ဂလာတိဩဝါဒစာ 4
4
1ငါဆိုလိုသည်ကား အမွေခံသည် အမွေပစ္စည်းရှိသမျှကို ပိုင်ဆိုင်သူဖြစ်သော်လည်း ကလေးသူငယ်ဖြစ်နေသေးသရွေ့ ကျွန်နှင့်ခြားနားခြင်းမရှိဘဲ 2ဖခင်သတ်မှတ်သောအချိန်မရောက်မချင်း အိမ်မှုကိစ္စစီမံကွပ်ကဲသူနှင့်ဘဏ္ဍာစိုးတို့၏လက်အောက်၌ နေရ၏။ 3ထိုနည်းတူ ငါတို့သည်လည်း ကလေးသူငယ်ဖြစ်ကြစဉ် လောက၏အခြေခံတရားအောက်၌ ကျွန်ခံခဲ့ကြ၏။ 4သို့သော် အချိန်ကာလပြည့်စုံခြင်းသို့ရောက်သောအခါ ဘုရားသခင်သည် မိမိ၏သားတော်ကိုစေလွှတ်တော်မူ၍ ထိုသားတော်သည် မိန်းမတစ်ဦးမှမွေးဖွားလျက် ပညတ်တရားအောက်၌ ပေါ်ထွန်းတော်မူ၏။ 5ဤသည်ကား ပညတ်တရားအောက်၌ရှိသောသူတို့ကို ရွေးနုတ်တော်မူသဖြင့် ငါတို့သည် သားသမီးအရာကိုရရှိကြရန်ဖြစ်၏။ 6ထိုသို့ သင်တို့သည် သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်သည် “အဗ္ဗ၊ အဖ”ဟု ခေါ်တတ်သော မိမိသားတော်၏ဝိညာဉ်တော်ကို ငါတို့၏စိတ်နှလုံးထဲသို့ စေလွှတ်တော်မူ၏။ 7သို့ဖြစ်၍ သင်သည် ကျွန်မဟုတ်တော့ဘဲ သားဖြစ်၏။ သားဖြစ်လျှင် ဘုရားသခင်အားဖြင့် အမွေခံလည်းဖြစ်၏။
ဂလာတိပြည်သားတို့ကိုပေါလုအလေးထားခြင်း
8သို့သော် ဘုရားသခင်ကိုမသိခဲ့စဉ်က သင်တို့သည် ပင်ကိုအားဖြင့် ဘုရားမဟုတ်သောအရာများထံ ကျွန်ခံခဲ့ကြ၏။ 9ယခုမူကား သင်တို့သည် ဘုရားသခင်ကိုသိကြ၏။ တစ်နည်းဆိုရလျှင် ဘုရားသခင်သည် သင်တို့ကိုသိတော်မူ၏။ သို့ဖြစ်လျှင် အားနည်း၍ ချမ်းသာမပေးနိုင်သောအခြေခံတရားဘက်သို့ အဘယ်ကြောင့် ပြန်လှည့်၍ ထိုအခြေခံတရားထံ အသစ်တစ်ဖန် ပြန်၍ကျွန်ခံလိုကြသနည်း။ 10သင်တို့သည် နေ့ရက်များ၊ လများ၊ အချိန်အခါများနှင့် နှစ်များကို စောင့်ထိန်းကြပြီတကား။ 11သင်တို့အတွက် ငါကြိုးစားလုပ်ဆောင်ခဲ့သောအရာသည် အကြောင်းတစ်စုံတစ်ခုကြောင့် အချည်းနှီးဖြစ်ပြီလောဟု သင်တို့အတွက် ငါစိုးရိမ်၏။
12ညီအစ်ကိုတို့၊ ငါကဲ့သို့ဖြစ်ကြပါဟု သင်တို့အား ငါတောင်းပန်၏။ အဘယ်ကြောင့်ဆိုသော် ငါသည်လည်း သင်တို့ကဲ့သို့ဖြစ်ခဲ့၏။ သင်တို့သည် ငါ့အပေါ် မည်သည့်မတရားမှုကိုမျှ မပြုခဲ့ကြပေ။ 13ပထမအကြိမ် သင်တို့အား ကောင်းမြတ်သောသတင်းကို ငါဟောပြောရခြင်းမှာ ကိုယ်ကာယနာမကျန်းသောကြောင့်ဖြစ်သည်ကို သင်တို့သိကြ၏။ 14ထိုသို့ ငါ၏ကိုယ်ကာယအခြေအနေသည် သင်တို့အတွက် စုံစမ်းနှောင့်ယှက်ခြင်းဖြစ်သော်လည်း သင်တို့သည် ငါ့ကိုမထီမဲ့မြင်မပြု၊ ရွံရှာခြင်းလည်းမရှိဘဲ ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့လည်းကောင်း၊ ခရစ်တော်ယေရှုကဲ့သို့လည်းကောင်း ငါ့ကိုလက်ခံကြ၏။ 15သို့ဖြစ်လျက်ပင် သင်တို့ခံစားရသောမင်္ဂလာသည် မည်သို့ဖြစ်သွားသနည်း။ သင်တို့သည် ဖြစ်နိုင်လျှင် သင်တို့၏မျက်စိကိုပင်ထုတ်၍ ငါ့အားပေးခဲ့ကြပေလိမ့်မည်ဟု သင်တို့နှင့်ပတ်သက်၍ ငါသက်သေခံ၏။ 16ငါသည် သင်တို့အား သမ္မာတရားကိုဟောပြောသောကြောင့် သင်တို့၏ရန်သူဖြစ်သွားပြီလော။
17သင်တို့အပေါ် အရေးတယူပြုကြသောထိုသူတို့သည် ကောင်းသောရည်ရွယ်ချက်ကြောင့်မဟုတ်ဘဲ သူတို့အပေါ် အရေးတယူပြုစေရန် သင်တို့ကို သီးသန့်ဖယ်ထုတ်လို၍သာဖြစ်၏။ 18သင်တို့နှင့်အတူ ငါရှိနေစဉ်တွင်သာမဟုတ်ဘဲ အစဉ်အမြဲ ကောင်းသောရည်ရွယ်ချက်ဖြင့် အရေးတယူပြုခံရခြင်းသည် ကောင်းပေ၏။ 19ခရစ်တော်၏အသွင်သဏ္ဌာန်သည် သင်တို့ထဲ၌ ပေါ်ပေါက်လာသည့်တိုင်အောင် သင်တို့အတွက် သားဖွားခြင်းဝေဒနာကို ငါတစ်ဖန်ခံစားရသော ငါ့သားသမီးတို့၊ 20ငါသည် သင်တို့နှင့်ပတ်သက်၍ တွေးမရဖြစ်နေသဖြင့် ယခုပင် သင်တို့နှင့်အတူရှိလျက် ငါ့လေသံကို ငါပြောင်းလို၏။
စာရာနှင့်ဟာဂရ-ပဋိညာဉ်နှစ်ပါး
21ပညတ်တရားအောက်၌နေလိုသောသူတို့၊ ငါ့ကိုပြောပြကြလော့။ ပညတ်တရားက မည်သို့မိန့်ဆိုထားသည်ကို သင်တို့မကြားကြသလော။ 22အကြောင်းမူကား “အာဗြဟံ၌ သားနှစ်ဦးရှိ၏။ တစ်ဦးသည် ကျွန်မ၏သားဖြစ်ပြီး တစ်ဦးသည် လွတ်လပ်သောမိန်းမ၏သားဖြစ်၏”ဟု ရေးထား၏။ 23ကျွန်မ၏သားသည် သွေးသားဇာတိအရမွေးဖွားလာ၏။ လွတ်လပ်သောမိန်းမ၏သားမူကား ကတိတော်အရမွေးဖွားလာ၏။
24ဤအကြောင်းအရာတို့သည် ပုံဆောင်ချက်များဖြစ်ကြ၏။ အကြောင်းမူကား ထိုမိန်းမနှစ်ဦးသည် ပဋိညာဉ်နှစ်ပါးကိုဆိုလို၏။ တစ်ပါးသည် သိနာတောင်မှဖြစ်၍ ကျွန်ကိုမွေးဖွား၏။ ထိုသူသည် ဟာဂရဖြစ်၏။ 25ဟာဂရသည် အာရေဗျပြည်၌ရှိသော သိနာတောင်ကိုဆိုလို၍ လက်ရှိဂျေရုဆလင်မြို့နှင့်လည်း အလားတူ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မိမိ၏သားသမီးတို့နှင့်အတူ ကျွန်ခံနေရ၏။ 26သို့သော် အထက်အရပ်တွင်ရှိသော ဂျေရုဆလင်မြို့သည် လွတ်လပ်သောမိန်းမဖြစ်၍ ၎င်းသည် ငါတို့၏အမိဖြစ်၏။ 27အကြောင်းမူကား
“သားမဖွားဖူးသောအမြုံမ၊ ပျော်ရွှင်လော့။
သားဖွားခြင်းဝေဒနာကိုမခံစားဖူးသောမိန်းမ၊ အသံကုန်လွှင့်၍ ဟစ်ကြော်လော့။
အဘယ်ကြောင့်ဆိုသော် စွန့်ပစ်ခံရသောမိန်းမ၏သားသမီးတို့သည် ယောက်ျားရှိသောမိန်းမ၏သားသမီးတို့ထက် များကြ၏”#ဟေရှာ 54:1။ဟု ရေးထား၏။
28ညီအစ်ကိုတို့၊ သင်တို့မူကား ဣဇက်ကဲ့သို့ ကတိတော်နှင့်ဆိုင်သော သားသမီးများဖြစ်ကြ၏။ 29သို့သော် ထိုစဉ်က သွေးသားဇာတိအရမွေးဖွားသောသားသည် ဝိညာဉ်တော်အရမွေးဖွားသောသားကို ညှဉ်းဆဲသကဲ့သို့ ယခုလည်း ထိုနည်းတူဖြစ်၏။ 30သို့ရာတွင် ကျမ်းစာက မည်သို့ဆိုထားသနည်း။ “ကျွန်မနှင့်သူ၏သားကို နှင်ထုတ်လော့။ အကြောင်းမူကား ကျွန်မ၏သားသည် လွတ်လပ်သောမိန်းမ၏သားနှင့်အတူ လုံးဝအမွေဆက်ခံရမည်မဟုတ်”#က 21:10။ဟု ဆိုထား၏။
31သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် ကျွန်မ၏သားသမီးများမဟုတ်ဘဲ လွတ်လပ်သောမိန်းမ၏သားသမီးများဖြစ်ကြ၏။
Currently Selected:
ဂလာတိဩဝါဒစာ 4: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative