YouVersion Logo
Search Icon

ယောဘဝတ္ထု 42

42
ထာဝရဘုရားအား ယောဘ၏ပြန်ကြားမှု
1ထိုအခါ ယောဘ​က ထာဝရဘုရား​အား 2“​ကိုယ်တော်​သည် အရာခပ်သိမ်း​ကို​တတ်နိုင်​တော်မူ​၍ ကိုယ်တော်​၏​အကြံအစည်​ကို မည်သူ​မျှ မ​ဆီးတား​နိုင်​ကြောင်း​ကို အကျွန်ုပ်​သိ​ပါ​၏​။
3‘​အသိဉာဏ်​မ​ရှိ​ဘဲ အကြံအစည်​တော်​ကို မျက်ကွယ်​ပြု​သူ​ကား မည်သူ​နည်း’​ဟု ကိုယ်တော်​မေး​တော်မူ​ပါ​၏​။ မှန်​ပါ​၏​။ အကျွန်ုပ်​နား​မ​လည်​သော​အရာ​၊ အကျွန်ုပ်​အတွက် အံ့မခန်း​ဖြစ်​သော​အရာ​၊ အကျွန်ုပ်​မ​သိ​နိုင်​သော​အရာ​များ​ကို ပြောဆို​မိ​ပါ​ပြီ​။ 4ယခု အကျွန်ုပ်​လျှောက်ဆို​သည်​ကို နားညောင်း​တော်မူ​ပါ​။ အကျွန်ုပ်​မေးလျှောက်​သည်​များ​ကို ဖြေကြား​တော်မူ​ပါ​။ 5ကိုယ်တော့်​အကြောင်း​ကို နား​ဖြင့်​သာ​ကြား​ဖူး​ခဲ့​သော်လည်း ယခုမှာ အကျွန်ုပ်​သည် ကိုယ်တော့်​ကို မျက်မြင်ကိုယ်တွေ့​ဖူးမြင်​ရ​ပါ​ပြီ​။ 6ထို့ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာ​မိ​ပါ​၏​။ နောင်တရ​လျက် မြေမှုန့်​ထဲ​၊ ပြာပုံ​ထဲမှာ ထိုင်​နေ​ရ​ပါ​၏”​ဟု လျှောက်​လေ​၏​။
7ဤသို့ ထာဝရဘုရား​သည် ယောဘ​နှင့်​စကား​ပြောဆို​ပြီးမှ ထာဝရဘုရား​က တေမန်​အမျိုးသား ဧလိဖတ်​အား “သင်​နှင့်​သင့်​မိတ်ဆွေ​နှစ်​ဦး​တို့​သည် ငါ့​အစေအပါး​ယောဘ​ကဲ့သို့ ငါ့​အကြောင်း​ကို မှန်မှန်ကန်ကန်​မ​ပြော​သောကြောင့် သင်​တို့​ကို ငါ​အမျက်ထွက်​၏​။ 8ထို့ကြောင့် နွားထီး​ခုနစ်​ကောင်​၊ သိုးထီး​ခုနစ်​ကောင်​ကို​ယူ​၍ ငါ့​အစေအပါး​ယောဘ​ဆီ​သွား​ပြီး မီးရှို့ရာယဇ်​ကို ပူဇော်​ကြ​လော့​။ ငါ့​အစေအပါး​ယောဘ​သည် သင်​တို့​အဖို့ ဆုတောင်း​ပေး​လိမ့်မည်​။ သင်​တို့​သည် ငါ့​အကြောင်း​ကို ယောဘ​ကဲ့သို့ မှန်မှန်ကန်ကန်​မ​ပြော​သောကြောင့် သင်​တို့​မိုက်မဲ​ခဲ့​သည့်​အတိုင်း သင်​တို့​ကို​မ​စီရင်​မည့်​အကြောင်း သူ​ဆုတောင်း​ပေး​လျှင် သူ့​မျက်နှာ​ကို​ထောက်​ပြီး ငါ​လက်ခံ​မည်​”​ဟု မိန့်​တော်မူ​၏​။ 9ထိုအခါ တေမန်​အမျိုးသား ဧလိဖတ်​၊ ရှုအာ​အမျိုးသား ဗိလဒဒ်​၊ နေမတ်​အမျိုးသား​ဇောဖာ​တို့​သည် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သွား​၍​ပြု​ကြ​၏​။ ထာဝရဘုရား​သည်​လည်း ယောဘ​၏​မျက်နှာ​ကို​ထောက်​၍ လက်ခံ​တော်မူ​၏​။
ယောဘကို ဘုရားသခင် ပြန်လည်ပို့ဆောင်ခြင်း
10မိတ်ဆွေ​များ​အတွက် ယောဘ​ဆုတောင်း​ပေး​ပြီး​နောက်တွင် ထာဝရဘုရား​သည် ယောဘ​ဆုံးရှုံး​ခဲ့​ရ​သော​ဥစ္စာ​တို့​ကို ပြန်ပေး​တော်မူ​၏​။ ထာဝရဘုရား​သည် ယောဘ​အား သူ​ပိုင်ဆိုင်​ခဲ့​သမျှ​၏​နှစ်ဆ​ကို ပြန်ပေး​တော်မူ​၏​။ 11ထိုအခါ ယောဘ​၏​ညီအစ်ကို​မောင်နှမ​အပေါင်း​တို့​နှင့် ယခင်က သိကျွမ်း​ခဲ့​သူ​အပေါင်း​တို့​သည် သူ့​ထံသို့​ရောက်လာ​၍ သူ့​အိမ်​၌ အတူ​စားသောက်​ကြ​၏​။ သူ့​အား ထာဝရဘုရား ကြုံတွေ့​စေ​သော​ဆင်းရဲဒုက္ခ​အပေါင်း​တို့​အတွက် သူ့​ကို အားပေး​နှစ်သိမ့်​ကြ​၏​။ သူ့​အား ငွေစ​တစ်​စ​နှင့် ရွှေ​လက်စွပ်​တစ်​ကွင်း​စီ​လည်း ပေး​ကြ​၏​။
12ယောဘ​၏​ဘဝ​အစပိုင်း​ထက် နောက်ပိုင်း​ကို ထာဝရဘုရား ပို၍​ကောင်းချီးပေး​တော်မူ​သဖြင့် သူ​၌ သိုး တစ်သောင်းလေးထောင်​၊ ကုလားအုတ် ခြောက်​ထောင်​၊ နွား​အရှဉ်း တစ်ထောင်​၊ မြည်းမ တစ်ထောင် ရှိ​လေ​၏​။ 13သူ​သည် သား ခုနစ်​ယောက်​၊ သမီး သုံး​ယောက်​ကို​လည်း ရ​ပြန်​၏​။ 14အကြီးဆုံး​သမီး​ကို ယေမိမ​၊ ဒုတိယ​သမီး​ကို ကေဇိ​၊ တတိယ​သမီး​ကို ကေရင်္ဟပ္ပုတ်​ဟု အမည်​မှည့်ခေါ်​၏​။ 15တစ်ပြည်လုံး​တွင် ယောဘ​၏​သမီး​များ​ကဲ့သို့ အဆင်းလှ​သော​မိန်းမ​မျိုး တစ်ယောက်​မျှ​မ​ရှိ​။ သူ​တို့​၏​ဖခင်​သည် သူ​တို့​အား အစ်ကို​များ​၊ မောင်​များ​ကဲ့သို့ပင် အမွေ​ပေး​၏​။
16ယောဘ​သည် နှစ်​ပေါင်း​တစ်ရာ့​လေးဆယ် ဆက်လက်​အသက်ရှင်​၍ သားမြေး​မြစ် မျိုးဆက်​လေး​ဆက်​ကို​မြင်​ရ​၏​။ 17ယောဘ​သည် အိုမင်းရင့်ရော်​၍ သက်တမ်း​စေ့​သောအခါ ကွယ်လွန်​သွား​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယောဘဝတ္ထု 42