YouVersion Logo
Search Icon

ယောဘဝတ္ထု 21

21
ယောဘက ဇောဖာကို တုံ့ပြန်သောစကား
1ထိုအခါ ယောဘ​က 2“​ငါ့​စကား​ကို သေချာ​နားထောင်​ကြ​လော့​။ သို့ပြုလျှင် ငါ့​အား နှစ်သိမ့်​ရာ​ရောက်​လိမ့်မည်​။ 3ငါ​ပြော​သည်​ကို သည်းခံ​ကြ​လော့​။ ငါ​ပြော​ပြီးမှ ငါ့​ကို ပြက်ရယ်ပြု​လို​က ပြု​ကြ​လော့​။ 4ငါ​သည် လူ​တို့​ကို ညည်းတွား​ပြ​နေ​သလော​။ အဘယ်ကြောင့် ငါ​စိတ်​မ​တို​သင့်​သနည်း​။ 5ငါ့​ကို​ကြည့်​၍ အံ့အားသင့်​လျက် လက်​နှင့်​ပါးစပ်​ကို ပိတ်​ထား​ကြ​လော့​။ 6ငါ​ပြန်​တွေးမိ​တိုင်း ထိတ်လန့်​ပြီး အသား​များ​လည်း တဆတ်ဆတ်တုန်​ပါ​၏​။ 7အဘယ်ကြောင့် ဆိုးယုတ်​သော​သူ​တို့​သည် အိုမင်း​သည်​အထိ အသက်ရှင်​၍ သြဇာ​အာဏာကြီး​နေ​ရ​သနည်း​။ 8သူ​တို့​သည် သားသမီး​များ​ဝိုင်းရံ​လျက် နေ​ကြ​ရ​၏​။ သူ​တို့​၏​သားမြေး​တို့​သည်​လည်း သူ​တို့​၏​မျက်စိ​အောက်​တွင်​ပင် နေ​ကြ​ရ​၏​။ 9သူ​တို့​၏​အိမ်​သည် ကြောက်စရာ​မ​ရှိ​။ ဘေးကင်းလုံခြုံ​လျက်​ရှိ​၏​။ ဘုရားသခင်​သည် သူ​တို့​ကို ဒဏ်ခတ်​တော်​မ​မူ​။ 10သူ​တို့​ပိုင်​သော​နွားထီး​များ​သည် မျိုးကောင်း​၍ မျိုးမအောင်​ခြင်း​မ​ရှိ​။ နွားမ​များ​သည်​လည်း သားပေါက်​၍ သားလျှော​ခြင်း​မ​ရှိ​။ 11သူ​တို့​၏​သားသမီး​များ​ကို သိုးအုပ်​ကဲ့သို့ လွှတ်လိုက်​၍ သူ​တို့​၏​ကလေးသူငယ်​များ​သည်​လည်း ကခုန်​ကြ​၏​။ 12သူ​တို့​သည် ပတ်သာ​၊ စောင်း​တို့​ကို​တီး​လျက် သီချင်းဆို​ကြ​၏​။ ပလွေသံ​များ​ဖြင့် ဝမ်းမြောက်ပျော်ရွှင်​လျက် နေ​ကြ​၏​။ 13သူ​တို့​သည် အသက်ရှင်​စဉ် စည်းစိမ်ချမ်းသာ​များ​ကို သုံးဖြုန်း​ကြ​၏​။ တစ်ခဏချင်း​တွင် မရဏာနိုင်ငံ​သို့ ရောက်သွား​တတ်​ကြ​၏​။ 14သူ​တို့​က ဘုရားသခင်​အား ‘ငါ​တို့​ထံမှ ထွက်သွား​လော့​။ ကိုယ်တော်​၏​တရားနည်းလမ်း​တို့​ကို ငါ​တို့​မ​သိ​လို​ပါ​။ 15အနန္တတန်ခိုးရှင်​သည် မည်သူ​ဖြစ်​၍ ငါ​တို့​ဝတ်ပြု​ရ​မည်နည်း​။ သူ့​ထံ​ဆုတောင်း​လျှင် မည်သည့်​အကျိုး​ကို​ရ​မည်နည်း​’​ဟု ဆို​တတ်​ကြ​၏​။ 16အကယ်စင်စစ် သူ​တို့​၏​စည်းစိမ်​သည် သူ​တို့​လက်​၌ပင်​မ​ရှိ​။ ဆိုးယုတ်​သော​သူ​တို့​၏​အကြံအစည်​မျိုး ငါ​၌​မ​ရှိ​။ 17လူဆိုး​တို့​၏​မီးခွက်​သည် ဘယ်နှကြိမ် ငြိမ်း​ဖူး​သနည်း​။ သူ​တို့​သည် ဘယ်နှကြိမ် ဒုက္ခ​ရောက်​ဖူး​သနည်း​။ ဘုရားသခင်​၏​အမျက်​တော်​ဒဏ်​ကို ဘယ်နှကြိမ် ခံရ​ဖူး​သနည်း​။ 18သူ​တို့​သည် လေနှင်​ရာ​လွင့်​သော​ကောက်ရိုး​ကဲ့သို့​လည်းကောင်း​၊ လေပွေ​တွင်​ပါသွား​သော​ဖွဲ​ကဲ့သို့​လည်းကောင်း ဖြစ်​ဖူး​သလော​။ 19သင်​တို့​က ‘​သူ​ပြု​ခဲ့​သော​အပြစ်​အတွက် သူ့​သားသမီး​အဖို့ ဘုရားသခင်​သည် သို​ထား​တော်မူ​၏​’​ဟု ဆို​ကြ​သော်လည်း သူ​တို့​သိ​သွား​အောင် ကိုယ်တော်​သည် သူ​တို့​ကို​သာ ပြန်​ပေးဆပ်​စေ​ပါစေ​။ 20သူ​ပျက်စီး​သွား​သည်​ကို သူ့​မျက်စိ​မြင်​ရ​ပါစေ​။ အနန္တတန်ခိုးရှင်​၏​အမျက်​တော်​ကို သူ​သောက်​ရ​ပါစေ​။ 21သူ​၏​လ​အပိုင်းအခြား​များ​ကုန်ဆုံး​သွား​သောအခါ သူ့​နောက်တွင်​ကျန်ခဲ့​မည့်​သားမြေး​တို့​ကို သူ​မည်သို့​ကြည့်ရှု​နိုင်​တော့​မည်နည်း​။ 22အာဏာရ​မင်း​တို့​ကို​ပင် စီရင်ပိုင်​သော​ဘုရားသခင်​ကို အသိပညာ​သင်ကြား​ပေး​နိုင်​သူ​ရှိ​မည်လော​။ 23လူ​တစ်​ယောက်​သည် အရိုး​များ​အားပြည့်​လျက်​၊ တစ်ကိုယ်လုံး​ကျန်းမာသန်စွမ်း​လျက်​၊ လုံခြုံ​အေးချမ်း​လျက်​၊ 24ကိုယ်ခန္ဓာ​ဆူဖြိုး​လျက်​၊ ရိုးတွင်းခြင်ဆီ အားကောင်း​လျက်​နှင့်ပင် သေ​တတ်​၏​။ 25အခြား​တစ်​ယောက်​မူကား ကောင်းစား​ခြင်း​ကို တစ်ခါမျှ​မ​ခံစား​ရ​ဘဲ စိတ်​ထဲ၌ ခါးသီး​စွာ​ခံစား​ရ​ပြီးမှ သေ​တတ်​၏​။ 26ထို​သူ​နှစ်ဦးလုံး​သည် မြေမှုန့်​ထဲ၌ အတူတူ​လဲလျောင်း​လျက် သူ​တို့​ကို လောက်ကောင်​များ ဖုံးလွှမ်း​ကြ​၏​။ 27ငါ့​ကို ဒုက္ခပေး​မည့် သင်​တို့​၏​အတွေး​များ​နှင့် သင်​တို့​၏​ကောက်ကျစ်​သော​အကြံအစည်​များ​ကို​လည်း ငါ​သိ​၏​။ 28အကြောင်းမူကား သင်​တို့​က ‘​မင်းအရာရှိ​အိမ်​ကား အဘယ်မှာ​နည်း​။ လူဆိုး​တို့​နေ​သော​တဲ​ကား အဘယ်မှာ​နည်း​’​ဟု မေး​တတ်​ကြ​၏​။ 29ခရီးသည်​တို့​ကို မ​မေး​ဖူး​သလော​။ သူ​တို့​၏​အမှတ်အသား​များ​ကို မ​မှတ်​ကြ​သလော​။ 30အကယ်စင်စစ် ဘေးဒုက္ခ​ရောက်​သော​နေ့​တွင် မကောင်းမှု​ပြု​သော​သူ​သည် လွတ်မြောက်​ရ​တတ်​၏​။ အမျက်​တော်​နေ့​တွင် ကယ်တင်​ခံရ​တတ်​၏​။ 31မည်သူ​သည် သူ့​အပြုအမူ​ကို သူ့​ရှေ့​တွင် ဖော်ပြ​သနည်း​။ မည်သူ​သည် သူ​ပြု​ခဲ့​သော​အမှု​အတွက် ပြန်​ပေးဆပ်​စေ​သနည်း​။ 32သူ့​ကို သင်္ချိုင်းတွင်း​သို့ အရောက်ပို့​ပြီး သူ့​အုတ်ဂူ​ကို စောင့်ကြပ်​ထား​လိမ့်မည်​။ 33ချိုင့်ဝှမ်း​ရှိ​မြေခဲရွှံ့ခဲ​တို့​သည် သူ့​အဖို့ ချိုမြိန်​လိမ့်မည်​။ လူ​အပေါင်း​တို့​သည် သူ့​နောက်သို့ လိုက်​ကြ​လိမ့်မည်​။ သူ့​ရှေ့​၌​သွား​နှင့်​သော​သူ​တို့​သည်​လည်း မ​ရေ​မ​တွက်​နိုင်​အောင် များပြား​၏​။ 34သို့ဖြစ်၍ သင်​တို့​သည် အဓိပ္ပာယ်မရှိ​သော​စကား​များ​ဖြင့် ငါ့​ကို မည်သို့​နှစ်သိမ့်​ပေး​နိုင်​မည်နည်း​။ သင်​တို့​ပြော​သော​စကား​တို့​သည် မုသား​အဖြစ်​သာ ကျန်ခဲ့​သည်​”​ဟု ဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in