ရာဇဝင်ချုပ်ပထမစောင် 14
14
ဘုရားသခင်၏ကောင်းချီးမင်္ဂလာကို ခံစားရသောဒါဝိဒ်မင်းကြီး
1တိုင်ရာဘုရင်ဟုရံ#14:1 “ဟိရံ” (၂ရာ 5:11)မင်းကြီးသည်လည်း ဒါဝိဒ်မင်းကြီးထံ တမန်များကိုစေလွှတ်ပြီး နန်းတော်တည်ဆောက်ရန် သစ်ကတိုးသားများနှင့်တကွ ကျောက်ဆစ်သမားများ၊ လက်သမားများကို ပို့ပေးလေ၏။ 2ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ် မိမိအား မင်းမြှောက်ခဲ့ကြောင်းနှင့် လူမျိုးတော်အစ္စရေးတို့အဖို့ မိမိနိုင်ငံကို ချီးမြှောက်တော်မူခဲ့ကြောင်းကို ဒါဝိဒ်မင်းကြီးသိနားလည်၏။
3ဒါဝိဒ်မင်းကြီးသည် ဂျေရုဆလင်မြို့တွင် မိဖုရားများထပ်ယူပြီး သားသမီးများလည်း ထပ်မံရရှိလေ၏။ 4ဂျေရုဆလင်မြို့တွင် ဒါဝိဒ်မင်းကြီးရသောသားတော်များ၏အမည်မှာ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊ 5ဣဗဟာ၊ ဧလိရွှ၊ ဧလိပလက်၊ 6နောဂ၊ နေဖက်၊ ယာဖျာ၊ 7ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက် ဟူ၍ဖြစ်၏။
8ဒါဝိဒ်မင်းကြီးအား အစ္စရေးလူမျိုးအပေါင်းတို့၏ဘုရင်အဖြစ် ဘိသိက်ပေးကြောင်းကို ဖိလိတ္တိလူမျိုးတို့ကြားလျှင် ဖိလိတ္တိစစ်သည်အပေါင်းတို့သည် ဒါဝိဒ်မင်းကြီးကို လိုက်ရှာရန် ချီလာကြ၏။ ထိုအကြောင်းကို ဒါဝိဒ်မင်းကြီးကြားသိလျှင် သူတို့နှင့် တိုက်ဖို့ ထွက်လာ၏။ 9ဖိလိတ္တိစစ်သည်တို့သည် ချီလာ၍ ရေဖိမ်ချိုင့်ဝှမ်းကို ဝင်ရောက်တိုက်ခိုက်ကြ၏။ 10ထိုအခါ ဒါဝိဒ်မင်းကြီးက “ဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ်ထွက်တိုက်ရမည်လော။ သူတို့ကို အကျွန်ုပ်လက်သို့ အပ်တော်မူမည်လော”ဟု ဘုရားသခင်ထံ မေးလျှောက်လျှင် ထာဝရဘုရားက ဒါဝိဒ်မင်းကြီးအား “ထွက်တိုက်လော့။ သူတို့ကို သင့်လက်သို့ ငါအပ်မည်”ဟု မိန့်တော်မူ၏။
11ဒါဝိဒ်မင်းကြီးသည် ဗာလပေရဇိမ်အရပ်သို့ ချီတက်၍ ထိုနေရာတွင် သူတို့ကို တိုက်ခိုက်လေ၏။ ဒါဝိဒ်မင်းကြီးက “ထာဝရဘုရားသည် ငါ့ရန်သူကို ရေကာတာကျိုးပေါက်ပျက်စီးသွားသကဲ့သို့ ငါ့လက်ဖြင့် ပျက်စီးစေလေပြီ”ဟု ဆို၏။ ထို့ကြောင့် ထိုနေရာကို ဗာလပေရဇိမ် ဟုအမည်မှည့်ခေါ်လေ၏။ 12ထိုနေရာ၌ ဖိလိတ္တိလူမျိုးတို့စွန့်ထားခဲ့သော သူတို့၏ဘုရားရုပ်တုများကို မီးရှို့ဖျက်ဆီးပစ်ရန် ဒါဝိဒ်မင်းကြီးအမိန့်ပေးလေ၏။
13ဖိလိတ္တိစစ်သည်တို့သည် နောက်တစ်ကြိမ် ရေဖိမ်ချိုင့်ဝှမ်းကို ဝင်ရောက်တိုက်ခိုက်ကြပြန်၏။ 14ဒါဝိဒ်မင်းကြီးကလည်း ဘုရားသခင်ထံမေးလျှောက်ပြန်ရာ ဘုရားသခင်က “မျက်နှာချင်းဆိုင် မတက်နှင့်။ အနောက်ဘက်မှပတ်တက်ပြီး သူတို့ကို ပိုးစာတောရှေ့နားတွင် တိုက်ခိုက်လော့။ 15ပိုးစာပင်ထိပ်ဖျားမှ စစ်ချီသံကြားလျှင် ထွက်တိုက်လော့။ အကြောင်းမူကား ဘုရားသခင်သည် ဖိလိတ္တိတပ်ကို တိုက်ခိုက်ရန် သင့်ရှေ့မှကြွတော်မူပြီ”ဟု မိန့်တော်မူရာ 16ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ပြု၍ ဖိလိတ္တိတပ်ကို ဂိဗောင်မြို့မှ ဂေဇာမြို့တိုင်အောင် တိုက်ခိုက်ချေမှုန်းလေ၏။ 17ဤသို့ဖြင့် ဒါဝိဒ်မင်းကြီး၏ဂုဏ်သတင်းသည် တိုင်းပြည်အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး လူမျိုးတကာတို့သည် သူ့ကို ကြောက်ရွံ့ရိုသေလာအောင် ထာဝရဘုရား ပြုတော်မူလေ၏။
Currently Selected:
ရာဇဝင်ချုပ်ပထမစောင် 14: MSBZ
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2022 by Global Bible Initiative