကြ​။ သူ​တို့​ကို လိမ္မာပါးနပ်​စွာ​ပြု​ကြ​စို့​။ သို့မဟုတ်လျှင် သူ​တို့​သည် များပြား​လာ​ကြ​လိမ့်မည်​။ စစ်​ဖြစ်​လျှင် သူ​တို့​သည် ငါ​တို့​၏​ရန်သူ​တို့​နှင့်​ပေါင်း​၍ ငါ​တို့​ကို​တိုက်ခိုက်​ပြီး ဤ​ပြည်​မှ ထွက်သွား​ကြ​လိမ့်မည်​”​ဟု ဆို​လေ​၏​။ 11သို့ဖြစ်၍ အီဂျစ်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ကြမ်းတမ်း​သော​အလုပ်​များ​ဖြင့် နှိပ်စက်​ရန် အဓမ္မစေခိုင်းသူ​များ​ကို ခန့်ထား​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် ပစ္စည်းသိုလှောင်ရာ​မြို့​ဖြစ်​သော​ပိသုံ​မြို့​နှင့် ရာမသက်​မြို့​ကို ဖာရော​မင်းကြီး​အတွက် တည်ဆောက်​ကြ​ရ​၏​။ 12သို့သော် သူ​တို့​ကို နှိပ်စက်​လေ ပို၍​တိုးပွား​ပျံ့နှံ့​လာ​လေ​ဖြစ်​သောကြောင့် အီဂျစ်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကြောင့် စိုးရိမ်ပူပန်​ခြင်း​သို့​ရောက်​ကြ​ရ​၏​။ 13ထို့ကြောင့် အီဂျစ်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ရက်စက်ကြမ်းတမ်း​စွာ စေခိုင်း​ကြ​၏​။ 14သူ​တို့​ဘဝ​ခါးသီး​ရ​လောက်အောင်​ပင် ကြမ်းတမ်း​သော​အလုပ်​များ​ဖြစ်​သည့် သရွတ်ဖျော်​လုပ်ငန်း​၊ အုတ်ဖုတ်​လုပ်ငန်း​၊ လယ်ယာ​လုပ်ငန်း​ရှိသမျှ​တို့​၌ ခိုင်း​စေ​၏​။ ခိုင်းစေ​လေ​သမျှ​တို့​၌​လည်း ရက်စက်ကြမ်းတမ်း​စွာ ခိုင်း​စေ​၏​။
15ထို့ပြင် အီဂျစ်​ဘုရင်​က ရှိဖရ​နှင့်​ပုအာ​အမည်​ရှိ​သော ဟေဗြဲ​ဝမ်းဆွဲ​နှစ်​ယောက်​အား 16“​သင်​တို့​သည် ဟေဗြဲ​အမျိုးသမီး​တို့​အား သားဖွား​ပေး​သောအခါ ကြည့်​၍ သားဖွားခုံ​ပေါ်၌ ယောက်ျားလေး​ဖြစ်လျှင်​သတ်​စေ​။ မိန်းကလေး​ဖြစ်လျှင်​အသက်ရှင်​စေ​”​ဟု အမိန့်ပေး​လေ​၏​။ 17သို့သော် ဝမ်းဆွဲ​တို့​သည် ဘုရားသခင်​ကို ကြောက်ရွံ့​သဖြင့် သူ​တို့​အား အီဂျစ်​ဘုရင်​အမိန့်ပေး​သည့်​အတိုင်း​မ​ပြု​ဘဲ ယောက်ျားလေး​များ​ကို အသက်ချမ်းသာ​ပေး​ကြ​၏​။ 18ထို့ကြောင့် အီဂျစ်​ဘုရင်​သည် ဝမ်းဆွဲ​တို့​ကို​ခေါ်​၍ “​သင်​တို့​သည် အဘယ်ကြောင့် ဤ​အမှု​ကို​ပြု​ကြ​သနည်း​။ အဘယ်ကြောင့် ယောက်ျားလေး​များ​ကို အသက်ချမ်းသာ​ပေး​ကြ​သနည်း​”​ဟု သူ​တို့​အား မေး​လေ​၏​။
19ဝမ်းဆွဲ​တို့​က​လည်း ဖာရော​မင်းကြီး​အား “​ဟေဗြဲ​အမျိုးသမီး​တို့​သည် အီဂျစ်​အမျိုးသမီး​တို့​နှင့်​မ​တူ​ပါ​။ သူ​တို့​သည် သန်စွမ်း​သောကြောင့် ဝမ်းဆွဲ​မ​ရောက်​မီ သားဖွား​တတ်​ကြ​ပါ​၏​”​ဟု ပြန်လျှောက်​ကြ​၏​။
20ထို့ကြောင့် ဘုရားသခင်​သည် ထို​ဝမ်းဆွဲ​တို့​အား ကျေးဇူးပြု​တော်မူ​၏​။ အစ္စရေး​လူမျိုး​တို့​သည်​လည်း တိုးပွား​ကာ အလွန်​အားကြီး​လာ​၏​။ 21ထို​ဝမ်းဆွဲ​တို့​သည် ဘုရားသခင်​ကို ကြောက်ရွံ့​သောကြောင့် သူ​တို့​အား မိသားစု​ဘဝ​ကို​ပေးသနား​တော်မူ​၏​။ 22ဖာရော​မင်းကြီး​က​လည်း မိမိ​လူ​အပေါင်း​တို့​အား “​မွေးလာ​သော​ယောက်ျားလေး​ရှိသမျှ​ကို နိုင်း​မြစ်​ထဲသို့​ပစ်ချ​စေ​။ မိန်းကလေး​ရှိသမျှ​ကို​ကား အသက်ရှင်​စေ​”​ဟု အမိန့်ပေး​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in