ရှင်ယောဟန်ခရစ်ဝင် 17
17
ယေရှုဆုတောင်းတော်မူခြင်း
1ယေရှုသည် ဤအရာများကိုမိန့်တော်မူပြီးနောက် ကောင်းကင်သို့မျှော်ကြည့်လျက်“အို အဖ၊ အချိန်ရောက်ပါပြီ။ သားတော်သည် ကိုယ်တော်၏ဘုန်းတော်ကိုထင်ရှားစေနိုင်ရန် သားတော်၏ဘုန်းကိုထင်ရှားစေတော်မူပါ။ 2အကြောင်းမှာ ကိုယ်တော်သည် သားတော်အား လူသားအားလုံးကို အုပ်စိုးရသောအခွင့်ကို ပေးတော်မူပြီ။ ဤသည်ကား သားတော်သည် ကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့အား ထာဝရအသက်ကိုပေးနိုင်ရန်အတွက်ဖြစ်ပါ၏။ 3ထာဝရအသက်ဟူသည်မှာ တစ်ဆူတည်းသော စစ်မှန်သည့်ဘုရားဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်တော်ကိုလည်းကောင်း သိကျွမ်းခြင်းပင်ဖြစ်ပါ၏။ 4အကျွန်ုပ်ဆောင်ရွက်ရန် ကိုယ်တော်ပေးအပ်တော်မူသောအမှုတော်ကို အကျွန်ုပ်သည် ပြီးမြောက်စေ၍ ကိုယ်တော်၏ဘုန်းတော်ကို မြေကြီးပေါ်၌ထင်ရှားစေပါပြီ။ 5အို အဖ၊ ဤကမ္ဘာမတည်မရှိမီကပင် ကိုယ်တော်နှင့်အတူ အကျွန်ုပ်ခံစားရသောဘုန်းအသရေတော်အားဖြင့် ယခုပင် အကျွန်ုပ်ကို အထံတော်ပါး၌ ဘုန်းထင်ရှားစေတော်မူပါ။
တပည့်တော်တို့အတွက်ဆုတောင်းတော်မူခြင်း
6 ဤလောကထဲမှ ကိုယ်တော်ရွေးကောက်၍ အကျွန်ုပ်ထံပေးအပ်တော်မူသောသူတို့အား ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်ထင်ရှားစေပါပြီ။ ထိုသူတို့သည် ကိုယ်တော်ပိုင်တော်မူသောသူများဖြစ်ကြ၍ ကိုယ်တော်သည် သူတို့ကို အကျွန်ုပ်ထံပေးအပ်တော်မူ၏။ သူတို့သည်လည်း ကိုယ်တော်၏နှုတ်ကပတ်တရားကို လိုက်နာစောင့်ထိန်းကြပါပြီ။ 7အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောအရာအားလုံးတို့သည် ကိုယ်တော်ထံမှဖြစ်ကြောင်း ယခု သူတို့သိကြပါပြီ။ 8အကြောင်းမူကား အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောနှုတ်ကပတ်တရားတို့ကို အကျွန်ုပ်သည် သူတို့အား ပေးအပ်သဖြင့် သူတို့သည် ခံယူကြကာ ကိုယ်တော်ထံမှ အကျွန်ုပ်ကြွလာခဲ့ကြောင်းကို အမှန်ပင်သိရှိလျက် ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းကိုလည်း ယုံကြည်ကြပါပြီ။ 9သူတို့အတွက် အကျွန်ုပ်တောင်းလျှောက်ပါ၏။ အကျွန်ုပ်ထံကိုယ်တော်ပေးအပ်တော်မူသောသူတို့သည် ကိုယ်တော်ပိုင်တော်မူသောသူများဖြစ်ကြသောကြောင့် ဤလောကအတွက်မဟုတ်ဘဲ သူတို့အတွက်တောင်းလျှောက်ပါ၏။ 10အကျွန်ုပ်ပိုင်သောအရာအားလုံးတို့ကို ကိုယ်တော်ပိုင်တော်မူပြီး ကိုယ်တော်ပိုင်သောအရာတို့ကိုလည်း အကျွန်ုပ်ပိုင်သည်ဖြစ်၍ အကျွန်ုပ်သည် ထိုအရာများအားဖြင့် ဘုန်းထင်ရှားခြင်းရှိပါပြီ။ 11အကျွန်ုပ်သည် ဤလောက၌ရှိတော့မည်မဟုတ်ပါ။ သူတို့မူကား ဤလောက၌ရှိကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့လာပါ၏။ သန့်ရှင်းတော်မူသောအဖ၊ သူတို့သည် အကျွန်ုပ်တို့နည်းတူ တစ်လုံးတစ်ဝတည်းဖြစ်ကြရန် အကျွန်ုပ်ထံပေးအပ်တော်မူသော ဤသူတို့ကို ကိုယ်တော်၏နာမတော်၌ စောင့်ရှောက်တော်မူပါ။ 12အကျွန်ုပ်သည် သူတို့နှင့်အတူရှိစဉ်တွင် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသော ကိုယ်တော်၏နာမတော်၌ သူတို့ကိုထိန်းသိမ်းစောင့်ရှောက်ခဲ့ပါ၏။ သူတို့တွင် ပျက်စီးခြင်း၏သားမှတစ်ပါး မည်သူမျှမပျက်စီးခဲ့ပါ။ ထိုသူပျက်စီးခဲ့ရခြင်းမှာ ကျမ်းစာပြည့်စုံစေရန်ဖြစ်၏။
13 ယခု ကိုယ်တော်ထံသို့ အကျွန်ုပ်လာပါ၏။ သူတို့သည် အကျွန်ုပ်၏ဝမ်းမြောက်ခြင်းကို မိမိတို့၌ အပြည့်အဝခံစားရမည့်အကြောင်း ဤလောက၌နေစဉ် ဤအရာများကို အကျွန်ုပ်ပြောပါ၏။ 14အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တရားကို သူတို့အားပေးအပ်ခဲ့ပါပြီ။ သို့ရာတွင် အကျွန်ုပ်သည် ဤလောကနှင့်မဆိုင်သကဲ့သို့ သူတို့သည်လည်း ဤလောကနှင့်မဆိုင်ကြသောကြောင့် လောကီသားတို့သည် သူတို့ကိုမုန်းကြပါ၏။ 15သူတို့ကို ဤလောကထဲမှ နုတ်ယူတော်မူရန်မဟုတ်ဘဲ မကောင်းသောအရာမှ ကာကွယ်စောင့်ရှောက်တော်မူရန် အကျွန်ုပ်တောင်းလျှောက်ပါ၏။ 16အကျွန်ုပ်သည် ဤလောကနှင့်မဆိုင်သကဲ့သို့ သူတို့သည်လည်း ဤလောကနှင့်မဆိုင်ကြပါ။ 17သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏။ 18ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကထဲသို့ စေလွှတ်တော်မူသကဲ့သို့ အကျွန်ုပ်သည် သူတို့ကို ဤလောကထဲသို့ စေလွှတ်ပါ၏။ 19သူတို့သည်လည်း သမ္မာတရားအားဖြင့် သန့်ရှင်းစေခြင်းခံရကြမည့်အကြောင်း အကျွန်ုပ်သည် သူတို့အတွက် မိမိကိုယ်ကိုသန့်ရှင်းစေပါ၏။
ယုံကြည်သူအပေါင်းတို့အတွက်ဆုတောင်းတော်မူခြင်း
20 သူတို့အတွက်သာမကဘဲ သူတို့ဟောပြောသောသတင်းစကားအားဖြင့် အကျွန်ုပ်ကိုယုံကြည်လာသောသူများအတွက်လည်း အကျွန်ုပ်တောင်းလျှောက်ပါ၏။ 21အို အဖ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည် ကိုယ်တော်၌ရှိသကဲ့သို့ ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်ကြလျက် သူတို့သည်လည်း အကျွန်ုပ်တို့၌ရှိကြမည့်အကြောင်း တောင်းလျှောက်ပါ၏။ ဤသည်ကား ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်း လောကီသားတို့ယုံကြည်ကြရန်အတွက်ဖြစ်၏။ 22အကျွန်ုပ်တို့သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ သူတို့သည်လည်း တစ်လုံးတစ်ဝတည်းဖြစ်ကြစေရန် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောဘုန်းအသရေတော်ကို သူတို့အားအကျွန်ုပ်ပေးပါပြီ။ 23အကျွန်ုပ်သည် သူတို့၌ရှိ၍ ကိုယ်တော်သည် အကျွန်ုပ်၌ရှိပါ၏။ ဤသည်ကား သူတို့ကို တစ်လုံးတစ်ဝတည်း၌ပြီးပြည့်စုံစေရန်ဖြစ်ပြီး ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ကိုယ်တော်ချစ်သကဲ့သို့ သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီသားတို့သိကြစေရန်ဖြစ်ပါ၏။
24 အို အဖ၊ ကမ္ဘာမတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကိုချစ်တော်မူ၍ အကျွန်ုပ်အားပေးတော်မူသောအကျွန်ုပ်၏ဘုန်းအသရေကို အကျွန်ုပ်ထံကိုယ်တော်ပေးအပ်တော်မူသောသူတို့သည် ရှုမြင်ရကြရန် သူတို့ကို အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။
25 ဖြောင့်မတ်တော်မူသောအဖ၊ ဤလောကသည် ကိုယ်တော်ကိုမသိသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကိုသိပါ၏။ ဤသူတို့သည်လည်း အကျွန်ုပ်ကို ကိုယ်တော်စေလွှတ်တော်မူကြောင်းသိကြပါပြီ။ 26အကျွန်ုပ်ကို ကိုယ်တော်ချစ်တော်မူသောချစ်ခြင်းမေတ္တာသည် သူတို့၌တည်ရှိ၍ အကျွန်ုပ်သည်လည်း သူတို့၌တည်ရှိရန် ကိုယ်တော်၏နာမတော်ကို သူတို့အား အကျွန်ုပ်သိစေပါပြီ။ ဆက်လက်၍လည်း သိစေပါဦးမည်”ဟု မြွက်ဆိုတော်မူ၏။
Currently Selected:
ရှင်ယောဟန်ခရစ်ဝင် 17: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative