YouVersion Logo
Search Icon

ရှင်ယောဟန်ခရစ်ဝင် 12

12
ယေရှု၏ခြေတော်ကိုဆီမွှေးနှင့်လိမ်းခြင်း
1ပသခါ​ပွဲတော်​မတိုင်မီ ခြောက်​ရက်​အလို​တွင် ယေရှု​သည် ဗေသနိ​ရွာ​သို့​ကြွ​တော်မူ​၏။ ထို​ရွာ​သည် သေ​သော​သူ​တို့​ထဲမှ ယေရှု​ထမြောက်​စေ​ခဲ့​သော လာဇရု​နေထိုင်​ရာ​အရပ်​ဖြစ်​၏။ 2လူ​တို့​သည် ထို​အရပ်​၌ ကိုယ်တော်​အတွက် ညစာ​ကို​ပြင်ဆင်​ကြ​ပြီး မာသ​သည် ဧည့်ဝတ်​ပြု​နေ​၏။ ကိုယ်တော်​နှင့်အတူ စားပွဲ​၌​ထိုင်​နေ​သူ​များ​ထဲတွင် လာဇရု​လည်း​ပါ​၏။ 3ထိုအခါ မာရိ​သည် အလွန်​တန်ဖိုးကြီး​သော နာဒု​ဆီမွှေး​အစစ်​နှစ်ဆယ်​သား​ကို​ယူ​၍ ယေရှု​၏​ခြေ​တော်​ကို​လိမ်း​ပြီးလျှင် မိမိ​ဆံပင်​နှင့် ခြေ​တော်​ကို​သုတ်​လေ​၏​။ ထို​ဆီမွှေး​၏​ရနံ့​သည်​လည်း တစ်​အိမ်​လုံး​ပျံ့နှံ့​သွား​၏။
4သို့သော် တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်ပြီး ကိုယ်တော်​ကို​အပ်နှံ​တော့မည့်​သူ ယုဒ​ဣရှကာရုတ်​က 5“အဘယ်ကြောင့် ဤ​ဆီမွှေး​ကို ဒေနာရိ​သုံးရာ​နှင့်​ရောင်း​၍ ဆင်းရဲသား​တို့​အား မ​ပေးကမ်း​ခဲ့​သနည်း”​ဟု ဆို​၏။ 6ထိုသို့​ဆို​ခြင်း​မှာ သူ​သည် ဆင်းရဲသား​တို့​၏​အကျိုး​ကို ထောက်ထား​ငဲ့ညှာ​၍​မ​ဟုတ်​ဘဲ မိမိ​သည် သူခိုး​ဖြစ်​ပြီး ငွေ​အိတ်​ကို​ထိန်းသိမ်း​ရင်း ထည့်​ဝင်​ငွေ​ကို နှိုက်​ယူ​လေ့​ရှိ​သောကြောင့်​ဖြစ်​၏။ 7ထို့ကြောင့် ယေရှု​က“ငါ့​ကို​သင်္ဂြိုဟ်​မည့်​နေ့​အတွက် သူ​သည် ဤ​ဆီမွှေး​ကို​သိမ်း​ထား​ခဲ့​သည်​ဖြစ်၍ သူ​ပြု​လို​ရာ​ပြု​ပါစေ။ 8အကြောင်းမူကား ဆင်းရဲသား​တို့​သည် သင်​တို့​တွင်​အစဉ်​ရှိ​ကြ​၏။ ငါ​မူကား သင်​တို့​တွင်​အစဉ်​ရှိ​သည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။
လာဇရုကိုလည်းသတ်ရန်ကြံစည်ကြခြင်း
9များစွာ​သော​ဂျူး​လူမျိုး​အစုအဝေး​သည် ထို​အရပ်​၌ ယေရှု​ရှိ​တော်မူ​ကြောင်း​ကို ကြားသိ​သဖြင့် ယေရှု​ကြောင့်​သာ​မ​ဟုတ်​ဘဲ သေ​သော​သူ​တို့​ထဲမှ ကိုယ်တော်​ထမြောက်​စေ​တော်မူ​သော လာဇရု​ကို​လည်း​တွေ့မြင်​ရ​ရန် ရောက်လာ​ကြ​၏။ 10ထို့ကြောင့် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် လာဇရု​ကို​လည်း​သတ်​ရန် တိုင်ပင်​ကြံစည်​ကြ​၏။ 11အဘယ်ကြောင့်​ဆိုသော် များစွာ​သော​ဂျူး​လူမျိုး​တို့​သည် လာဇရု​ကြောင့် သူ​တို့​ကို​စွန့်ခွာ​၍ ယေရှု​ကို​ယုံကြည်​ကြ​သောကြောင့်​ဖြစ်​၏။
