YouVersion Logo
Search Icon

ကမ္ဘာဦးကျမ်း 45

45
မိမိမည်သူဖြစ်ကြောင်း ယောသပ်ဖော်ပြခြင်း
1ထိုအခါ ယောသပ်​သည် မိမိ​အနား​၌​ရပ်​နေ​သော​သူ​အပေါင်း​တို့​ရှေ့​တွင် မိမိ​စိတ်​ကို မ​ထိန်း​နိုင်​သဖြင့် “​လူ​အားလုံး ငါ့​ထံမှ​ထွက်သွား​ကြ​”​ဟု ဟစ်အော်​လေ​၏​။ ဤသို့ဖြင့် ယောသပ်​သည် သူ့​အနား​၌ အခြား​မည်သူ​တစ်ယောက်မျှ​မ​ရှိ​သောအခါ မိမိ​ညီအစ်ကို​တို့​အား မိမိ​မည်သူ​ဖြစ်ကြောင်း ပြောပြ​၏​။ 2သူ​သည် အသံ​ကို​လွှင့်​၍​ငိုကြွေး​သဖြင့် အီဂျစ်​ပြည်သား​တို့​သည်​ကြား​ကြ​၏​။ ဖာရော​မင်းကြီး​၏​နန်းတော်သူ​နန်းတော်သား​တို့​သည်​လည်း ကြား​ကြ​၏​။ 3ယောသပ်​က သူ​၏​ညီအစ်ကို​တို့​အား “​အကျွန်ုပ်​သည် ယောသပ်​ဖြစ်​၏​။ အကျွန်ုပ်​၏​ဖခင် အသက်ရှင်​သေး​သလော​”​ဟု မေး​၏​။ သို့သော် ညီအစ်ကို​တို့​သည် ယောသပ်​ရှေ့​၌ ထိတ်လန့်​နေ​ကြ​သဖြင့် သူ့​ကို​ပြန်​မ​ဖြေ​နိုင်​ကြ​။
4ထိုအခါ ယောသပ်​က ညီအစ်ကို​တို့​အား “​အကျွန်ုပ်​အနား​သို့​လာ​ကြ​ပါ​လော့​”​ဟု ဆို​သဖြင့် သူ​တို့​သည် အနား​သို့​လာ​ကြ​၏​။ ယောသပ်​က “​အကျွန်ုပ်​သည် အီဂျစ်​ပြည်​သို့ သင်​တို့​ရောင်း​လိုက်​သော သင်​တို့​၏​ညီ​ယောသပ်​ဖြစ်​ပါ​၏​။ 5သို့ရာတွင် အကျွန်ုပ်​ကို ဤ​အရပ်​သို့​ရောင်း​လိုက်​သည့်​အတွက် ဝမ်း​မ​နည်း​ကြ​ပါ​နှင့်​။ ကိုယ့်ကိုယ်ကိုယ်​အမျက်​မ​ထွက်​ကြ​ပါ​နှင့်​။ အကြောင်းမူကား ဘုရားသခင်​သည် လူ​တို့​အသက်​ကို​စောင်မ​ရန်​အတွက် သင်​တို့​ထက်​အလျင် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​၏​။ 6မြေကြီး​ပေါ်၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး နှစ်​နှစ်​ဖြစ်​ခဲ့​ပြီ​။ ထွန်ယက်​ခြင်း​၊ ရိတ်သိမ်း​ခြင်း​မ​ပြု​နိုင်​သော​နှစ် ငါး​နှစ်​ရှိ​သေး​၏​။ 7မြေကြီး​ပေါ်၌ သင်​တို့​အသက်ရှင်​ကျန်ရစ်​စေရန် သင်​တို့​ကို​ထိန်းသိမ်းစောင့်ရှောက်​မည့်​အကြောင်း​၊ ကြီးစွာ​သော​ကယ်တင်​ခြင်း​ဖြင့် သင်​တို့​အသက်ချမ်းသာ​ရာ​ရ​စေ​မည့်​အကြောင်း ဘုရားသခင်​သည် အကျွန်ုပ်​ကို သင်​တို့​ထက်​အလျင် စေလွှတ်​တော်မူ​၏​။ 8သို့ဖြစ်၍ သင်​တို့​သည် အကျွန်ုပ်​ကို ဤ​အရပ်​သို့​စေလွှတ်​သည်​မ​ဟုတ်​။ ဘုရားသခင်​စေလွှတ်​တော်မူ​သည်​ဖြစ်​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို ဖာရော​မင်းကြီး​၏​အဖ​အရာ​၌​လည်းကောင်း​၊ နန်းတော်သူ​နန်းတော်သား​အပေါင်း​တို့​၏​သခင်​အရာ​၌​လည်းကောင်း​၊ အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို​အုပ်စိုး​သော​သူ​အရာ​၌​လည်းကောင်း ခန့်ထား​တော်မူ​ပြီ​။
9အကျွန်ုပ်​၏​ဖခင်​ထံသို့​အလျင်အမြန်​ပြန်သွား​ကြ​၍ ဖခင်​အား အဖေ့​သား​ယောသပ်​က ‘​ဘုရားသခင်​သည် အကျွန်ုပ်​ကို အီဂျစ်​ပြည်​တစ်ပြည်လုံး​၏​သခင်​အရာ​၌ ခန့်ထား​တော်မူ​ပြီ​။ အကျွန်ုပ်​ထံသို့​လာ​ပါ​လော့​။ အချိန်​မ​ဆွဲ​နှင့်​။ 10အဖေ​သည် ဂေါရှင်​အရပ်​၌ နေထိုင်​ရ​မည်​။ အဖေ​နှင့်တကွ အဖေ​၏​သားသမီး​များ​၊ မြေး​များ​၊ သိုးဆိတ်​များ​၊ နွားအုပ်​များ​၊ အဖေ​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​သည် အကျွန်ုပ်​အနား​တွင်​ရှိ​ရ​မည်​။ 11ထို​အရပ်​၌ အဖေ့​ကို အကျွန်ုပ်​ကျွေးမွေးပြုစု​ပါ​မည်​။ သို့မဟုတ်လျှင် အဖေ​မှစ၍ အဖေ​၏​အိမ်သူအိမ်သား​များ​နှင့်​အဖေ​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​သည် ပျက်စီးဆုံးရှုံး​ကြ​ရ​လိမ့်မည်​။ အကြောင်းမူကား ငတ်မွတ်ခေါင်းပါး​သော​နှစ် ငါး​နှစ်​ရှိ​သေး​၏​’​ဟူ၍ မှာလိုက်​ကြောင်း ပြော​ကြ​လော့​။ 12သင်​တို့​အား အကျွန်ုပ်ကိုယ်တိုင်​ပြော​သည်​ကို သင်​တို့​မျက်မြင်​၊ အကျွန်ုပ်​ညီ​ဗင်္ယာမိန်​မျက်မြင် ဖြစ်​၏​။ 13အီဂျစ်​ပြည်​၌ အကျွန်ုပ်​ရ​သော​ဂုဏ်သရေ​ရှိသမျှ​နှင့် သင်​တို့​တွေ့မြင်​သော​အရာ​ရှိသမျှ​တို့​ကို အကျွန်ုပ်​၏​ဖခင်​အား​ပြောပြ​ရ​မည်​။ သင်​တို့​သည် အလျင်အမြန်​သွား​၍ အကျွန်ုပ်​၏​ဖခင်​ကို ဤ​အရပ်​သို့​ခေါ်ဆောင်​ခဲ့​ရ​မည်​”​ဟု ဆို​လေ​၏​။
14ထို့နောက် ယောသပ်​သည် မိမိ​ညီ​ဗင်္ယာမိန်​၏​လည်ပင်း​ကို​ဖက်​၍ ငိုကြွေး​လေ​၏​။ ဗင်္ယာမိန်​သည်​လည်း ယောသပ်​၏​လည်ပင်း​ကို​ဖက်​၍ ငိုကြွေး​လေ​၏​။ 15ယောသပ်​သည် မိမိ​၏​အစ်ကို​အပေါင်း​တို့​ကို​လည်း​နမ်း​၍ ငိုကြွေး​လေ​၏​။ ထို့နောက်မှ သူ​၏​ညီအစ်ကို​တို့​သည် သူ​နှင့်​စကားပြော​ကြ​၏​။
ယာကုပ်ထံ ပြန်လာကြခြင်း
16“​ယောသပ်​၏​ညီအစ်ကို​တို့​ရောက်​နေ​ကြ​၏​”​ဟု ပြောဆို​သော​သတင်း​ကို နန်းတော်​မှ​ဖာရော​မင်းကြီး ကြား​သောအခါ ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​တို့​သည် နှစ်သက်​သဘောကျ​ကြ​၏​။ 17ထိုအခါ ဖာရော​မင်းကြီး​က ယောသပ်​အား “​သင်​၏​ညီအစ်ကို​တို့​အား ‘​ဤသို့​ပြု​ကြ​လော့​။ သင်​တို့​၏​တိရစ္ဆာန်​တို့​ကို​ဝန်တင်​၍ ခါနာန်​ပြည်​သို့​ပြန်​သွား​ကြ​လော့​။ 18သင်​တို့​၏​ဖခင်​နှင့်​သင်​တို့​၏​အိမ်သူအိမ်သား​တို့​ကို​ခေါ်​၍ ငါ့​ထံသို့​လာ​ကြ​လော့​။ အီဂျစ်​ပြည်​ရှိ​အကောင်းဆုံး​သော​အရာ​ကို သင်​တို့​အား​ငါ​ပေး​မည်​။ ဤ​ပြည်​၏​အဆီအနှစ်​ကို​စား​ရ​မည်​။ 19ငါ​မိန့်ဆို​သည့်​အတိုင်း ပြု​ကြ​လော့​။ အီဂျစ်​ပြည်​မှ​လှည်း​တို့​ကို ယူသွား​၍ သင်​တို့​၏​ကလေး​များ​၊ မိန်းမ​များ​နှင့် သင်​တို့​၏​ဖခင်​ကို ခေါ်ဆောင်​လာ​ခဲ့​ကြ​လော့​။ 20သင်​တို့​ပစ္စည်း​များ​ကို မ​နှမြော​နှင့်​။ အကြောင်းမူကား အီဂျစ်​ပြည်​တစ်ပြည်လုံး​ရှိ​အကောင်းဆုံး​သော​အရာ​သည် သင်​တို့​ဥစ္စာ​ဖြစ်​၏​’​ဟူ၍ မှာကြား​လော့​”​ဟု မိန့်ဆို​လေ​၏​။
21အစ္စရေး​၏​သား​တို့​သည် ထိုအတိုင်း​ပြု​ကြ​၏​။ ယောသပ်​သည် ဖာရော​မင်းကြီး​၏​အမိန့်​အတိုင်း သူ​တို့​အား လှည်း​များ​ကို ပေး​၍ လမ်းခရီး​အတွက် စားနပ်ရိက္ခာ​ကို ပေး​၏​။ 22သူ​တို့​အားလုံး​ကို လဲစရာ​အဝတ်​တစ်စုံစီ​ပေး​၏​။ ဗင်္ယာမိန်​ကို​မူကား ငွေစ​သုံး​ရာ​နှင့် လဲစရာ​အဝတ်​ငါး​စုံ​ပေး​၏​။ 23ထို့ပြင် မိမိ​ဖခင်​ထံသို့ အီဂျစ်​ပြည်​ရှိ​အကောင်းဆုံး​သော​အရာ​များ​ကို တင်ဆောင်​သော​မြည်း​ဆယ်​ကောင်​ကို​လည်းကောင်း​၊ လမ်းခရီး​တွင် ဖခင်​စား​ရန် ဂျုံစပါး​၊ မုန့်​၊ စားနပ်ရိက္ခာ​ကို​တင်ဆောင်​သော မြည်းမ​ဆယ်​ကောင်​ကို​လည်းကောင်း ပို့ပေး​လိုက်​၏​။ 24ထို့နောက် ယောသပ်​သည် သူ​၏​ညီအစ်ကို​တို့​ကို​လွှတ်လိုက်​၍ သူ​တို့​ထွက်သွား​သောအခါ သူ​တို့​အား “​လမ်းခရီး​၌ ခိုက်ရန်​မ​ဖြစ်​ကြ​နှင့်​”​ဟု မှာလိုက်​၏​။
25သူ​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်ခွာ​၍ ခါနာန်​ပြည်​ရှိ မိမိ​တို့​ဖခင်​ယာကုပ်​ထံသို့​ပြန်ရောက်​ကြ​သောအခါ 26သူ​တို့​က ဖခင်​အား “​ယောသပ်​သည် အသက်ရှင်​လျက်​ရှိ​သေး​၏​။ သူ​သည် အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို​အုပ်စိုး​သော​သူ​ဖြစ်​နေ​၏​”​ဟု ပြောပြ​ကြ​၏​။ သို့သော် ယာကုပ်​သည် အံ့ဩမှင်တက်​လျက် သူ​တို့​ကို​မ​ယုံ​နိုင်​ဘဲ​ဖြစ်​လေ​၏​။ 27သူ​တို့​သည် ယောသပ်​ပြော​သော​စကား​အလုံးစုံ​ကို ယာကုပ်​အား​ပြောပြ​ပြီး သူ့​ကို​ခေါ်ဆောင်​ရန်​အတွက် ယောသပ်​ပေးလိုက်​သော​လှည်း​များ​ကို​မြင်​သောအခါ​မှ သူ​တို့​၏​ဖခင်​ယာကုပ်​သည် သတိ​ပြန်ဝင်​လာ​လေ​၏​။
28ထိုအခါ အစ္စရေး​က “​လုံလောက်​ပြီ​။ ငါ့​သား​ယောသပ် အသက်ရှင်​သေး​၏​။ ငါ​မ​သေ​မီ သူ့​ကို​သွား​တွေ့​မည်​”​ဟု ဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ကမ္ဘာဦးကျမ်း 45