YouVersion Logo
Search Icon

ကမ္ဘာဦးကျမ်း 26

26
ဣဇက်အားထပ်၍ကတိတော်ကို အတည်ပြုခြင်း
1အာဗြဟံ​လက်ထက်​၌​ကျရောက်​ခဲ့​ဖူး​သော ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​မ​ဟုတ်​ဘဲ ထို​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ထပ်မံ​ကျရောက်​သည်​ဖြစ်၍ ဣဇက်​သည် ဖိလိတ္တိ​ဘုရင်​အဘိမလက်​မင်းကြီး​ရှိ​ရာ​ဂေရာ​မြို့​သို့ သွား​လေ​၏​။ 2ထိုအခါ ထာဝရဘုရား​သည် သူ့​အား​ကိုယ်ထင်ရှားပြ​၍ “​သင်​သည် အီဂျစ်​ပြည်​သို့​မ​ဆင်းသွား​နှင့်​။ သင့်​အား ငါ​ပြ​သည့်​ပြည်​၌ နေထိုင်​လော့​။ 3ဤ​ပြည်​၌ တည်းခိုနေထိုင်​လော့​။ ငါ​သည် သင်​နှင့်အတူ​ရှိ​၍ သင့်​ကို​ကောင်းချီးပေး​မည်​။ အကယ်စင်စစ် ဤ​မြေ​ရှိသမျှ​တို့​ကို သင်​နှင့်​သင်​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​၍ သင်​၏​ဖခင်​အာဗြဟံ​အား ငါ​ကျိန်ဆို​ခဲ့​သော​ကတိ​ကို ငါ​တည်​စေ​မည်​။ 4ငါ​သည် သင်​၏​သားစဉ်မြေးဆက်​ကို ကောင်းကင်​ကြယ်​နှင့်အမျှ​များပြား​စေ​၍ သင်​၏​သားစဉ်မြေးဆက်​အား ဤ​မြေ​ရှိသမျှ​တို့​ကို ပေး​မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူမျိုး​အပေါင်း​တို့​သည် သင်​၏​အမျိုးအနွယ်​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။#က 12:3၊ 18:18၊ 22:18၊ တ 3:25၊ ဂလ 3:8။ 5အကြောင်းမူကား အာဗြဟံ​သည် ငါ့​စကား​ကို​နားထောင်​ပြီး ငါ​၏​ညွှန်ကြားချက်​မှစ၍ ငါ​၏​ပညတ်ချက်​များ​၊ ငါ​၏​ပြဋ္ဌာန်းချက်​များ​နှင့် ငါ​၏​တရား​များ​ကို စောင့်ထိန်း​သောကြောင့်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။ 6ထို့ကြောင့် ဣဇက်​သည် ဂေရာ​မြို့​၌​နေထိုင်​လေ​၏​။
ဣဇက်လိမ်လည်ခြင်း
7ထို​အရပ်​၌​ရှိ​သော​ယောက်ျား​တို့​သည် သူ့​မယား​အကြောင်း​ကို​မေး​ကြ​သောအခါ ဣဇက်​က “​ငါ့​မယား​ဖြစ်​သည်​”​ဟု ပြော​ရ​မည်​ကို ကြောက်​၍ “​ငါ့​နှမ​ဖြစ်​သည်​”​ဟု ဆို​၏​။ အကြောင်းမှာ ရေဗက္ကာ​သည် ရုပ်ဆင်းသွင်ပြင်​လှပ​သဖြင့် ထို​အရပ်​၌​ရှိ​သော​ယောက်ျား​တို့​သည် ရေဗက္ကာ​အတွက်ကြောင့် မိမိ​အား​သတ်​မည်​ကို စိုးရိမ်​သောကြောင့်​ဖြစ်​၏​။ 8သူ​သည် ထို​အရပ်​၌​ရက်​အတန်ကြာ​နေ​လေ​၏​။ တစ်နေ့တွင် ဖိလိတ္တိ​ဘုရင်​အဘိမလက်​မင်းကြီး​သည် ပြတင်းပေါက်​မှ​လှမ်းကြည့်​လိုက်​ရာ ဣဇက်​သည် မိမိ​မယား​ရေဗက္ကာ​နှင့် ဆော့မြှူကျီစယ်​နေ​သည်​ကို​မြင်​၏​။
9အဘိမလက်​မင်းကြီး​သည် ဣဇက်​ကို​ဆင့်ခေါ်​၍ “​စင်စစ် ထို​မိန်းမ​သည် သင်​၏​မယား​ဖြစ်​၏​။ သို့ဖြစ်လျက်နှင့်​သင်​က ‘​သူ​သည် ငါ့​နှမ​ဖြစ်​သည်​’​ဟု အဘယ်ကြောင့်​ဆို​ရ​သနည်း​”​ဟု မေး​လေ​၏​။ ဣဇက်​က​လည်း “​သူ့​အတွက်ကြောင့် အကျွန်ုပ်​သေ​ရ​ကောင်း​သေ​ရ​လိမ့်မည်​ဟု အကျွန်ုပ်​ထင်​သောကြောင့်​ဖြစ်​ပါ​သည်​”​ဟု ဖြေ​လေ​၏​။
10အဘိမလက်​မင်းကြီး​က​လည်း “​ငါ​တို့​၌ သင်​ပြု​သော​ဤ​အမှု​ကား မည်သို့နည်း​။ တစ်စုံတစ်ဦး​သော​သူ​သည် သင်​၏​မယား​နှင့် အခန့်မသင့်​အိပ်​မိ​လျှင် သင်​သည် ငါ​တို့​အပေါ်​သို့ အပြစ်​ရောက်​စေ​ခဲ့​ပေ​လိမ့်မည်​”​ဟု ဆို​၏​။ 11ထို့နောက် အဘိမလက်​မင်းကြီး​သည် လူ​အပေါင်း​တို့​အား “​ဤ​သူ​နှင့် သူ​၏​မယား​ကို​ထိ​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​”​ဟု အမိန့်ပေး​မှာကြား​လေ​၏​။
ရေတွင်းကြောင့် အငြင်းပွားခြင်း
12ဣဇက်​သည် ထို​ပြည်​၌ မျိုးစေ့ကြဲ​၍ ထို​နှစ်​တွင် အဆ​တစ်ရာ​သော​အသီးအနှံ​ကို​ရ​လေ​၏​။ ထာဝရဘုရား​သည် သူ့​ကို​ကောင်းချီးပေး​တော်မူ​သောကြောင့် 13သူ​သည် ကြွယ်ဝ​လာ​၍ အလွန်​ချမ်းသာ​သော​သူ​ဖြစ်​သည့်​တိုင်အောင် ပို၍ပို၍​ကြီးပွား​လာ​၏​။ 14သူ​၌ သိုးအုပ်​၊ နွားအုပ် စသည့် တိရစ္ဆာန်​များ​နှင့် အခြွေအရံ​အမြောက်အမြား​ရှိ​သည်​ဖြစ်၍ ဖိလိတ္တိ​အမျိုးသား​တို့​သည် သူ့​ကို​ငြူစူ​ကြ​၏​။ 15ထို့ကြောင့် ဖိလိတ္တိ​အမျိုးသား​တို့​သည် သူ့​ဖခင် အာဗြဟံ​လက်ထက်​၌ သူ့​ဖခင်​၏​အစေအပါး​တို့ တူး​ခဲ့​သော​ရေတွင်း​အားလုံး​ကို မြေ​ဖို့​ပိတ်ဆို့​ကြ​၏​။ 16အဘိမလက်​မင်းကြီး​က​လည်း “​သင်​သည် ငါ​တို့​ထက်​အလွန်​အားကြီး​လာ​သောကြောင့် ငါ​တို့​ထံ​မှ ထွက်သွား​ပါ​”​ဟု ဣဇက်​အား ဆို​၏​။
17ထို့ကြောင့် ဣဇက်​သည် ထို​အရပ်​မှ​ထွက်သွား​ပြီး ဂေရာ​ချိုင့်ဝှမ်း​၌​စခန်းချ​၍ နေထိုင်​လေ​၏​။ 18ဣဇက်​၏​ဖခင်​အာဗြဟံ​လက်ထက်​၌ တူး​ခဲ့​၍ အာဗြဟံ​ကွယ်လွန်​ပြီးနောက် ဖိလိတ္တိ​အမျိုးသား​တို့ ပိတ်ဆို့​ခဲ့​သော​ရေတွင်း​ကို ဣဇက်​သည် ပြန်​ဖော်​လေ​၏​။ သူ​သည် ထို​ရေတွင်း​များ​၏​အမည်​ကို မိမိ​ဖခင်​ခေါ်​ခဲ့​သည့်​အမည်​အတိုင်း ခေါ်​လေ​၏​။ 19ဣဇက်​၏​အစေအပါး​တို့​သည် ချိုင့်ဝှမ်း​၌​ရေတွင်း​တူး​ကြ​သောအခါ စမ်းရေထွက်​သော​တွင်း​ကို​တွေ့ရှိ​ကြ​၏​။ 20သို့သော် ဂေရာ​မြို့​မှ​တိရစ္ဆာန်​ထိန်းကျောင်း​သူ​တို့​သည် “​ဤ​ရေ​ကို ငါ​တို့​ပိုင်​၏​”​ဟု ဆို​လျက် ဣဇက်​၏​တိရစ္ဆာန်​ထိန်းကျောင်း​သူ​တို့​ကို ရန်တွေ့​ကြ​၏​။ ထိုသို့ သူ​တို့​သည် ဣဇက်​နှင့်​ဖက်ပြိုင်ရန်တွေ့​ကြ​သဖြင့် ဣဇက်​သည် ထို​ရေတွင်း​၏​အမည်​ကို ဧသက်#26:20 “ဖက်ပြိုင်ရန်တွေ့သည်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​ခေါ်​၏​။ 21ထို့နောက်တွင် ဣဇက်​၏​အစေအပါး​တို့​သည် အခြား​သော​ရေတွင်း​ကို​တူး​ကြ​၏​။ ထို​ရေတွင်း​အတွက်ကြောင့်​လည်း ရန်တွေ့​ကြ​ပြန်​သဖြင့် ဣဇက်​သည် ထို​ရေတွင်း​၏​အမည်​ကို သိတန#26:21 “ရန်တွေ့”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​ခေါ်​၏​။ 22ထို့ကြောင့် သူ​သည် ထို​အရပ်​မှ​ရွှေ့ပြောင်း​၍ အခြား​သော​ရေတွင်း​ကို​တူး​၏​။ ထို​ရေတွင်း​အတွက်ကြောင့် ရန်​မ​တွေ့​ကြ​တော့​သဖြင့် သူ​က “​အကယ်စင်စစ် ထာဝရဘုရား​သည် ငါ​တို့​နေရာ​ကို ယခု​ကျယ်ဝန်း​စေ​တော်မူ​သည်​ဖြစ်၍ ငါ​တို့​သည် ဤ​ပြည်​၌​ပွားများ​ကြ​လိမ့်မည်​”​ဟု ဆို​လျက် ထို​ရေတွင်း​၏​အမည်​ကို ရဟောဘုတ်#26:22 “ကျယ်ဝန်းသောနေရာများ”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​ခေါ်​၏​။
ဗေရရှေဘအရပ်၌ ကိုယ်ထင်ရှားပြတော်မူခြင်း
23ထို့နောက် သူ​သည် ထို​အရပ်​မှ​ထွက်​၍ ဗေရရှေဘ​အရပ်​သို့ သွား​လေ​၏​။ 24ထို​ည​၌ ထာဝရဘုရား​သည် သူ့​အား​ကိုယ်ထင်ရှားပြ​၍ “​ငါ​သည် သင့်​ဖခင်​အာဗြဟံ​၏​ဘုရား​ဖြစ်​၏​။ မ​ကြောက်​နှင့်​။ အကြောင်းမူကား ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ ငါ​သည် သင့်​ကို​ကောင်းချီးပေး​၍ ငါ​၏​အစေအပါး​အာဗြဟံ​အတွက်ကြောင့် သင်​၏​သားစဉ်မြေးဆက်​ကို​များပြား​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။
25ဣဇက်​သည် ထို​အရပ်​၌ ယဇ်ပလ္လင်​ကို​တည်​၍ ထာဝရဘုရား​၏​နာမ​တော်​ကို​ခေါ်ဆို​ပတ္ထနာပြု​ပြီးလျှင် ထို​အရပ်​တွင် တဲ​ကို​ဆောက်​လေ​၏​။ သူ​၏​အစေအပါး​တို့​သည်​လည်း ထို​အရပ်​တွင် ရေတွင်း​ကို​တူး​ကြ​၏​။
အဘိမလက်မင်းကြီးနှင့်ပဋိညာဉ်ဖွဲ့ခြင်း
26အဘိမလက်​မင်းကြီး​သည် သူ​၏​မိတ်ဆွေ​အဟုဇာတ်​၊ သူ​၏​စစ်သူကြီး​ဖိကောလ​တို့​နှင့်အတူ ဂေရာ​မြို့​မှ ဣဇက်​ရှိ​ရာ​သို့​ရောက်လာ​ကြ​၏​။ 27ဣဇက်​က “​သင်​တို့​သည် အကျွန်ုပ်​ကို​မုန်း​၍ သင်​တို့​ထံ​မှ​နှင်ထုတ်​ခဲ့​လျက်​နှင့်​ပင် အဘယ်ကြောင့် အကျွန်ုပ်​ထံသို့ လာ​ကြ​သနည်း​”​ဟု သူ​တို့​အား​ဆို​၏​။
28သူ​တို့​က​လည်း “​ထာဝရဘုရား​သည် သင်​နှင့်အတူ​ရှိ​တော်မူ​ကြောင်း​ကို ငါ​တို့​အမှန်​သိမြင်​သည်​ဖြစ်၍ ငါ​တို့​တစ်ဖွဲ့​နှင့်​တစ်ဖွဲ့ ကျိန်ဆို​ခြင်း​ပြု​ကြ​စို့​၊ ပဋိညာဉ်​ဖွဲ့​ကြ​စို့​ဟု ငါ​တို့​တောင်းဆို​၏​။ 29ထို့ကြောင့် ငါ​တို့​သည် သင့်​ကို​မ​ထိ​၊ သင့်​အပေါ်​ကောင်းမြတ်​သော​အရာ​ကို​သာ​ပြု​ပြီး သင့်​ကို​ငြိမ်းချမ်း​စွာ​လွှတ်လိုက်​သကဲ့သို့ သင်​သည်​လည်း ငါ​တို့​ကို​ဘေးအန္တရာယ်​မ​ပြု​နှင့်​။ အကယ်စင်စစ် သင်​သည် ထာဝရဘုရား​၏​ကောင်းချီး​ကို​ခံရ​သော​သူ​ဖြစ်​၏​”​ဟု ဆို​ကြ​၏​။
30ထိုအခါ ဣဇက်​သည် သူ​တို့​အတွက် စားသောက်ပွဲ​တည်ခင်း​၍ သူ​တို့​သည် စား​သောက်​ကြ​၏​။ 31သူ​တို့​သည် နံနက်​စောစောထ​၍ တစ်ဦး​နှင့်​တစ်ဦး​ကျိန်ဆို​ခြင်း​ကို​ပြု​ကြ​၏​။ ထို့နောက် ဣဇက်​သည် သူ​တို့​ကို​လွှတ်လိုက်​သဖြင့် သူ​တို့​သည် ငြိမ်းချမ်း​စွာ​ပြန်သွား​ကြ​၏​။ 32ထို​နေ့​၌ပင် ဣဇက်​၏​အစေအပါး​တို့​သည် လာ​၍ “​အကျွန်ုပ်​တို့​သည် ရေ​ကို​ရှာတွေ့​ကြ​ပါ​ပြီ​”​ဟု ဆို​လျက် သူ​တို့​တူး​သော​ရေတွင်း​အကြောင်း​ကို ဣဇက်​အား​ပြောကြား​ကြ​၏​။ 33ဣဇက်​သည် ထို​ရေတွင်း​၏​အမည်​ကို ရှေဘ#26:33 “ကျိန်ဆိုခြင်း”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​ခေါ်​၏​။ ထို့ကြောင့် ထို​မြို့​၏​အမည်​ကို ဗေရရှေဘ#26:33 “ကျိန်ဆိုခြင်းရေတွင်း”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​ယနေ့​တိုင်အောင်​ခေါ်​ကြ​၏​။
ဧသော၏မိန်းမများ
34ဧသော​သည် အသက်​လေးဆယ်​ရှိ​သောအခါ ဟိတ္တိ​လူမျိုး​ဗေရိ​၏​သမီး​ယုဒိတ်​၊ ဟိတ္တိ​လူမျိုး​ဧလုန်​၏​သမီး​ဗာရှမတ်​တို့​နှင့် အိမ်ထောင်ပြု​လေ​၏​။ 35ထို​မိန်းမ​တို့​သည် ဣဇက်​နှင့်​ရေဗက္ကာ​အတွက် စိတ်သောကရောက်စရာ​အကြောင်း​ဖြစ်​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ကမ္ဘာဦးကျမ်း 26