YouVersion Logo
Search Icon

ယေဇကျေလအနာဂတ္တိကျမ်း 6

6
ရုပ်တုကိုးကွယ်သောအစ္စရေးလူမျိုးတို့ကို ဆန့်ကျင်၍ပရောဖက်ပြုခြင်း
1တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​အချင်း​လူသား​၊ အစ္စရေး​တောင်တန်း​ဘက်​သို့​မျက်နှာမူ​လျက် 3‘​အို အစ္စရေး​တောင်တန်း​တို့​၊ ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို နားထောင်​လော့​။ တောင်ကြီး​တောင်ငယ်​များ​နှင့် မြစ်ချောင်း​ချိုင့်ဝှမ်း​များ​အား ထာဝရဘုရား​က ငါ​ကိုယ်တော်တိုင် သင်​တို့​ထံ ဓားဘေး​ရောက်​စေ​ပြီး အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ဖျက်ဆီး​ပစ်​မည်​။ 4ယဇ်ပလ္လင်​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​မည်​။ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​တို့​သည်​လည်း ချိုးဖဲ့​ခြင်း​ခံရ​မည်​။ သင်​တို့​၏​ရုပ်တု​များ​ရှေ့​တွင် လူ​တို့​ကို လဲကျ​သေဆုံး​စေ​မည်​။ 5သင်​တို့​၏​ရုပ်တု​များ​ရှေ့​တွင် အစ္စရေး​အမျိုးသား​တို့​၏​အလောင်း​ကို ပစ်​ထား​မည်​။ ယဇ်ပလ္လင်​ဝန်းကျင်​တွင် အရိုး​များ​ကို ကြဲဖြန့်​ထား​မည်​။ 6သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​ရှိ​မြို့​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​မည်​။ အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​သည် လူသူကင်းမဲ့​ရာ​ဖြစ်​မည်​။ သင်​တို့​၏​ယဇ်ပလ္လင်​သည် ဖျက်ဆီး​ခံရ​သဖြင့် ပျက်စီး​သွား​မည်​။ ရုပ်တု​တို့​သည်​လည်း ချိုးဖျက်​ခံရ​သဖြင့် ပြိုပျက်​သွား​မည်​။ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​သည်​လည်း ခုတ်လှဲ​ခံရ​မည်​။ သင်​တို့​ပြုလုပ်​ထား​သော​အရာ​တို့​သည် သုတ်သင်ပယ်ရှင်း​ခြင်း​ခံရ​မည်​။ 7သင်​တို့​တွင် လူ​တို့ လဲကျ​သေဆုံး​ကြ​လိမ့်မည်​။ ထိုအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိ​ကြ​လိမ့်မည်​။
8သို့သော် အပြည်ပြည်​သို့ သင်​တို့​ကွဲလွင့်​သွား​သောအခါ လူမျိုးခြား​တို့​အလယ်​တွင် ဓားဘေး​မှ​လွတ်မြောက်​သော​သူ​ကို ငါ​ကြွင်းကျန်​စေ​မည်​။ 9ထိုသို့ ဖမ်းသွား​ခြင်း​ခံရ​၍ လူမျိုးခြား​တို့​အလယ်​ရောက်ရှိ​နေ​သော ကြွင်းကျန်သူ​တို့​သည် စိတ်နှလုံး​ဖောက်ပြန်​၍ ငါ့​ထံမှ​လမ်းလွဲ​သွား​သောကြောင့်​၊ မျက်စိ​ဖောက်ပြန်​၍ ရုပ်တု​များ​နောက်သို့ လိုက်သွား​ခဲ့​သောကြောင့် ငါ​မည်မျှ​ရင်ကျိုး​ခဲ့​ရ​သည်​ကို သူ​တို့​သိနားလည်​လာ​ကြ​လိမ့်မည်​။ သူ​တို့​ပြု​ခဲ့​သော စက်ဆုပ်ရွံရှာဖွယ်​မကောင်းမှု​များ​ကြောင့် သူ​တို့​ကိုယ်​သူ​တို့ စက်ဆုပ်ရွံရှာ​ကြ​လိမ့်မည်​။ 10ငါ​သည် သူ​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟု မိန့်ဆို​သည်​မှာ အကြောင်းမဲ့​မ​ဟုတ်​။ ဤနည်းဖြင့် ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ရ​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု သူ​တို့​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။
ဂျေရုဆလင်မြို့ကျဆုံးရခြင်းကြောင့် ငိုကြွေးမြည်တမ်းကြ
11ဘုရားရှင်​ထာဝရဘုရား​က ‘သင်​သည် လက်ခုပ်တီး​လျက်​၊ ခြေ​ကို​ဆောင့်​လျက် အလို​၊ အစ္စရေး​အမျိုးအနွယ်​တို့​ပြု​ခဲ့​သော စက်ဆုပ်ရွံရှာဖွယ်​မကောင်းမှု​များ​ကြောင့် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သေ​ကြ​ရ​တော့​မည်​ဟု ဆို​လော့​။ 12ရပ်ဝေး​ရှိ​လူ​တို့​သည် ကပ်ရောဂါ​ဘေး​ဖြင့် သေ​ရ​မည်​။ ရပ်နီး​ရှိ​လူ​တို့​သည် ဓားဘေး​ဖြင့် သေ​ရ​မည်​။ ထို​ဘေး​တို့​မှ​လွတ်​၍ ကျန်​သော​သူ​တို့​သည် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် သေ​ရ​မည်​။ သို့မှ ငါ့​အမျက်ငြိမ်း​မည်​။ 13ရုပ်တု​ရှိသမျှ​ကို မွှေးကြိုင်​သော​နံ့သာပေါင်း​ပူဇော်​ရာ​နေရာ​များ​ဖြစ်​သည့် ရုပ်တု​များ​ကြား​နှင့် ယဇ်ပလ္လင်​ပတ်ပတ်လည်​၊ တောင်ကုန်း​များ​နှင့် တောင်ထိပ်​များ​ပေါ်​၊ စိမ်းလန်း​သော​သစ်ပင်​များ​နှင့် သပိတ်ပင်​များ​အောက်​တို့​တွင် လူ​တို့​သေ​နေ​သည်​ကို မြင်​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်မည်​။ 14ငါ့​လက်​ကို​ဆန့်​၍ သူ​တို့​ကို ဆန့်ကျင်​မည်​။ ဒိဗလတ်​ကန္တာရ​မှစ၍ သူ​တို့​နေလေရာ​အရပ်ရပ်​တို့​ကို လူသူကင်းမဲ့​ရာ​၊ ဆိတ်ညံ​ရာ ဖြစ်​စေ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ယေဇကျေလအနာဂတ္တိကျမ်း 6