ယောဘဝတ္ထု 29
29
နောက်ဆုံး ယောဘက မိမိအပြစ်ကင်းကြောင်းအခိုင်အမာပြောဆိုခြင်း
1ထိုအခါ ယောဘက ဆက်၍ 2“ကုန်ဆုံးသွားသောလများကဲ့သို့၊ ငါ့ကို ဘုရားသခင် စောင့်ရှောက်တော်မူသောနေ့ရက်များကဲ့သို့ ပြန်ဖြစ်ချင်မိပါ၏။ 3ထိုစဉ်က ကိုယ်တော်၏မီးခွက်သည် ငါ့ဦးခေါင်းထက်တွင် မီးခွက်သဖွယ် ထွန်းလင်းတော်မူသဖြင့် ထိုအလင်းဖြင့် မှောင်မိုက်ထဲတွင် ငါသွားလာရ၏။ 4ငါအရွယ်ကောင်းစဉ်က ဘုရားသခင်သည် ငါ့တဲနှင့် ရင်းနှီးကျွမ်းဝင်ခဲ့၏။ 5ငါနှင့်အတူ အနန္တတန်ခိုးရှင်ရှိခဲ့၏။ ငါနှင့်အတူ ငါ့သားသမီးတို့ ရှိခဲ့၏။ 6ငါလျှောက်သောလမ်းတွင် နို့ရည်စီး၏။ ငါ့အဖို့ ကျောက်ဆောင်မှလည်း ဆီများ ချောင်းသဖွယ်စီးဆင်း၏။ 7လူစည်ကားရာမြို့တံခါးသို့သွားလျှင်လည်း ထိုင်စရာနေရာအသင့်ရှိ၏။ 8လူငယ်တို့သည်လည်း ငါ့ကိုမြင်လျှင် ရှောင်ပေးကြ၏။ အသက်ကြီးသူတို့သည်လည်း ထ၍ရပ်ပေးကြ၏။ 9အကြီးအကဲများပင် စကားပြောရာမှရပ်၍ နှုတ်ကို လက်နှင့်ပိတ်ထားကြ၏။ 10အုပ်ချုပ်သူမင်းများလည်း အသံတိတ်သွားကြပြီး သူတို့၏လျှာသည် အာခေါင်တွင်ကပ်၍နေ၏။ 11ငါ့အကြောင်းကိုကြားသောအခါ ငါ့ကိုမင်္ဂလာရှိသူဟု ခေါ်ဆိုကြ၏။ ငါ့ကိုမြင်လျှင် ငါ့ကိုချီးကျူးကြ၏။ 12ငါသည် အကူအညီအော်ဟစ်တောင်းခံသောဆင်းရဲသားနှင့် အကူအညီမဲ့သောဖတဆိုးတို့ကို ကယ်မပေးခဲ့၏။ 13ဘဝပျက်လုသူများကပင် ငါ့ကို လာ၍ချီးကျူးကြ၏။ ငါသည် မုဆိုးမတို့၏စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေခဲ့၏။ 14ငါသည် ဖြောင့်မတ်ခြင်းကို လွှမ်းခြုံဝတ်ဆင်ထား၏။ တရားမျှတခြင်းသည် ငါ့ဝတ်လုံ၊ ငါ့ခေါင်းပေါင်းကဲ့သို့ ဖြစ်ခဲ့၏။ 15ငါသည် မျက်မမြင်သူအဖို့ မျက်စိ၊ ခြေမသန်သူအဖို့ ခြေဖြစ်ခဲ့၏။ 16နွမ်းပါးသူတို့အဖို့ ဖခင်၊ သူစိမ်းတို့၏အမှုကိစ္စကို ကူညီဖြေရှင်းပေးခဲ့သူဖြစ်၏။ 17ဒုစရိုက်ပြုသောသူတို့၏အစွယ်ကို ချိုးပြီး သူ့သွားမှ သားကောင်ကို ကယ်နုတ်ပေးခဲ့၏။ 18‘ငါ့အသိုက်အမြုံတွင် ငါသေရလိမ့်မည်။ ငါအသက်ရှင်ရသောနေ့တို့သည် သဲပွင့်နှင့်အမျှ များဦးမည်။ 19ငါ့အမြစ်သည် ရေရှိရာအထိ ဖြာထွက်ပြီး ငါ့အခက်အလက်တို့သည်လည်း နှင်းစက်များဖြင့် တစ်ညလုံးစိုနေလိမ့်မည်။ 20ငါ့ဂုဏ်သရေသည် အစဉ်ပွင့်လန်းလိမ့်မည်။ ငါ့လေးသည်လည်း ငါ့လက်၌သစ်လွင်နေလိမ့်မည်’ဟု ငါထင်မှတ်ခဲ့၏။ 21လူတို့သည် ငါပြောမည့်စကားကို နားစွင့်ပြီး မျှော်တတ်ကြ၏။ ငါအကြံပေးမည်ကို တိတ်ဆိတ်စွာစောင့်နေကြ၏။ 22ငါစကားပြောပြီးလျှင် မည်သူမျှစောဒကမတက်ကြ။ ငါ့စကားသည် သူတို့အပေါ် နှင်းစက်ကဲ့သို့ကျ၏။ 23သူတို့သည် မိုးကိုမျှော်သကဲ့သို့ ငါ့ကို မျှော်တတ်ကြ၏။ သူတို့၏ပါးစပ်ကို ကျယ်ကျယ်ဖွင့်ထား၍ မိုးနှောင်းကို မျှော်သကဲ့သို့ ငါ့ကို မျှော်တတ်ကြ၏။ 24ငါပြုံးပြသောအခါ သူတို့ မယုံနိုင်အောင်ဖြစ်ကြ၏။ ကြည်လင်ဝင်းပနေသောငါ့မျက်နှာကို မညှိုးနွမ်းစေကြ။ 25ငါသည် ခေါင်းဆောင်နေရာတွင်နေ၍ သူတို့ကို လမ်းညွှန်ပြသပေးခဲ့၏။ စစ်သည်တို့ခြံရံထားသောရှင်ဘုရင်ကဲ့သို့လည်းကောင်း၊ ငိုကြွေးမြည်တမ်းသူကို နှစ်သိမ့်ပေးသူကဲ့သို့လည်းကောင်း ဖြစ်ခဲ့၏။
Currently Selected:
ယောဘဝတ္ထု 29: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative