ဆာလံကျမ်း 132
132
ဒါဝိဒ်နှင့်ဇိအုန်ကို ရွေးချယ်တော်မူခြင်း
အတက်လမ်းသီချင်း
1အို ထာဝရဘုရား၊ ဒါဝိဒ်ကိုလည်းကောင်း၊
သူခံခဲ့ရသောနှိပ်စက်ခြင်းအပေါင်းတို့ကိုလည်းကောင်း၊
2သူသည် ထာဝရဘုရားကိုတိုင်တည်၍ မည်သို့ကျိန်ဆိုခဲ့သည်ကိုလည်းကောင်း၊
ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင်ကို
မည်သို့ကတိသစ္စာပြုခဲ့သည်ကိုလည်းကောင်း အောက်မေ့တော်မူပါ။
3-5သူက “အကျွန်ုပ်သည် ထာဝရဘုရားစံမြန်းတော်မူရာအရပ်တည်းဟူသော
ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင် ကိန်းဝပ်တော်မူရာတဲတော်ကို မတွေ့ရမချင်း
ကိုယ့်နေရာအိမ်သို့မပြန်၊ ကိုယ့်အိပ်ရာခုတင်ပေါ်သို့မတက်၊
ကိုယ့်မျက်စိကိုအိပ်ခွင့်၊ ကိုယ့်မျက်လွှာကိုပိတ်ခွင့်မပေးဘဲနေမည်”ဟု
ကျိန်ဆို၍ကတိသစ္စာပြုခဲ့ပါ၏။
6ကြည့်ရှုလော့။ ဤအရာကို ဧဖရတ်အရပ်တွင် ငါတို့ကြား၍
ယာအာတောထဲတွင် တွေ့ခဲ့ကြပြီ။
7ကိုယ်တော်ကိန်းဝပ်တော်မူရာတဲတော်သို့ သွားကြကုန်စို့။
ကိုယ်တော်၏ခြေတင်ခုံရှေ့၌ ပျပ်ဝပ်ကြကုန်စို့။
8အို ထာဝရဘုရား၊ ထတော်မူ၍
ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော သေတ္တာတော်နှင့်အတူ
ကိုယ်တော်၏ငြိမ်ဝပ်ရာအရပ်သို့ ကြွတော်မူပါ။
9ကိုယ်တော်၏ယဇ်ပုရောဟိတ်တို့သည် ဖြောင့်မတ်ခြင်းကိုဝတ်ဆင်ရကြပါစေသော။
ကိုယ်တော်၏သန့်ရှင်းသူတို့သည်လည်း ရွှင်လန်းစွာကြွေးကြော်ကြပါစေသော။
10ကိုယ်တော်၏အစေအပါးဒါဝိဒ်၏မျက်နှာကိုထောက်၍
ကိုယ်တော်ဘိသိက်ပေးထားသောသူကို ငြင်းပယ်တော်မမူပါနှင့်။
11ထာဝရဘုရားသည် ဒါဝိဒ်အား သစ္စာနှင့်ကျိန်ဆိုပြီး
ပြန်လည်ရုပ်သိမ်းတော်မူမည်မဟုတ်သောစကားမှာ
“ငါသည် သင်မှပေါက်ဖွားသောရင်သွေးတစ်ဦးကို
သင်၏ရာဇပလ္လင်ပေါ်ထိုင်စေမည်။
12သင်၏သားတို့သည် ငါ၏ပဋိညာဉ်နှင့် သူတို့အား ငါသင်ကြားပေးသော
ငါ၏သက်သေခံချက်တို့ကို စောင့်ထိန်းကြလျှင်
သူတို့၏သားများသည်လည်း သင်၏ရာဇပလ္လင်ပေါ်
အစဉ်အမြဲထိုင်ရကြလိမ့်မည်”ဟူ၍ဖြစ်၏။
13အကြောင်းမူကား ထာဝရဘုရားသည် ဇိအုန်ကိုရွေးချယ်ပြီး
မိမိ၏ကိန်းဝပ်ရာအရပ် ဖြစ်စေရန် အလိုရှိတော်မူပြီ။
14“ထိုအရပ်သည် ငါ၏ငြိမ်ဝပ်ရာအရပ် အစဉ်ဖြစ်၏။
ထိုအရပ်ကို ငါနှစ်သက်သည်ဖြစ်၍ ထိုအရပ်၌ ငါကိန်းဝပ်မည်။
15ထိုအရပ်ကို ကောင်းချီးပေးမည်။
စားနပ်ရိက္ခာပေါများစေမည်။ နွမ်းပါးသောသူတို့ကို အစားအစာနှင့် ဝပြောစေမည်။
16ထိုအရပ်ရှိ ယဇ်ပုရောဟိတ်တို့ကို ကယ်တင်ခြင်းဖြင့် ငါလွှမ်းခြုံမည်။
ထိုအရပ်မှ သန့်ရှင်းသူတို့သည် ရွှင်လန်းစွာကြွေးကြော်လျက်သီချင်းဆိုကြလိမ့်မည်။
17ထိုအရပ်၌ ဒါဝိဒ်အတွက် ဦးချိုကို ငါပေါက်စေမည်။
ငါဘိသိက်ပေးထားသောသူအတွက် မီးခွက်ကို ငါပြင်ဆင်ပြီ။
18ငါသည် သူ၏ရန်သူတို့အား အရှက်ကွဲခြင်းကိုဝတ်ဆင်စေမည်။
သူ့အပေါ်၌မူကား သူ၏ဘုန်းသရဖူသည် ပွင့်လန်းတောက်ပလိမ့်မည်”ဟု မိန့်တော်မူ၏။
Currently Selected:
ဆာလံကျမ်း 132: MSBZ
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2022 by Global Bible Initiative