ထွက်မြောက်ရာကျမ်း 33
33
တပ်စခန်းအပြင်ဘက်ရှိတဲတော်
1တစ်ဖန် ထာဝရဘုရားက မောရှေအား “သင်နှင့် အီဂျစ်ပြည်မှသင်ထုတ်ဆောင်ခဲ့သောလူတို့ ဤနေရာမှထွက်၍ အာဗြဟံ၊ ဣဇက်၊ ယာကုပ်အား ‘ထိုပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေးမည်’ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း ထိုပြည်သို့ သွားကြလော့။ 2ကောင်းကင်တမန်ကို သင့်ရှေ့မှ ငါစေလွှတ်မည်။ ခါနာန်လူမျိုး၊ အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့ကို ငါနှင်ထုတ်မည်။ 3နို့နှင့်ပျားရည်စီးသောပြည်သို့ သွားလော့။ သို့သော် သင်နှင့်အတူ ငါမသွား။ အကြောင်းမူကား သင်သည် ခေါင်းမာ#33:3 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။သောလူမျိုးဖြစ်၏။ လမ်းခရီး၌ သင့်ကို ငါဖျက်ဆီးမိမည်စိုး၏”ဟု မိန့်တော်မူ၏။ 4လူတို့သည် ထိုမကောင်းသောသတင်းကိုကြားကြသောအခါ ငိုကြွေးမြည်တမ်းလျက် မည်သူမျှ မိမိ၏အဆင်တန်ဆာကို မဆင်ဘဲနေကြ၏။
5အကြောင်းမူကား ထာဝရဘုရားက မောရှေအား “အစ္စရေးအမျိုးသားတို့ကို ဤသို့ဆင့်ဆိုလော့။ ‘သင်တို့သည် ခေါင်းမာ#33:5 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။သောလူမျိုးဖြစ်၏။ ငါသည် သင်တို့နှင့်အတူ တစ်ခဏမျှသွားလျှင်ပင် သင်တို့ကို ငါဖျက်ဆီးမိမည်။ ယခု သင်တို့၏ကိုယ်ပေါ်မှ အဆင်တန်ဆာကိုချွတ်လော့။ သို့မှ သင်တို့၌ငါမည်သို့ပြုရမည်ကို ငါသိမည်’ ”ဟု မိန့်တော်မူသောကြောင့်ဖြစ်၏။ 6ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် ဟောရပ်တောင်၌ မိမိတို့၏အဆင်တန်ဆာများကိုချွတ်ကြ၏။
7မောရှေသည် တဲတော်ကို ယူပြီးလျှင် တပ်စခန်းအပြင်ဘက်၊ တပ်စခန်းနှင့်ခပ်ဝေးဝေး၌ တဲတော်ကိုထိုး၍ ၎င်းကို တွေ့ဆုံစည်းဝေးရာတဲတော် ဟုခေါ်ဝေါ်၏။ ထာဝရဘုရားကို ရှာသောသူအပေါင်းတို့သည် တပ်စခန်းအပြင်ဘက်ရှိ တွေ့ဆုံစည်းဝေးရာတဲတော်သို့ သွားကြ၏။ 8မောရှေသည် တဲတော်သို့ သွားသောအခါ လူအပေါင်းတို့သည်ထ၍ မိမိတို့၏တဲအဝင်ဝတွင် အသီးသီးရပ်လျက် တဲတော်ထဲသို့ မောရှေဝင်သွားသည့်တိုင်အောင် သူ၏နောက်မှ ကြည့်နေကြ၏။ 9မောရှေသည် တဲတော်ထဲသို့ဝင်သွားသောအခါ မိုးတိမ်တိုင်သည်ဆင်းလာ၍ တဲတော်အဝင်ဝ၌ တည်နေ၏။ ထို့နောက် ထာဝရဘုရားသည် မောရှေနှင့်စကားပြောတော်မူ၏။ 10တဲတော်အဝင်ဝ၌တည်နေသော မိုးတိမ်တိုင်ကို မြင်သည်နှင့် လူအပေါင်းတို့သည် မိမိတဲအဝင်ဝ၌ ရှိခိုးကိုးကွယ်ကြလေ၏။ 11ထာဝရဘုရားသည် မိတ်ဆွေချင်းစကားပြောသကဲ့သို့ မောရှေနှင့် မျက်နှာချင်းဆိုင်စကားပြောတော်မူ၏။ ထို့နောက် မောရှေသည် တပ်စခန်းသို့ ပြန်လာ၏။ သူ၏လက်ထောက်လူငယ်တစ်ဦးဖြစ်သည့် နုန်၏သားယောရှုမူကား တဲတော်ထဲမှ မထွက်ဘဲနေရစ်ခဲ့၏။
ထာဝရဘုရား၏ဘုန်းအသရေတော်
