၁ ရှင်ပေတရု 5
5
ဘုရားသခင်၏သိုးစု
1သင်းအုပ်အရာ၌လည်းကောင်း၊ ခရစ်တော်၏ ဆင်းရဲဒုက္ခဝေဒနာကို သိမြင်သော သက်သေအရာ၌လည်းကောင်း ခန့်ထားသောသူ၊ ထင်ရှားစေတော်မူလတ္တံ့သော ဘုန်းအသရေတော်ကို ဆက်ဆံသောသူဖြစ်သော ငါပေတရုသည်၊ သင်တို့တွင်ရှိသော သင်းအုပ်ချင်းတို့ကို တောင်းပန်ပါ၏။- 2သင်တို့နှင့်အတူရှိသော ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ၊ အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့် မဟုတ်ဘဲ၊ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။- 3အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကိုပြသောသူ ဖြစ်ကြလော့။- 4သို့ဖြစ်လျှင်၊ သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့သည် မညှိုးမနွမ်းတတ်သော၊ ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်။
5ထိုနည်းတူ၊ အသက်ပျိုသောသူတို့၊ အသက်ကြီးသော သူတို့၏ စကားကို နားထောင်ကြလော့။ ထိုမျှမက၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက် နှိမ့်ချလျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား၊ ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏။- 6ထိုကြောင့် ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကို ချီးမြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသော လက်တော်အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။- 7သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။
8သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။- 9သို့ဖြစ်၍၊ လူပြည်အရပ်ရပ်တို့၌ရှိသော သင်တို့ ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကို ခံရကြသည်ဟု သိမှတ်လျက်၊ ယုံကြည်ခြင်း၌တည်၍ မာရ်နတ်ကို ဆီးတားကြလော့။
10ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ ခေါ်တော်မူသော၊ ခပ်သိမ်းသောကျေးဇူးကို ပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကို စုံလင်တည်ကြည်ခိုင်ခံ့ မြဲမြံစေတော်မူလိမ့်မည်။- 11ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင်။
နောက်ဆုံးနှုတ်ဆက်စကား
12ငါသည် သင်တို့ကို တိုက်တွန်းသွေးဆောင်လျက်၊ သင်တို့မှီဝဲဆည်းကပ်သော ဤအရာများသည် ဘုရားသခင်၏ ကျေးဇူးတော်အမှန် ဖြစ်သည်ဟု သက်သေခံလျက်၊ ဤစာကို အကျဉ်းအားဖြင့်ရေးပြီးမှ၊ ငါစိတ်ထင်သည်အတိုင်း သင်တို့အမှု၌ သစ္စာရှိသောညီအစ်ကို သိလွာနုလက်ဖြင့် ယခုပေးလိုက်၏။- 13ငါ့သားမာကုမှစ၍ ဗာဗုလုန်မြို့၌ရှိသော သင်တို့နှင့်အတူ ရွေးချယ်တော်မူသော အသင်းတော်သည် သင်တို့ကို နှုတ်ဆက်ကြ၏။- 14အချင်းချင်း တစ်ယောက်ကိုတစ်ယောက် မေတ္တာနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။ ခရစ်တော်နှင့်ဆိုင်သော သင်တို့အပေါင်း၌ ငြိမ်သက်ခြင်းရှိစေသတည်း။ အာမင်။
ရှင်ပေတရုသြဝါဒစာပထမစောင်ပြီး၏။
Currently Selected:
၁ ရှင်ပေတရု 5: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.