ထွက်မြောက်ရာ 18
18
ယေသရောလာရောက်ခြင်း
1ဘုရားသခင်သည် မောရှေမှစ၍ ကိုယ်တော်၏လူ ဣသရေလအမျိုးအဖို့ ပြုတော်မူသမျှကိုလည်းကောင်း၊ ထာဝရဘုရားသည် ဣသရေလအမျိုးကိုအဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူကြောင်းကိုလည်းကောင်း၊ မိဒျန်ယဇ်ပုရောဟိတ်ဖြစ်သော မောရှေ၏ယောက္ခမ ယေသရောကြားသည်ရှိသော်၊ 2မောရှေလွှတ်ခဲ့သောမယားနှင့် 3သူ၏သားနှစ်ယောက်ကိုယူ၍သွားလေ၏။ သားတစ်ယောက်ကား၊ ဂေရရှုံအမည်ရှိ၏။ အကြောင်းမူကား၊ ငါသည် တစ်ကျွန်းတစ်နိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟု အဘဆိုသတည်း။#တ၊ ၇:၂၉။ ထွ၊ ၂:၂၁-၂၂ 4သားတစ်ယောက်ကား၊ ဧလျေဇာအမည်ရှိ၏။ အကြောင်းမူကား၊ ငါ့ဘိုးဘေးတို့၏ ဘုရားသခင်သည် ငါ့ကိုမစ၍ ဖာရောဘုရင်၏ဓားမှ ကယ်လွှတ်တော်မူပြီဟု ဆိုသတည်း။ 5မောရှေ၏ယောက္ခမယေသရောသည် မောရှေမယားနှင့် သားတို့ကိုယူ၍၊ တော၌ ဘုရားသခင်၏တောင်တော်နား၊ မောရှေတပ်ချရာအရပ်သို့ ရောက်လာလျှင်၊ 6ကိုယ်တော်၏ယောက္ခမယေသရောနှင့် ကိုယ်တော်၏မယား၊ သားနှစ်ယောက်တို့သည် ကိုယ်တော်ထံသို့ရောက်လာပါပြီဟု မောရှေအားကြားပြောသော်၊ 7မောရှေသည်ယောက္ခမကို ခရီးဦးကြိုပြုခြင်းငှာထွက်၍ ဦးချနမ်းရှုပ်လျက်၊ ကျန်းမာကြောင်းကို တစ်ယောက်နှင့် တစ်ယောက်မေးမြန်းလျက် တဲသို့ဝင်ကြ၏။ 8ထာဝရဘုရားသည် ဣသရေလအမျိုးအတွက် ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့၌ ပြုတော်မူသမျှကိုလည်းကောင်း၊ လမ်းခရီးတွင်ခံရသော ဆင်းရဲဒုက္ခအလုံးစုံကိုလည်းကောင်း၊ ထိုဆင်းရဲဒုက္ခမှ ထာဝရဘုရား ကယ်လွှတ်တော်မူကြောင်းကိုလည်းကောင်း၊ မောရှေသည် ယောက္ခမအားကြားပြောလေ၏။ 9ထာဝရဘုရားသည် ဣသရေလအမျိုးကို အဲဂုတ္တုလူတို့လက်မှကယ်နုတ်၍၊ ပြုတော်မူသောကျေးဇူးကြောင့် ယေသရောသည်ဝမ်းမြောက်လျက်၊ 10အဲဂုတ္တုလူတို့လက်မှလည်းကောင်း၊ ဖာရောဘုရင်လက်မှလည်းကောင်း၊ သင့်ကိုကယ်နုတ်တော်မူထသော၊ လူများတို့ကို အဲဂုတ္တုလူတို့လက်မှ ကယ်နုတ်တော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ 11ထာဝရဘုရားသည် အခြားသောဘုရားရှိသမျှတို့ထက် သာ၍ကြီးမြတ်တော်မူကြောင်းကို ယခုငါသိ၏။ အကြောင်းမူကား၊ လူတို့သည် မာနထောင်လွှားသောအမှုအရာတွင်၊ ထာဝရဘုရားနိုင်တော်မူ၏ဟုဆိုပြီးမှ၊ 12မောရှေ၏ယောက္ခမယေသရောသည်၊ မီးရှို့စရာယဇ်နှင့် ဘုရားသခင်အဖို့ ယဇ်များကိုဆောင်ခဲ့၍၊ အာရုန်နှင့် ဣသရေလအမျိုးအသက်ကြီးသူအပေါင်းတို့သည်၊ မောရှေ၏ယောက္ခမနှင့်အတူ ဘုရားသခင့်ရှေ့တော်၌ အစာစားခြင်းငှာ လာကြ၏။
တရားသူကြီးများကိုခန့်ထားခြင်း
(တရား၊ ၁:၉-၁၈)
13နက်ဖြန်နေ့၌ မောရှေသည်၊ လူများကို တရားစီရင်ခြင်းငှာ ထိုင်လေ၏။ နံနက်မှစ၍ညဉ့်ဦးတိုင်အောင်၊ လူများတို့သည် မောရှေရှေ့မှာနေကြ၏။ 14မောရှေသည် လူများတို့အားပြုသမျှကို ယောက္ခမမြင်လျှင်၊ ဤလူများတို့အား ပြုသောအမှုအဘယ်သို့နည်း။ သင်သည် တစ်ယောက်တည်းထိုင်လျက်၊ လူအပေါင်းတို့သည် နံနက်မှစ၍ညဉ့်ဦးတိုင်အောင် သင့်ရှေ့မှာ အဘယ်ကြောင့် နေရကြသနည်းဟုဆို၏။ 15မောရှေကလည်း၊ ဤသူတို့သည် ဘုရားသခင်၏အယူတော်ကိုခံလို၍ ကျွန်ုပ်ထံသို့လာသောကြောင့် ဤသို့ဖြစ်၏။ 16သူတို့သည်အမှုရှိလျှင် အကျွန်ုပ်ထံသို့လာ၍ သူတို့၏အမှုကို ကျွန်ုပ်ဆုံးဖြတ်ရ၏။ ဘုရားသခင်၏ပညတ်တရားများကိုသင်ချရ၏ဟု ယောက္ခမအား ပြောလျှင်၊ 17ယောက္ခမက၊ သင်ပြုသောအမှုသည် မတော်မသင့်ဖြစ်၏။ 18သင်မှစ၍ သင်၌ပါသော ဤလူများတို့သည် အမှန်အားလျော့ကြလိမ့်မည်။ ဤအမှုသည် သင်၌အလွန်လေး၏။ တစ်ယောက်တည်း မတတ်နိုင်သောအမှုဖြစ်၏။ 19ငါ့စကားကိုနားထောင်လော့။ ငါအကြံပေးမည်။ ဘုရားသခင်သည်လည်း သင့်ဘက်၌ ရှိတော်မူလိမ့်မည်။ သင်သည် ဘုရားသခင်နှင့်ဆိုင်သောအမှု၌ လူများတို့၏အမှုကိုစောင့်လျက် ဘုရားသခင်အထံတော်သို့ဝင်၍ လျှောက်ရမည်။ 20သူတို့အားလည်း ပညတ်တရားတော်များကို သင်ချရမည်။ သူတို့သွားရာလမ်း၊ ပြုရသောအမှုကိုလည်းပြရမည်။ 21ထိုမှတစ်ပါး ဘုရားသခင်ကိုကြောက်ရွံ့လျက်၊ သစ္စာနှင့်ပြည့်စုံလျက်၊ လောဘကိုရွံရှာလျက်၊ တတ်စွမ်းနိုင်သောသူတို့ကို လူအပေါင်းတို့အထဲက ရွေးကောက်၍၊ တစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အရာ၌ ခန့်ထားရမည်။ 22ထိုသူတို့သည်ခပ်သိမ်းသောအချိန်၌ လူများတို့ကို တရားစီရင်ကြစေ။ ကြီးသောအမှု၌ သင်၏အယူကိုခံကြစေ။ ငယ်သောအမှုကို အလိုလိုစီရင်ကြစေ။ သို့ဖြစ်လျှင် သူတို့သည်ဝိုင်းညီ၍ အမှုထမ်းသဖြင့် သင်သည်သက်သာလိမ့်မည်။ 23ထိုသို့ ဘုရားသခင်အခွင့်နှင့်ပြုလျှင် သင်သည်ခိုင်ခံ့လိမ့်မည်။ ဤလူအပေါင်းတို့သည် မိမိနေရာပြည်သို့ ငြိမ်ဝပ်စွာသွားကြလိမ့်မည်ဟု ပြောဆို၏။ 24မောရှေသည်လည်း ယောက္ခမ၏စကားကိုနားထောင်၍ စကားရှိသည်အတိုင်း ပြုလျက်၊ 25တတ်စွမ်းနိုင်သောသူတို့ကို ဣသရေလအမျိုးထဲကရွေးကောက်၍ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အသီးအသီး ခေါင်းအရာ၌ခန့်ထားလေ၏။ 26ထိုသူတို့သည် ခပ်သိမ်းသောအချိန်၌ လူတို့ကိုတရားစီရင်ကြ၏။ ခက်သောအမှု၌ မောရှေ၏အယူကိုခံကြ၏။ လွယ်သောအမှုကို အလိုလိုစီရင်ကြ၏။ 27ထိုနောက် မောရှေသည် ယောက္ခမသွားရသောအခွင့်ကိုပေး၍၊ သူသည် မိမိနေရာသို့သွားလေ၏။
Currently Selected:
ထွက်မြောက်ရာ 18: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.