12တစ်ဖန် မောရှေက ထာဝရဘုရားအား “ကိုယ်တော်က ‘ဤလူတို့ကို ထုတ်ဆောင်လော့’ဟု အကျွန်ုပ်အား မိန့်ဆိုတော်မူခဲ့သော်လည်း အကျွန်ုပ်နှင့်အတူစေလွှတ်တော်မူမည့်သူကို အကျွန်ုပ်အား သိစေတော်မမူပါ။ သို့သော် ကိုယ်တော်က ‘ငါသည် သင့်ကို အမည်နှင့်တကွသိ၏။ ငါသည် သင့်ကို မျက်နှာသာပေးပြီ’ဟု မိန့်တော်မူခဲ့ပါ၏။ 13ယခု အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရပါလျှင် အကျွန်ုပ်အား ကိုယ်တော်၏လမ်းခရီးကို သိစေတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် ကိုယ်တော်ကိုသိမည်ဖြစ်၍ ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရပါလိမ့်မည်။ ဤလူမျိုးသည် ကိုယ်တော်၏လူမျိုးတော်ဖြစ်သည်ကို ဆင်ခြင်တော်မူပါ”ဟု လျှောက်လေ၏။
14ထိုအခါ ကိုယ်တော်က “ငါကိုယ်တိုင်#33:14 တိုက်ရိုက်ပြန်ဆိုလျှင် “ငါ့မျက်နှာ”။ကြွမည်။ သင့်ကို သက်သာခွင့်ပေးမည်”ဟု မိန့်တော်မူ၏။
15မောရှေကလည်း “ကိုယ်တော်တိုင်#33:15 တိုက်ရိုက်ပြန်ဆိုလျှင် “ကိုယ်တော့်မျက်နှာ”။ ကြွတော်မမူလျှင် အကျွန်ုပ်တို့ကို ဤနေရာမှ သွားစေတော်မမူပါနှင့်။ 16အကျွန်ုပ်နှင့်ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရကြောင်းကို မည်သို့သိရပါမည်နည်း။ အကျွန်ုပ်တို့နှင့်အတူ ကိုယ်တော်ကြွတော်မူသောအားဖြင့်သာ မဟုတ်လော။ ဤသို့ဖြင့် အကျွန်ုပ်နှင့်ကိုယ်တော်၏လူမျိုးတော်သည် ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့နှင့် ကွဲပြားခြားနားပါမည်”ဟု ကိုယ်တော်အားလျှောက်လေ၏။
17ထာဝရဘုရားက မောရှေအား “သင်လျှောက်သော ဤစကားအတိုင်း ငါပြုမည်။ အကြောင်းမူကား သင်သည် ငါ့ရှေ့၌မျက်နှာရ၍ ငါသည် သင့်ကိုအမည်နှင့်တကွသိ၏”ဟု မိန့်တော်မူ၏။
18ထိုအခါ မောရှေက “ကိုယ်တော်၏ဘုန်းအသရေတော်ကို အကျွန်ုပ်အား ပြတော်မူပါ”ဟု လျှောက်လေ၏။
19ထာဝရဘုရားကလည်း “ငါ၏ကောင်းမြတ်ခြင်းအလုံးစုံတို့ကို မျက်ဝါးထင်ထင်သင်မြင်ရမည်#33:19 တိုက်ရိုက်ပြန်ဆိုလျှင် “သင့်ရှေ့၌ဖြတ်သွားစေမည်”။။ ထာဝရဘုရား၏နာမကို သင့်ရှေ့၌ ကြေညာမည်။ ငါကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုမည်။ ငါသနားလိုသောသူကို သနားမည်”#ရော 9:15။ဟု မိန့်တော်မူ၏။ 20တစ်ဖန် ထာဝရဘုရားက “ငါ့ကိုမြင်သောသူသည် အသက်မရှင်ရ။ သို့ဖြစ်၍ သင်သည် ငါ့မျက်နှာကို မမြင်နိုင်”ဟု မိန့်တော်မူ၏။ 21ထို့ပြင် ထာဝရဘုရားက “ငါ့အနီး၌ရှိသောနေရာ၊ ကျောက်ဆောင်ပေါ်တွင် သင်ရပ်ရမည်။ 22ငါ၏ဘုန်းအသရေဖြတ်သွားစဉ် သင့်ကို ထိုကျောက်ဆောင်၏အက်ကွဲကြောင်း၌ ထား၍ ငါကျော်လွန်သွားသည်အထိ သင့်ကို ငါ့လက်ဖြင့် အုပ်မိုးထားမည်။ 23ငါ့လက်ကိုရုပ်သိမ်းသောအခါ သင်သည် ငါ့ကျောကိုသာ မြင်ရလိမ့်မည်။ ငါ့မျက်နှာကိုကား မြင်ရမည်မဟုတ်”ဟု မိန့်တော်မူ၏။
Currently Selected:
ထွက်မြောက်ရာကျမ်း 33: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative