YouVersion Logo
Search Icon

ယောဘဝတ္ထု 31

31
1ငါ့​မျက်စိ​နှင့် ကတိ​ပြု​ထား​ပြီ​ဖြစ်၍ မိန်းမပျို​ကို အဘယ်သို့​ကြည့်​နိုင်​မည်နည်း​။ 2အထက်​အရပ်​ရှိ​ဘုရားသခင်​ထံမှ မည်သည့်​ဝေစု​ကို ရ​မည်နည်း​။ မြင့်ရာအရပ်​ရှိ​အနန္တတန်ခိုးရှင်​ထံမှ မည်သည့်​အမွေ​ကို ရ​မည်နည်း​။ 3ဘေးဒုက္ခ​သည် ဒုစရိုက်ပြု​သော​သူ​တို့​အဖို့​၊ ကပ်ဘေး​သည် အပြစ်​ကျူးလွန်​သော​သူ​တို့​အဖို့ မ​ဟုတ်​လော​။ 4ကိုယ်တော်​သည် ငါ​လျှောက်​သော​လမ်း​ကို မြင်​တော်မူ​သည်​ဖြစ်၍ ငါ​၏​ခြေလှမ်း​တိုင်း​ကို ရေတွက်​တော်မူ​သည်​မ​ဟုတ်​လော​။ 5အကယ်၍ ငါ​သည် လမ်းမှား​ကို လိုက်လျှောက်​၍ ငါ့​ခြေ​သည် လိမ်လည်လှည့်ဖြား​ခြင်း​နောက်​သို့ ပြေးလိုက်​ခဲ့​မိ​လျှင် 6ဖြောင့်မတ်​ခြင်း​ချိန်ခွင်​ဖြင့် ချိန်စက်​ကြည့်​ပါစေ​။ ငါ​ဖြောင့်မတ်တည်ကြည်​ကြောင်း​ကို ဘုရားသခင် သိ​တော်မူ​လိမ့်မည်​။ 7ငါ​သည် သွား​နေ​သော​လမ်း​မှ ခြေလှမ်း​လွဲ​ခဲ့​လျှင်​၊ ငါ့​စိတ်နှလုံး​သည် မျက်စိ​အလို​နောက်သို့ လိုက်​ခဲ့​လျှင်​၊ ငါ့​လက်​သည် အညစ်အကြေး​စွန်းထင်း​ခဲ့​လျှင် 8ငါ​ကြဲ​သော​မျိုးစေ့​ကို အခြား​သူ​စား​ပါစေ​။ ငါ့​ကောက်ပဲသီးနှံ​များ​သည်​လည်း နုတ်ပစ်​ခြင်း​ခံရ​ပါစေ​။ 9ငါ​သည် မိန်းမ​၏​သွေးဆောင်​ရာ​သို့ စိတ်ပါ​သွား​ပြီး အိမ်နီးချင်း​တံခါးဝ​တွင် ချောင်းမြောင်း​မိ​လျှင် 10ငါ့​မိန်းမ​သည် အခြား​သူ​၏​မိန်းမ​အတွက် ကြိတ်ဆုံကြိတ်​ရ​ပါစေ​။ အခြား​သူ​တို့​သည် သူ့​ကို ရှုတ်ချ​ကြ​ပါစေ​။ 11အကြောင်းမူကား ဤသို့​ပြု​ခြင်း​သည် ညစ်ညမ်းသောအမှု​၊ အပြစ်ဒဏ်​ခံထိုက်​သော​အမှု​ဖြစ်​၏​။ 12ပျက်စီး​ခြင်း​နိုင်ငံ​တိုင်အောင် လောင်ကျွမ်း​သော​မီး​၊ ငါ​၏​ကောက်ပဲသီးနှံပင်​အားလုံး​ကို အမြစ်ပါမကျန် လောင်ကျွမ်း​သော​မီး​ဖြစ်​၏​။ 13ငါ့​ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​သည် ငါ့​အပေါ်​မကျေမနပ်​ဖြစ်​သောအခါ ငါ​သည် တရားမျှတ​စွာ​မစီရင်​ပေး​သဖြင့် 14ဘုရားသခင်​ထ​တော်မူ​လျှင် ငါ​မည်သို့​ပြု​ရ​မည်နည်း​။ စစ်ဆေး​တော်မူ​လျှင် ငါ​မည်သို့​လျှောက်​ရ​မည်နည်း​။ 15ငါ့​ကို အမိ​ဝမ်း​ထဲ၌ ဖန်ဆင်း​တော်မူ​သော​အရှင်​သည် သူ​တို့​ကို​လည်း ဖန်ဆင်း​တော်မူ​သည်​မ​ဟုတ်​လော​။ ငါ​တို့​ကို အမိ​ဝမ်း​ထဲ၌ ဖန်ဆင်း​တော်မူ​သော​အရှင်​သည် တစ်ပါးတည်း​ဖြစ်​တော်မူ​သည်​မ​ဟုတ်​လော​။ 16ငါ​သည် ဆင်းရဲသား​တို့ တောင်းဆို​သည်​ကို မဖြည့်ဆည်း​ပေး​ဘဲ မုဆိုးမ​မျက်နှာ​ကို​လည်း ညှိုးငယ်​စေ​ခဲ့​ဖူး​သလော​။ 17မိဘမဲ့​အား မ​ကျွေး​ဘဲ ကိုယ့်​မုန့်​ကို ကိုယ်​တစ်ယောက်တည်း​စား​ခဲ့​ဖူး​သလော​။ 18ငါ​သည် ငယ်စဉ်​ကပင် မိဘမဲ့​ကို ဖခင်​သဖွယ် ကျွေးမွေးစောင့်ရှောက်​ခဲ့​၏​။ အမိ​ဝမ်းတွင်း​မှ​ထွက်လာ​ကတည်းက မုဆိုးမ​ကို မစ​ခဲ့​၏​။ 19ဝတ်စရာ​မ​ရှိ​၊ ခြုံစရာ​မ​ရှိ​သဖြင့် ဘဝပျက်​နေ​ရ​သည့်​နွမ်းပါး​သူ​တစ်စုံတစ်ဦး​ကို မြင်​ရ​သောအခါ 20ငါ့​သိုးမွေးထည်​ဖြင့် သူ့​ကို နွေး​အောင်​မ​လုပ်ပေး​ခဲ့​၍ သူ​၏​ကိုယ်#31:20 တိုက်ရိုက်ပြန်ဆိုလျှင် “သူ၏ခါး”။​သည်​လည်း ငါ့​ကို ကျေးဇူး​မ​တင်​ခဲ့​လျှင်​၊ 21မြို့​တံခါး​တွင် ငါ့​ကို​ကူညီ​မည့်​သူ​ကို​တွေ့​သောကြောင့် မိဘမဲ့​တို့​ကို ငါ​လက်ရွယ်​ခဲ့​မိ​လျှင် 22ငါ့​လက်မောင်း​သည် ပခုံး​မှ ပြုတ်ထွက်​ပါစေ​။ လက်မောင်း​အဆစ် ကျိုး​ပါစေ​။ 23ဘုရားသခင်​ထံမှ​လာ​မည့်​ဘေးဒုက္ခ​ကို ငါ​ကြောက်​၏​။ ဘုန်း​တော်​ကြောင့် မည်သည့်​အမှု​ကို​မျှ ငါ​မ​ပြု​ဝံ့​ပါ​။ 24ငါ​သည် ရွှေ​ကို​အားကိုး​၍ ရွှေစင်​ကို ကိုးစား​ခဲ့​မိ​လျှင်​၊ 25ငါ​၌ ဥစ္စာပစ္စည်း​များစွာ​ရှိ​၍ ငါ့​လက်ဝယ်ငွေ​အမြောက်အမြား​ရှိ​သောကြောင့် ငါ​ဝမ်းမြောက်​မိ​ခဲ့​လျှင်​၊ 26ငါ​သည် တောက်ပ​သော​နေမင်း​နှင့် ကျက်သရေရှိရှိ ရွေ့​နေ​သော​လ​ကို ကြည့်​ပြီး 27ငါ့​စိတ်​သည် တိတ်တဆိတ်​သွေးဆောင်​ခံရ​၍ လက်အုပ်ချီ​ရှိခိုး#31:27 တိုက်ရိုက်ပြန်ဆိုလျှင် “ငါ့နှုတ်သည် ငါ့လက်ကိုနမ်း”။​မိ​လျှင် 28ဤသို့​ပြု​ခြင်း​သည်​လည်း အထက်​အရပ်​ရှိ​ဘုရားသခင်​ကို ငြင်းဆန်​ရာ​ရောက်​သဖြင့် ဒဏ်ခံထိုက်​သော​အပြစ် ဖြစ်​၏​။ 29ငါ့​ကို​မုန်း​သော​သူ​တို့ ဘဝပျက်​သောအခါ ငါ​ဝမ်းမြောက်​၍ ဒုက္ခ​ရောက်​သောအခါ ငါ​ကခုန်​ခဲ့​ဖူး​သလော​။ 30သူတစ်ပါး​အသက်ဘေး​ရောက်​အောင် ကျိန်ဆဲ​ခြင်း​ဖြင့် ငါ့​နှုတ်​ကို​အပြစ်ပြု​ခွင့် မ​ပေး​ခဲ့​ပါ​။ 31ငါ့​တဲ​၌​နေ​သော​သူ​တို့​က ‘​သူ​ကျွေး​သော​အသား​ကို ဝလင်​စွာ​မ​စား​ရ​သော​သူ ရှိ​သလော’​ဟု ဆို​လေ့​ရှိ​သည်​မ​ဟုတ်​လော​။ 32ခရီးသွားဧည့်သည်​တို့ လမ်း​ပေါ်တွင် မ​အိပ်​ရ​အောင် ခရီးသည်​အဖို့ ငါ့​အိမ်​တံခါး​ကို ဖွင့်​ထား​လျက်​ရှိ​၏​။ 33ငါ​သည် အခြား​သော​သူ​တို့​ပြု​တတ်​သကဲ့သို့ ကိုယ့်​အပြစ်​ကို ဖုံးကွယ်​ဖူး​သလော​။ ကိုယ့်​ဒုစရိုက်​ကို စိတ်​ထဲ၌​ဝှက်​ထား​ဖူး​သလော​။ 34ငါ​သည် လူအုပ်​ကြီး​ကို ကြောက်​၍ ဆွေမျိုးသားချင်း​တို့ ကဲ့ရဲ့​မည်​ကို စိုးရိမ်​သဖြင့် တံခါး​အပြင်​သို့​မ​ထွက်​ဘဲ တိတ်ဆိတ်​စွာ​နေ​ဖူး​သလော​။ 35ငါ​ပြော​သော​စကား​များ​ကို မည်သူ​နားထောင်​ပေး​မည်နည်း​။ ကြည့်​ကြ​ပါ​။ ငါ​လက်မှတ်​ထိုး​ပြီ​ဖြစ်၍ အနန္တတန်ခိုးရှင်​သည် ငါ့​စကား​ကို​နားညောင်း​တော်မူ​ပါစေသော​။ ငါ့​ကို​စွဲချက်တင်​သော​သူ​သည် စွဲချက်​ကို ရေးမှတ်​ပါစေသော​။ 36သို့ပြုလျှင် ထို​စွဲချက်​ကို ငါ့​ပခုံး​ထက်​တွင် တင်​ထား​မည်​။ သရဖူ​ကဲ့သို့ ဆောင်း​ထား​မည်​။ 37ငါ​လျှောက်​သည့်​လမ်း​ကို#31:37 တိုက်ရိုက်ပြန်ဆိုလျှင် “ငါ့ခြေလှမ်းအရေအတွက်ကို”။ ကိုယ်တော့်​အား လျှောက်တင်​မည်​။ အုပ်ချုပ်သူမင်း​တစ်​ပါး​ကဲ့သို့ ကိုယ်တော့်​ထံ ချဉ်းကပ်​မည်​။ 38ငါ့​မြေကွက်​သည် ငါ့​ကို ဆန့်ကျင်​လျက်​အော်ဟစ်​၍ ထွန်ကြောင်း​များ တစ်ပြိုင်တည်း​ငိုကြွေး​ကြ​လျှင်​လည်းကောင်း​၊ 39ငါ​သည် မြေ​အသီးအနှံ​ကို အဖိုးအခ​မ​ပေး​ဘဲ စားသုံး​၍ မြေရှင်​၏​အသက်​ကို ဆုံးရှုံး​စေ​ခဲ့​လျှင်​လည်းကောင်း 40ဂျုံပင်​အစား ဆူးပင်​ပေါက်​ပါစေ​။ မုယောပင်​အစား ပေါင်းပင်​ပေါက်​ပါစေ​”​ဟု မြွက်ဆို​လေ​၏​။ ယောဘ​ပြောဆို​သော​စကား ပြီးဆုံး​ပါ​ပြီ​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယောဘဝတ္ထု 31