ယောဘဝတ္ထု 21
21
ယောဘက ဇောဖာကို တုံ့ပြန်သောစကား
1ထိုအခါ ယောဘက 2“ငါ့စကားကို သေချာနားထောင်ကြလော့။ သို့ပြုလျှင် ငါ့အား နှစ်သိမ့်ရာရောက်လိမ့်မည်။ 3ငါပြောသည်ကို သည်းခံကြလော့။ ငါပြောပြီးမှ ငါ့ကို ပြက်ရယ်ပြုလိုက ပြုကြလော့။ 4ငါသည် လူတို့ကို ညည်းတွားပြနေသလော။ အဘယ်ကြောင့် ငါစိတ်မတိုသင့်သနည်း။ 5ငါ့ကိုကြည့်၍ အံ့အားသင့်လျက် လက်နှင့်ပါးစပ်ကို ပိတ်ထားကြလော့။ 6ငါပြန်တွေးမိတိုင်း ထိတ်လန့်ပြီး အသားများလည်း တဆတ်ဆတ်တုန်ပါ၏။ 7အဘယ်ကြောင့် ဆိုးယုတ်သောသူတို့သည် အိုမင်းသည်အထိ အသက်ရှင်၍ သြဇာအာဏာကြီးနေရသနည်း။ 8သူတို့သည် သားသမီးများဝိုင်းရံလျက် နေကြရ၏။ သူတို့၏သားမြေးတို့သည်လည်း သူတို့၏မျက်စိအောက်တွင်ပင် နေကြရ၏။ 9သူတို့၏အိမ်သည် ကြောက်စရာမရှိ။ ဘေးကင်းလုံခြုံလျက်ရှိ၏။ ဘုရားသခင်သည် သူတို့ကို ဒဏ်ခတ်တော်မမူ။ 10သူတို့ပိုင်သောနွားထီးများသည် မျိုးကောင်း၍ မျိုးမအောင်ခြင်းမရှိ။ နွားမများသည်လည်း သားပေါက်၍ သားလျှောခြင်းမရှိ။ 11သူတို့၏သားသမီးများကို သိုးအုပ်ကဲ့သို့ လွှတ်လိုက်၍ သူတို့၏ကလေးသူငယ်များသည်လည်း ကခုန်ကြ၏။ 12သူတို့သည် ပတ်သာ၊ စောင်းတို့ကိုတီးလျက် သီချင်းဆိုကြ၏။ ပလွေသံများဖြင့် ဝမ်းမြောက်ပျော်ရွှင်လျက် နေကြ၏။ 13သူတို့သည် အသက်ရှင်စဉ် စည်းစိမ်ချမ်းသာများကို သုံးဖြုန်းကြ၏။ တစ်ခဏချင်းတွင် မရဏာနိုင်ငံသို့ ရောက်သွားတတ်ကြ၏။ 14သူတို့က ဘုရားသခင်အား ‘ငါတို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏တရားနည်းလမ်းတို့ကို ငါတို့မသိလိုပါ။ 15အနန္တတန်ခိုးရှင်သည် မည်သူဖြစ်၍ ငါတို့ဝတ်ပြုရမည်နည်း။ သူ့ထံဆုတောင်းလျှင် မည်သည့်အကျိုးကိုရမည်နည်း’ဟု ဆိုတတ်ကြ၏။ 16အကယ်စင်စစ် သူတို့၏စည်းစိမ်သည် သူတို့လက်၌ပင်မရှိ။ ဆိုးယုတ်သောသူတို့၏အကြံအစည်မျိုး ငါ၌မရှိ။ 17လူဆိုးတို့၏မီးခွက်သည် ဘယ်နှကြိမ် ငြိမ်းဖူးသနည်း။ သူတို့သည် ဘယ်နှကြိမ် ဒုက္ခရောက်ဖူးသနည်း။ ဘုရားသခင်၏အမျက်တော်ဒဏ်ကို ဘယ်နှကြိမ် ခံရဖူးသနည်း။ 18သူတို့သည် လေနှင်ရာလွင့်သောကောက်ရိုးကဲ့သို့လည်းကောင်း၊ လေပွေတွင်ပါသွားသောဖွဲကဲ့သို့လည်းကောင်း ဖြစ်ဖူးသလော။ 19သင်တို့က ‘သူပြုခဲ့သောအပြစ်အတွက် သူ့သားသမီးအဖို့ ဘုရားသခင်သည် သိုထားတော်မူ၏’ဟု ဆိုကြသော်လည်း သူတို့သိသွားအောင် ကိုယ်တော်သည် သူတို့ကိုသာ ပြန်ပေးဆပ်စေပါစေ။ 20သူပျက်စီးသွားသည်ကို သူ့မျက်စိမြင်ရပါစေ။ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သူသောက်ရပါစေ။ 21သူ၏လအပိုင်းအခြားများကုန်ဆုံးသွားသောအခါ သူ့နောက်တွင်ကျန်ခဲ့မည့်သားမြေးတို့ကို သူမည်သို့ကြည့်ရှုနိုင်တော့မည်နည်း။ 22အာဏာရမင်းတို့ကိုပင် စီရင်ပိုင်သောဘုရားသခင်ကို အသိပညာသင်ကြားပေးနိုင်သူရှိမည်လော။ 23လူတစ်ယောက်သည် အရိုးများအားပြည့်လျက်၊ တစ်ကိုယ်လုံးကျန်းမာသန်စွမ်းလျက်၊ လုံခြုံအေးချမ်းလျက်၊ 24ကိုယ်ခန္ဓာဆူဖြိုးလျက်၊ ရိုးတွင်းခြင်ဆီ အားကောင်းလျက်နှင့်ပင် သေတတ်၏။ 25အခြားတစ်ယောက်မူကား ကောင်းစားခြင်းကို တစ်ခါမျှမခံစားရဘဲ စိတ်ထဲ၌ ခါးသီးစွာခံစားရပြီးမှ သေတတ်၏။ 26ထိုသူနှစ်ဦးလုံးသည် မြေမှုန့်ထဲ၌ အတူတူလဲလျောင်းလျက် သူတို့ကို လောက်ကောင်များ ဖုံးလွှမ်းကြ၏။ 27ငါ့ကို ဒုက္ခပေးမည့် သင်တို့၏အတွေးများနှင့် သင်တို့၏ကောက်ကျစ်သောအကြံအစည်များကိုလည်း ငါသိ၏။ 28အကြောင်းမူကား သင်တို့က ‘မင်းအရာရှိအိမ်ကား အဘယ်မှာနည်း။ လူဆိုးတို့နေသောတဲကား အဘယ်မှာနည်း’ဟု မေးတတ်ကြ၏။ 29ခရီးသည်တို့ကို မမေးဖူးသလော။ သူတို့၏အမှတ်အသားများကို မမှတ်ကြသလော။ 30အကယ်စင်စစ် ဘေးဒုက္ခရောက်သောနေ့တွင် မကောင်းမှုပြုသောသူသည် လွတ်မြောက်ရတတ်၏။ အမျက်တော်နေ့တွင် ကယ်တင်ခံရတတ်၏။ 31မည်သူသည် သူ့အပြုအမူကို သူ့ရှေ့တွင် ဖော်ပြသနည်း။ မည်သူသည် သူပြုခဲ့သောအမှုအတွက် ပြန်ပေးဆပ်စေသနည်း။ 32သူ့ကို သင်္ချိုင်းတွင်းသို့ အရောက်ပို့ပြီး သူ့အုတ်ဂူကို စောင့်ကြပ်ထားလိမ့်မည်။ 33ချိုင့်ဝှမ်းရှိမြေခဲရွှံ့ခဲတို့သည် သူ့အဖို့ ချိုမြိန်လိမ့်မည်။ လူအပေါင်းတို့သည် သူ့နောက်သို့ လိုက်ကြလိမ့်မည်။ သူ့ရှေ့၌သွားနှင့်သောသူတို့သည်လည်း မရေမတွက်နိုင်အောင် များပြား၏။ 34သို့ဖြစ်၍ သင်တို့သည် အဓိပ္ပာယ်မရှိသောစကားများဖြင့် ငါ့ကို မည်သို့နှစ်သိမ့်ပေးနိုင်မည်နည်း။ သင်တို့ပြောသောစကားတို့သည် မုသားအဖြစ်သာ ကျန်ခဲ့သည်”ဟု ဆိုလေ၏။
Currently Selected:
ယောဘဝတ္ထု 21: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative