ဇာခရိအနာဂတ္တိကျမ်း 11
11
အစ္စရေးလူမျိုး၏သိုးထိန်း (ကောင်းသောသိုးထိန်းနှင့်မိုက်မဲသောသိုးထိန်း)
1အို လက်ဘနွန်တောင်၊ သင့်တံခါးတို့ကို ဖွင့်လော့။ သင်၏သစ်ကတိုးပင်များ မီးလောင်ကျွမ်းပါစေ။ 2အို ထင်းရှူးပင်၊ ညည်းတွားလော့။ အကြောင်းမူကား သစ်ကတိုးပင် လဲကျ၍ ကျက်သရေဆောင်သစ်ပင်တို့ ပျက်စီးကုန်ပြီ။ အို ဗာရှန်ဝက်သစ်ချပင်တို့၊ ညည်းတွားကြလော့။ အကြောင်းမူကား ထူထပ်သောသစ်တောကြီး ပြုန်းတီးသွားလေပြီ။ 3အသရေဖျက်ဆီးခံရသောကြောင့် သိုးထိန်းတို့၏မြည်တမ်းသံကို ကြားရလေပြီ။ ဂျော်ဒန်တောအုပ်ကြီးဖျက်ဆီးခံရသောကြောင့် ခြင်္သေ့ပျိုတို့၏ဟိန်းသံကို ကြားရလေပြီ။
4ငါ၏ဘုရားသခင်ထာဝရဘုရားက “အသတ်ခံရတော့မည့်သိုးတို့ကို ထိန်းကျောင်းလော့။ 5ထိုသိုးတို့ကို ဝယ်ယူထားသောသူတို့သည် ထိုသိုးတို့ကို သတ်ဖြတ်သော်လည်း အပြစ်ဒဏ်မခံရ။ ရောင်းသူတို့ကလည်း ‘ငါချမ်းသာပြီဖြစ်၍ ထာဝရဘုရားကို ချီးမွမ်းပါ၏’ဟု ဆိုကြ၏။ သိုးထိန်းတို့သည်လည်း ထိုသိုးတို့ကို မသနားကြ”ဟု မိန့်တော်မူ၏။ 6တစ်ဖန် ထာဝရဘုရားက “ဤပြည်ရှိ ပြည်သူပြည်သားတို့ကို ငါသနားတော့မည်မဟုတ်။ ကြည့်ရှုလော့။ လူအသီးသီးတို့ကို သူတို့၏အိမ်နီးချင်းလက်သို့လည်းကောင်း၊ သူတို့၏ရှင်ဘုရင်လက်သို့လည်းကောင်း ငါအပ်မည်။ ထိုသူတို့သည် ဤပြည်ကိုချေမှုန်းတိုက်ဖျက်ကြမည်ဖြစ်သော်လည်း ထိုသူတို့လက်မှ ငါကယ်တင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
7ထို့ကြောင့် အသတ်ခံရတော့မည့်သိုးအုပ်၊ အဖိနှိပ်ခံရသောသိုးအုပ်တို့ကို ငါထိန်းကျောင်း၏။ ငါသည် ကျေးဇူးတော်တောင်ဝှေးနှင့် စည်းလုံးခြင်းတောင်ဝှေးဟုခေါ်သော တောင်ဝှေးနှစ်ချောင်းကိုယူ၍ သိုးအုပ်ကို ထိန်းကျောင်း၏။ 8တစ်လတည်းတွင် သိုးထိန်းသုံးဦးကို ငါဖယ်ရှားပစ်၏။ ငါသည် သူတို့ကို သည်းမခံနိုင်။ သူတို့သည်လည်း ငါ့ကို မုန်းကြ၏။ 9ထို့နောက် ငါက “သင်တို့ကို ငါထိန်းကျောင်းတော့မည်မဟုတ်။ သေမည့်အကောင်လည်း သေပါစေ။ အသတ်ခံရမည့်အကောင်လည်း အသတ်ခံရပါစေ။ ကျန်သောအကောင်တို့သည်လည်း အချင်းချင်း၏အသားကို ကိုက်စားကြပါစေ”ဟု ဆိုပြီးလျှင် 10လူမျိုးတကာနှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ပယ်ဖျက်ရန် ငါသည် ကျေးဇူးတော်တောင်ဝှေးကို ယူ၍ ချိုးပစ်၏။ 11ထိုနေ့တွင်ပင် ပဋိညာဉ်သည် ကျိုးပျက်သွား၏။ ဤအရာသည် ထာဝရဘုရား၏စကားတော်ဖြစ်ကြောင်း အဖိနှိပ်ခံရ၍ ငါ့ကိုစောင့်စားနေသောသိုးအုပ်များ သိကြ၏။ 12ထို့နောက် ငါက သူတို့အား “ငါ့အား လုပ်အားခပေးသင့်သည်ဟုထင်လျှင် ပေးလော့။ မပေးလိုလျှင်လည်း မပေးနှင့်”ဟု ဆိုလျှင် သူတို့သည် လုပ်အားခအဖြစ် ငွေစသုံးဆယ်ကို ချိန်တွယ်ပေးကြ၏။ 13ထိုအခါ ထာဝရဘုရားက “ငါ့ကို အဖိုးဖြတ်သောငွေ များလှသည်တကား။ ထိုငွေကို အိုးထိန်းသည်ထံ ပစ်လိုက်ပါ”ဟု မိန့်တော်မူသည့်အတိုင်း ငွေစသုံးဆယ်ကိုယူ၍ ထာဝရဘုရား၏အိမ်တော်ရှိ အိုးထိန်းသည်ထံ ငါပစ်ချပေးလေ၏။ 14ထို့နောက် ယုဒလူမျိုးနှင့် အစ္စရေးလူမျိုးကြား ညီအစ်ကိုတော်စပ်မှုကို ပယ်ဖျက်ရန် ဒုတိယတောင်ဝှေးဖြစ်သော “စည်းလုံးခြင်းတောင်ဝှေး”ကို ငါချိုးပစ်၏။
15ထာဝရဘုရားက ငါ့အား “မိုက်မဲသောသိုးထိန်း၏အသုံးအဆောင်ကို နောက်တစ်ဖန် ယူလော့။ 16အကြောင်းမူကား ငါသည် ထိုပြည်တွင် သိုးထိန်းတစ်ဦးကို ပေါ်ထွန်းစေမည်။ သူသည် ပျောက်သောသိုးတို့ကို ဂရုမစိုက်၊ သိုးသငယ်တို့ကို မရှာဖွေ၊ ဒဏ်ရာရသောသိုးတို့ကိုလည်း ဆေးမကု၊ ဆာလောင်သောသိုးတို့ကိုလည်း မကျွေးမွေးဘဲ ဆူဖြိုးသောသိုးတို့ကိုမူ ခွာကိုချွတ်ပစ်ပြီး အသားကို စားလိမ့်မည်။ 17သိုးတို့ကိုပစ်ထားသည့် အသုံးမကျသောသိုးထိန်းသည် အမင်္ဂလာရှိ၏။ သူ၏လက်မောင်းနှင့် သူ၏ယာဘက်မျက်လုံးသည် ဓားထိုးခံရ၍ သူ့လက်မောင်းသည် အကြောသေပြီး ယာဘက်မျက်လုံးသည် ကွယ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
Currently Selected:
ဇာခရိအနာဂတ္တိကျမ်း 11: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative