ယောဘ 14
14
တိုတောင်းသောအသက်ကိုဆင်ခြင်
1လူသည် မိန်းမဖွားသောသူ ဖြစ်သဖြင့်၊ အသက်တို၍ ဒုက္ခနှင့်ပြည့်စုံပါ၏။ 2ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကို ခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်ပါ၏။ 3ထိုသို့သောသူကို ကိုယ်တော် ကြည့်မှတ်တော်မူသလော။ အကျွန်ုပ်နှင့်ဘက်၍ တရားတွေ့တော်မူမည်လော။ 4မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဖော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဖော်နိုင်ပါ။ 5လူ၏နေ့ရက်တို့ကို မှတ်သား၍၊ သူနေရသော လအရေအတွက်ကို ကိုယ်တော်သည်သိသဖြင့်၊ သူမလွန်နိုင်သော အပိုင်းအခြားကို ထားတော်မူသောကြောင့်၊ 6မျက်စိတော်ကိုလွှဲ၍ လူသည်သူငှားကဲ့သို့ မိမိနေ့ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ်ရသောအခွင့်ကို ပေးတော်မူပါ။ 7သစ်ပင်ကိုခုတ်သော်လည်း၊ အငုတ်အချည်းစည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မျှော်လင့်စရာရှိ၏။ 8မြေထဲမှာ အမြစ်ဟောင်း၍၊ မြေပေါ်မှာ အငုတ်သေသော်လည်း၊ 9ရေငွေ့ကြောင့် အတက်ပေါက်၍၊ ပျိုးပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံလိမ့်မည်။ 10လူမူကား သေ၍ ဆွေးမြေ့တတ်၏။ လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။ 11အိုင်ရေပြတ်သကဲ့သို့လည်းကောင်း၊ မြစ်ရေ ခန်းခြောက်သကဲ့သို့လည်းကောင်း၊ 12လူသည်အိပ်ပြီးမှ နောက်တစ်ဖန် မထရ။ မိုးကောင်းကင် မကုန်မဆုံးမီတိုင်အောင် မနိုးရ။ အအိပ်အပျော် မပျက်ရ။
13ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော် မလွန်မီတိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ်ကို အောက်မေ့စရာအချိန်ကို ချိန်းချက်တော်မူပါစေ။ 14လူသည် သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန် မရောက်မီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံး သည်းခံလျက် နေပါမည်။ 15အကျွန်ုပ်ကို ခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။ ကိုယ်တိုင် ဖန်ဆင်းတော်မူသောအရာကို သနားခြင်းစိတ် ရှိတော်မူပါ။ 16ယခုမှာ အကျွန်ုပ်ခြေရာတို့ကို ကိုယ်တော်သည်ရေတွက်၍၊ အကျွန်ုပ်အပြစ်တို့ကို စောင့်တော်မူ၏။ 17အကျွန်ုပ်သည် မှားခြင်းအကြောင်းအရာကို အိတ်၌တံဆိပ်ခတ်၍၊ အကျွန်ုပ် ဒုစရိုက်အပြစ်အပေါ်မှာ အထပ်ထပ် အပြစ်တင်တော်မူ၏။ 18ပြိုသောတောင်သည် ကွယ်ပျောက်တတ်ပါ၏။ ကျောက်သည်လည်း မိမိနေရာမှ ရွေ့လျော့တတ်ပါ၏။ ရေတိုက်သော ကျောက်ခဲသည်လည်း ပွန်းတတ်ပါ၏။ 19လွှမ်းမိုးသောရေနှင့်အတူ မြေမှုန့်ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူမျှော်လင့်စရာအကြောင်းကို ဖျက်တော်မူ၏။ 20ကိုယ်တော်သည် လူကို အစဉ်နိုင်တော်မူ၍၊ လူသည် ကွယ်ပျောက်တတ်ပါ၏။ ထူးခြားသောမျက်နှာကို ပေး၍ အခြားသို့ လွှတ်လိုက်တော်မူ၏။ 21သူ၏သားတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သော်လည်း သူသည်မသိရပါ။ နှိမ့်ချခြင်းသို့ ရောက်သော်လည်း ထိုအမှုကိုပင် မရိပ်မိပါ။ 22သို့ရာတွင် သူ၏ကိုယ်သည် ကိုက်ခဲလျက်၊ သူ၏ဝိညာဉ်သည် ညည်းတွားလျက် နေရပါသည်ဟု မြွက်ဆို၏။
Currently Selected:
ယောဘ 14: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.