ဩဘာပေးခြင်းခံရလျက် ဂျေရုဆလင်မြို့သို့ကြွဝင်တော်မူခြင်း
12နောက်တစ်နေ့​တွင် ပွဲတော်​သို့​ရောက်လာ​သည့် များစွာ​သော​လူထု​ပရိသတ်​တို့​သည် ဂျေရုဆလင်​မြို့​သို့ ယေရှု​ကြွလာ​တော်မူ​မည်​ဟု​ကြားသိ​သဖြင့် 13စွန်ပလွံ​ခက်​များ​ကို​ကိုင်ဆောင်​လျက် ကိုယ်တော်​ကို​ကြိုဆို​ရန် ထွက်သွား​ကြ​၍ “ဟောရှဏ္ဏ၊ ထာဝရ​ဘုရား​၏​နာမ​တော်​အားဖြင့် ကြွလာ​တော်မူ​သော​အရှင်၊ အစ္စရေး​ဘုရင်​သည် မင်္ဂလာရှိ​စေ​သတည်း”​ဟု ကြွေးကြော်​ကြ​၏။ 14ယေရှု​သည် မြည်း​ငယ်​ကို​တွေ့​၍ စီး​တော်မူ​၏။ 15ဤသည်ကား “ဇိအုန်​သမီး၊ မ​ကြောက်​နှင့်။ ကြည့်ရှု​လော့။ သင်​၏​ရှင်ဘုရင်​သည် မြည်း​ကလေး​ကို​စီး​၍ ကြွလာ​တော်မူ​၏”#မ 21:4-5၊ ဇာ 9:9။​ဟု ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။
16ဤ​အရာ​များ​ကို တပည့်​တော်​တို့​သည် အစ​က နား​မ​လည်​ခဲ့​ကြ။ သို့သော် ယေရှု​ဘုန်း​တော်​ထင်ရှား​ခြင်း​ရှိ​တော်မူ​သောအခါ​မှသာ ဤ​အရာ​များ​သည် ကိုယ်တော်​ကို​ရည်ညွှန်း​၍ ရေး​ထား​ခဲ့​ခြင်း​ဖြစ်​ပြီး လူ​တို့​သည် ကိုယ်တော်​အပေါ် ထို​အတိုင်း​ပြု​ခဲ့​ကြောင်း​ကို ပြန်လည်​သတိရ​ကြ​၏။
17ယေရှု​သည် လာဇရု​ကို သင်္ချိုင်း​ဂူ​မှ​ခေါ်​ထုတ်​၍ သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​စဉ်​က ကိုယ်တော်​နှင့်အတူ​ရှိ​ခဲ့​သော လူထု​ပရိသတ်​တို့​သည် ထို​အကြောင်း​ကို သက်သေခံ​ကြ​၏။ 18လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို​ဆီးကြို​ကြ​ခြင်း​မှာ ဤသို့​သော​နိမိတ်​လက္ခဏာ​ကို ကိုယ်တော်​ပြု​တော်မူ​ကြောင်း ကြားသိ​ခဲ့​ကြ​သောကြောင့်​လည်း​ဖြစ်​၏။ 19ထို့ကြောင့် ဖာရိရှဲ​တို့​က “တွေ့​သလော။ သင်​တို့​လုပ်ရပ်​တစ်ခုမျှ​အကျိုး​မ​ရှိ။ ကြည့်​ပါ။ တစ်ကမ္ဘာလုံး သူ့​နောက်​သို့​လိုက်​သွား​ကြ​ပြီ”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။
မိမိအသေခံမည့်အကြောင်း ကြိုတင်မိန့်တော်မူခြင်း
20ပွဲတော်​တွင် ဝတ်ပြု​ကိုးကွယ်​ရန် တက်​လာ​ကြ​သော​သူ​တို့​ထဲ၌ ဂရိ​လူမျိုး​အချို့​ပါ​၏။ 21သူ​တို့​သည် ဂါလိလဲ​နယ်၊ ဗက်ဇဲဒ​မြို့သား ဖိလိပ္ပု​ထံ​ချဉ်းကပ်​၍ “ဆရာ၊ အကျွန်ုပ်​တို့​သည် ယေရှု​ကို​တွေ့မြင်​လို​ပါ​သည်”​ဟု တောင်းဆို​ကြ​၏။ 22ဖိလိပ္ပု​သည်​သွား​၍ အန္ဒြေ​ကို​ပြောပြ​ပြီးလျှင် အန္ဒြေ​နှင့်​ဖိလိပ္ပု​တို့​သည်​လာ​၍ ယေရှု​ထံ​လျှောက်ထား​ကြ​၏။ 23ထိုအခါ ယေရှု​က“လူ့သား​ကို ဘုန်း​တော်​ထင်ရှား​စေ​မည့်​အချိန် ရောက်လာ​ပြီ။ 24သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ဂျုံ​စေ့​တစ်​စေ့​သည် မြေ​၌​ကျ​၍ မ​ပျက်စီး​လျှင် တစ်စေ့တည်း​ရှိ​နေ​၏။ ပျက်စီး​လျှင်​မူကား များစွာ​သော​အသီး​ကို ဖြစ်ထွန်း​စေ​တတ်​၏။ 25မိမိ​အသက်​ကို​တွယ်တာ​သော​သူ​သည် အသက်​ဆုံးရှုံး​လိမ့်မည်။ ဤ​လောက​၌ မိမိ​အသက်​ကို​မုန်း​သော​သူ​မူကား ထို​အသက်​ကို ထာဝရ​အသက်​အတွက် စောင့်ရှောက်​လိမ့်မည်။ 26မည်သူမဆို ငါ​၏​အမှု​ကို​ဆောင်ရွက်​မည်​ဆို​လျှင် ထို​သူ​သည် ငါ့​နောက်​သို့​လိုက်​ရ​မည်။ ထိုအခါ ငါ​ရှိ​ရာ​အရပ်​၌ ငါ​၏​အမှုဆောင်​လည်း​ရှိ​လိမ့်မည်။ မည်သူမဆို ငါ​၏​အမှု​ကို​ဆောင်ရွက်​မည်​ဆို​လျှင် ထို​သူ​ကို ခမည်းတော်​သည် ချီးမြှောက်​တော်မူ​လိမ့်မည်။ 27ယခု ငါ့​စိတ်​ပူပန်​လျက်​ရှိ​၏။ ငါ​မည်သို့​လျှောက်​ရ​ပါ​မည်နည်း။ ‘အို အဖ၊ ဤ​အချိန်​နာရီ​မှ အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ’​ဟူ၍ လျှောက်​ရ​ပါ​မည်​လော။ သို့ရာတွင် ငါ​သည် ဤ​အတွက်​ကြောင့် ယခု​အချိန်​နာရီ​သို့ ရောက်လာ​ခဲ့​၏။ 28‘အို အဖ၊ ကိုယ်တော်​၏​နာမ​တော်​အား ဘုန်း​တော်​ထင်ရှား​စေ​တော်မူ​ပါ’”​ဟု မြွက်ဆို​တော်မူ​၏။ ထိုအခါ “ငါ​သည် ဘုန်း​တော်​ထင်ရှား​စေ​ခဲ့​ပြီ။ နောက်တစ်ဖန်​လည်း ထင်ရှား​စေ​ဦး​မည်”​ဟု ကောင်းကင်​မှ​အသံ​တော်​လာ​၏။ 29အနီးနား​၌​ရပ်​နေ​၍ ထို​အသံ​ကို​ကြား​ကြ​သော လူထု​ပရိသတ်​တို့​က “မိုးချုန်း​သည်”​ဟု ဆို​ကြ​၏။ အခြား​သော​သူ​တို့​က​မူ “ကောင်းကင်တမန်​က သူ့​ကို​မြွက်ဆို​သည်”​ဟု ဆို​ကြ​၏။ 30ယေရှု​က​လည်း“ဤ​အသံ​တော်​သည် ငါ့​အတွက်​မ​ဟုတ်​ဘဲ သင်​တို့​အတွက်​လာ​၏။ 31ယခု​သည် ဤ​လောက​၏​တရား​စီရင်​ခြင်း​ကာလ​ဖြစ်​၏။ ဤ​လောက​ကို​အုပ်ချုပ်​သူ​သည် ယခု နှင်ထုတ်​ခြင်း​ခံရ​မည်။ 32ငါ​သည်​လည်း မြေ​မှ မြှောက်​ထား​ခြင်း​ခံရ​သောအခါ လူ​ခပ်သိမ်း​တို့​ကို ငါ့​ထံသို့​ဆွဲငင်​မည်”​ဟု မိန့်​တော်မူ​၏။ 33ဤသို့​မိန့်​တော်မူ​ခြင်းမှာ မိမိ​သည်​မည်သို့​သော​သေ​ခြင်း​မျိုး​ဖြင့် အသေခံ​ရ​မည်​ကို အရိပ်အမြွက်​မိန့်​တော်မူ​ခြင်း​ဖြစ်​၏။
