YouVersion Logo
Search Icon

ဆာလံကျမ်း 5

5
ဖြောင့်မတ်သောသူ၏ခိုလှုံရာ
ဂီတမှူး​အတွက်​၊ ပလွေ​နှင့်​သီဆို​ရန်​၊ ဒါဝိဒ်​၏​ဆာလံ
1အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​စကား​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။
အကျွန်ုပ်​၏​ညည်းညူသံ​ကို သတိပြု​တော်မူ​ပါ​။
2အကျွန်ုပ်​၏​ရှင်ဘုရင်​နှင့်​အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​သည် ကိုယ်တော့်​ထံ ဆုတောင်း​သည်​ဖြစ်၍
အကျွန်ုပ်​၏​အော်ဟစ်သံ​ကို အာရုံစိုက်​နားထောင်​တော်မူ​ပါ​။
3အို ထာဝရဘုရား​၊ နံနက်အချိန်​၌ အကျွန်ုပ်​၏​အသံ​ကို ကိုယ်တော်​ကြား​တော်မူ​ပါ​၏​။
နံနက်အချိန်​၌ အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​တွင် တိုးလျှိုး​အသနားခံ​၍ စောင့်​လျက်​နေ​ပါ​မည်​။
4အကြောင်းမူကား ကိုယ်တော်​သည် ဆိုးယုတ်မှု​ကို​နှစ်သက်​သော​ဘုရား​မ​ဟုတ်​ပါ​။
မကောင်းမှု​ပြု​သော​သူ​သည် ကိုယ်တော်​နှင့်အတူ​နေထိုင်​ခွင့်​ရ​မည်​မ​ဟုတ်​ပါ​။
5ဝါကြွား​သော​သူ​တို့​သည် ကိုယ်တော်​၏​မျက်မှောက်​တော်​၌ ရပ်​နိုင်​ကြ​မည်​မ​ဟုတ်​ပါ​။
ကိုယ်တော်​သည် အပြစ်ဒုစရိုက်​ပြု​သော​သူ​အပေါင်း​တို့​ကို မုန်း​တော်မူ​၏​။
6လိမ်လည်​ပြောဆို​သော​သူ​တို့​ကို​ဖျက်ဆီး​တော်မူ​၏​။ ထာဝရဘုရား​သည် လူ​အသက်​ကို​သတ်​သော​သူ​နှင့်
လိမ်လည်လှည့်ဖြား​သော​သူ​တို့​ကို စက်ဆုပ်ရွံရှာ​တော်မူ​၏​။
7အကျွန်ုပ်​မူကား ကိုယ်တော်​၏ ကြီးမား​သော​မေတ္တာကရုဏာ​တော်​ကြောင့် ကိုယ်တော်​၏​အိမ်​တော်​သို့​ရောက်​၍
ကိုယ်တော်​ကို​ကြောက်ရွံ့​သော​စိတ်​ဖြင့် ကိုယ်တော်​၏​သန့်ရှင်း​သော​ဗိမာန်တော်​ဘက်​သို့ မျက်နှာမူ​လျက် ရှိခိုးကိုးကွယ်​ပါ​မည်​။
8အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ရန်သူ​တို့​ကြောင့် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ထဲ၌ အကျွန်ုပ်​ကို ပို့ဆောင်​တော်မူ​ပါ​။
ကိုယ်တော်​၏​လမ်း​ကို အကျွန်ုပ်​ရှေ့​မှာ ဖြောင့်တန်း​စေ​တော်မူ​ပါ​။
9အကြောင်းမူကား သူ​တို့​၏​နှုတ်​တွင် တည်ကြည်မှု​မ​ရှိ​ပါ​။
သူ​တို့​စိတ်​ထဲ၌ ယုတ်မာစဉ်းလဲမှု​ရှိ​၍ သူ​တို့​၏​လည်ချောင်း​သည် ပွင့်​နေ​သော​သင်္ချိုင်းတွင်း​ဖြစ်​ပါ​၏​။
သူ​တို့​၏​လျှာ​သည် မြှောက်ပင့်​ပြောဆို​တတ်​ပါ​၏​။#ရော 3:13။
10အို ဘုရားသခင်​၊ သူ​တို့​အပေါ် အပြစ်​သင့်ရောက်​စေ​တော်မူ​ပါ​။ သူ​တို့​သည် မိမိ​တို့​၏​အကျင့်အကြံ​များ​ဖြင့် လဲကျ​ကြ​ပါစေသော​။
သူ​တို့​သည် ကိုယ်တော်​ကို​ပုန်ကန်​ကြ​သည်​ဖြစ်၍ သူ​တို့​ကျူးလွန်​သည့်​များစွာ​သော​အပြစ်​အတွက် သူ​တို့​ကို​နှင်ထုတ်​တော်မူ​ပါ​။
11သို့သော် ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​အပေါင်း​တို့​သည် ဝမ်းမြောက်​ကြ​ပါစေသော​။
အစဉ်အမြဲ​ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​ပါစေသော​။
ကိုယ်တော်​သည် သူ​တို့​ကို အုပ်မိုး​ကွယ်ကာ​တော်မူ​သည်​ဖြစ်၍ နာမ​တော်​ကို​မြတ်နိုး​သော​သူ​တို့​သည်
ကိုယ်တော်​၌ ရွှင်လန်း​ကြ​ပါစေသော​။
12အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖြောင့်မတ်​သော​သူ​ကို ကောင်းချီးပေး​၍ သူ့​ကို​ကျေးဇူး​တော်​ဖြင့်
ဒိုင်းကာ​ကဲ့သို့ ဝန်းရံ​ကာကွယ်​ထား​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in