ဧဖက် 5
5
အလင်း၌အသက်ရှင်ခြင်း
1ထိုသို့သင်တို့သည် ဘုရားသခင်၏ ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင် ကျင့်တော်မူသည် နည်းတူ ကျင့်ကြလော့။- 2ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့တော်၌ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှာ၊ ကိုယ်ကိုကိုယ်ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့အတွက် စွန့်တော်မူသည်နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။
3မတရားသော မေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်း အမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း၊ စကားဖြင့်မျှ မဆက်ဆံကြနှင့်။- 4မတော်မလျော်သော ညစ်ညူးပြက်ပြယ် ပြက်ရယ်သော စကားများကိုလည်းပယ်၍ ကျေးဇူးတော် ချီးမွမ်းခြင်းစကားကို သုံးကြလော့။- 5မတရားသော မေထုန်၌ မှီဝဲသောသူ၊ ညစ်ညူးစွာ ပြုသောသူ၊ ရုပ်တုကို ကိုးကွယ်သောသူဖြစ်သော လောဘလွန်ကျူးသောသူ တစ်စုံတစ်ယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံ၌ အမွေမခံရသည်ကို သင်တို့ သိကြ၏။- 6လျှပ်ပေါ်သောစကားဖြင့် အဘယ်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ ထိုအမှုကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်တတ်သော သူတို့ အပေါ်သို့ သင့်ရောက်ပေ၏။- 7ထိုကြောင့် သူတို့နှင့် ဆက်ဆံ၍ မကျင့်ကြနှင့်။- 8အထက်ကာလ၌ သင်တို့သည် မှောင်မိုက်အတိ ဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သားကဲ့သို့ ကျင့်နေကြလော့။- 9အလင်းတော်၏ အကျိုးမူကား၊ အလုံးစုံသော ကောင်းမွန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်း ဖြစ်သတည်း။- 10သခင်ဘုရားနှစ်သက်တော်မူသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်ကြလော့။- 11အကျိုးမဲ့သော မှောင်မိုက်အမှုတို့နှင့် မဆက်ဆံသည်သာမက၊ ထိုအမှုတို့၏ အပြစ်ကို ပြကြလော့။- 12အကြောင်းမူကား၊ သူတို့သည် ဆိတ်ကွယ်ရာ၌ ပြုသောအမှုအရာတို့ကို စကားပြောကာမျှ၌ ညစ်ညူးခြင်း ပါသေး၏။- 13အပြစ်ထင်ရှားသောအရာ ရှိသမျှတို့သည် အလင်းဖြင့် ထင်ရှားကြ၏။ ထင်ရှားစေတတ်သော အရာရှိသမျှတို့သည်လည်း အလင်းဖြစ်၏။- 14ထိုကြောင့် အိပ်ပျော်သောသူနိုးလော့။ သေခြင်းမှ ထမြောက်လော့။ သို့ပြုလျှင် ခရစ်တော်သည် အလင်းကို သင့်အား ပေးတော်မူမည်ဟု ဆိုသတည်း။
15ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။- 16ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနုတ်ကြလော့။- 17ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြား၍ သိသောသူ ဖြစ်ကြလော့။- 18လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက်ရှိကြလော့။- 19ဆာလံသီချင်းမှစသော ဓမ္မသီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆိုဖတ်ရွတ်၍၊ နူးညွတ်သော စိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော်၌ ကျူးဧ၍သီချင်း ဆိုကြလော့။- 20ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်ကြီးလှပါ၏ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကို ထောက်၍၊ ခမည်းတော်ဘုရားသခင်ရှေ့၊ ကာလအစဉ်မပြတ် ဝန်ခံကြလော့။
ခင်ပွန်းနှင့်ဇနီး
21ခရစ်တော်ကို ခန့်ညားသောအားဖြင့်၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက် ကိုယ်ကို နှိမ့်ချလျက် နေကြလော့။- 22အချင်းမိန်းမတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။- 23အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း မိမိကိုယ်ကို ကယ်တင်သောသူ ဖြစ်တော်မူ၏။- 24အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ ဝန်ခံရကြမည်။- 25အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။- 26-27ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက်ရှိသည် ဖြစ်၍၊ အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှာ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်း စေမည်အကြောင်း၊ ထိုအသင်းတော်အဖို့ အလိုငှာ ကိုယ်ကိုကိုယ်စွန့်တော်မူ၏။- 28ထိုနည်းတူ ယောက်ျားတို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။ ခင်ပွန်းကို ချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။- 29ကိုယ်အသားကို မုန်းသောသူ တစ်ယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူ သကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။- 30အကယ်စင်စစ် ငါတို့သည် သခင်ဘုရား၏ အသားတော်၊ အရိုးတော်တို့အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏ အင်္ဂါဖြစ်ကြ၏။- 31ထိုအကြောင်း အကြောင့်ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက် တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။- 32ဤအရာသည် အလွန်နက်နဲသောအရာ ဖြစ်ပေ၏။ ထိုသို့ငါဆိုသော်၊ ခရစ်တော်နှင့် အသင်းတော်ကို ရည်မှတ်၍ဆိုသတည်း။- 33သို့ရာတွင် သင်တို့သည် အသီးအသီး ကိုယ်ကိုကိုယ် ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။
Currently Selected:
ဧဖက် 5: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.