34ထိုအခါ လူထု​ပရိသတ်​က “ခရစ်တော်​သည် ကာလ​အစဉ်အဆက်​တည်​တော်မူ​၏​ဟု ပညတ်​တရား​ကျမ်း​အားဖြင့် အကျွန်ုပ်​တို့​ကြားသိ​ထား​သည်။ သို့ဖြစ်လျှင် သင်​သည် အဘယ်ကြောင့် ‘လူ့သား​သည် မြှောက်​ထား​ခြင်း​ခံ​ရ​မည်’​ဟု ဆို​သနည်း။ ဤ​လူ့သား​ဆို​သူ​မှာ မည်သူ​နည်း”​ဟု မေးမြန်း​ကြ​၏။ 35ယေရှု​က​လည်း“အလင်း​သည် သင်​တို့​တွင် နောက်ထပ် ခဏ​ရှိ​ဦး​မည်။ သင်​တို့​အား မှောင်မိုက်​မ​လွှမ်းမိုး​စေရန် အလင်း​ရှိ​ခိုက် သွားလာ​ကြ​လော့။ မှောင်မိုက်​၌​သွားလာ​သော​သူ​သည် မိမိ​မည်သည့်​အရပ်​သို့​သွား​သည်​ကို​မ​သိ။ 36သင်​တို့​သည် အလင်း​၏​သား​များ​ဖြစ်​ကြ​ရန် သင်​တို့​တွင် အလင်း​ရှိ​ခိုက် အလင်း​ကို​ယုံကြည်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ယေရှု​သည် ဤ​အရာ​များ​ကို ဟောပြော​တော်မူ​ပြီးနောက် ထွက်သွား​၍ သူ​တို့​ကို တိမ်းရှောင်​လျက်​နေ​တော်မူ​၏။
ဟေရှာယ၏ကြိုတင်ဟောထားချက်ပြည့်စုံခြင်း
37ယေရှု​သည် ဤမျှလောက်​များပြား​သော နိမိတ်​လက္ခဏာ​တို့​ကို သူ​တို့​ရှေ့မှောက်​၌ ပြု​တော်မူ​သော်လည်း သူ​တို့​သည် ကိုယ်တော်​ကို​မ​ယုံကြည်​ကြ​ပေ။ 38ဤသည်ကား “အို ထာဝရ​ဘုရား၊ အကျွန်ုပ်​တို့​၏​သတင်း​စကား​ကို မည်သူ​ယုံကြည်​ပါ​သနည်း။ ထာဝရ​ဘုရား​၏​လက်ရုံး​တော်​သည် မည်သူ့​ထံ ဖော်ပြ​ခြင်း​ခံရ​ပါ​သနည်း”#ဟေရှာ 53:1။​ဟု ပရောဖက်​ဟေရှာယ​ဟောပြော​ထား​သော​စကား ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်အကြောင်း​တည်း။ 39သူ​တို့​မ​ယုံကြည်​နိုင်​သည့်​အကြောင်းမှာ ဟေရှာယ​က 40“သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​၍ စိတ်နှလုံး​ဖြင့်​နားလည်​ကာ ပြောင်းလဲ​ကြ​သဖြင့် သူ​တို့​ကို​ကျန်းမာ​စေ​ရ​မည့်​အဖြစ်​မျိုး​မ​ရှိ​စေရန် ဘုရားသခင်​သည် သူ​တို့​၏​မျက်စိ​ကို ကွယ်​စေ​တော်မူ​၍ သူ​တို့​၏​စိတ်နှလုံး​ကို မာကျော​စေ​တော်မူ​၏”#ဟေရှာ 6:10။​ဟု ထပ်မံ​၍ ဟောပြော​ခဲ့​သောကြောင့်​ဖြစ်​၏။ 41ဟေရှာယ​သည် ယေရှု​၏​ဘုန်း​အသရေ​တော်​ကို​မြင်​ရ​သောကြောင့် ဤသို့​ပြောဆို​ပြီး ကိုယ်တော်​၏​အကြောင်း​ကို ဟောပြော​ခဲ့​ခြင်း​ဖြစ်​၏။
42မည်သို့ပင်ဖြစ်စေ အကြီးအကဲ​တို့​တွင်​လည်း ကိုယ်တော်​ကို​ယုံကြည်​သော​သူ​များစွာ​ရှိ​ကြ​၏။ သို့သော် သူ​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​မှ ထုတ်ပယ်​ခြင်း​ခံရ​မည်​ကို စိုးရိမ်​သဖြင့် ဖာရိရှဲ​တို့​ကြောင့် ဖွင့်​မ​ပြော​ဘဲ​နေ​ကြ​၏။ 43အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ပေး​သော​ဘုန်း​အသရေ​ထက် လူ​တို့​ပေး​သော​ဘုန်း​အသရေ​ကို ပို၍​နှစ်သက်​ကြ​၏။
ဤလောကသို့ ယေရှုကြွလာခြင်း၏အကြောင်းရင်း
44တစ်ဖန် ယေရှု​က“ငါ့​ကို​ယုံကြည်​သော​သူ​သည် ငါ့​ကို​ယုံကြည်​သည်​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို​ယုံကြည်​၏။ 45ငါ့​ကို​မြင်​သော​သူ​သည်​လည်း ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို​မြင်​၏။ 46ငါ့​ကို​ယုံကြည်​သော​သူ​တိုင်း မှောင်မိုက်​ထဲ၌​မ​နေ​ရ​စေရန် ငါ​သည် အလင်း​အဖြစ် ဤ​လောက​သို့​ကြွလာ​ပြီ။
47 တစ်စုံတစ်ယောက်​သည် ငါ့​စကား​တို့​ကို​ကြား​လျက် မ​စောင့်ထိန်း​လျှင်​လည်း ငါ​သည် ထို​သူ​ကို​ပြစ်ဒဏ်​မ​စီရင်။ အကြောင်းမူကား ဤ​လောက​ကို ပြစ်ဒဏ်​စီရင်​ရန် ငါ​လာ​သည်​မ​ဟုတ်။ ဤ​လောက​ကို ကယ်တင်​ရန် ငါ​လာ​၏။ 48ငါ့​ကို​ငြင်းပယ်​၍ ငါ့​စကား​တို့​ကို​လက်​မ​ခံ​သော​သူ​အား ပြစ်ဒဏ်​စီရင်​သော​သူ​ရှိ​၏။ ငါ​ဟောပြော​ခဲ့​သည့်​တရား​စကား​က​ပင် နောက်ဆုံး​သော​နေ့​၌ ထို​သူ​ကို​ပြစ်ဒဏ်​စီရင်​လိမ့်မည်။ 49အကြောင်းမူကား ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​ဟောပြော​သည်​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော​ခမည်းတော်​ကိုယ်တိုင် ငါ​မည်သို့​မြွက်ဆို​၍ မည်သို့​ဟောပြော​ရ​မည်​ကို ငါ့​အား​အမိန့်​ပေး​တော်မူ​၏။ 50ခမည်းတော်​၏​အမိန့်​တော်​သည် ထာဝရ​အသက်​ဖြစ်​ကြောင်း​ကို​ငါ​သိ​၏။ ထို့ကြောင့် ငါ​ဟောပြော​သော​အရာ​တို့​ကို ခမည်းတော်​က ငါ့​အား​မိန့်​တော်မူ​သည့်​အတိုင်း ငါ​ဟောပြော​၏”​ဟု ကြွေးကြော်​တော်မူ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in