ယောဘ 8
8
ဗိလဒဒ်မြွက်ဆိုခြင်း
1ရှုအာအမျိုးသား ဗိလဒဒ် မြွက်ဆိုသည်ကား၊ 2သင်သည် အဘယ်မျှကာလပတ်လုံး ဤသို့ပြောမည်နည်း။ သင်ပြောသောစကားသည် အဘယ်မျှကာလပတ်လုံး လေပြင်းကဲ့သို့ ဖြစ်မည်နည်း။ 3ဘုရားသခင်သည် မတရားသဖြင့် အပြစ်ပေးတော်မူမည်လော။ အနန္တတန်ခိုးရှင်သည် တရားကို ဖျက်တော်မူမည်လော။ 4သင်၏သားသမီးတို့သည် ဘုရားသခင်ကို ပြစ်မှားသောကြောင့်၊ ပြစ်မှားစဉ်တွင်၊ သူတို့ကို သုတ်သင်ပယ်ရှင်းတော်မူသော်လည်း၊ 5သင်သည်မဆိုင်းမလင့်၊ သန့်ရှင်းဖြောင့်မတ်သော သဘောနှင့် ဘုရားသခင်ကိုရှာ၍၊ အနန္တတန်ခိုးရှင်အား တောင်းပန်လျှင်၊ 6စင်စစ် သင့်အတွက် ကိုယ်တော်သည်ထပြီးလျှင် သင်၏ဖြောင့်မတ်သောနေရာကို ကောင်းစားစေတော်မူသဖြင့်၊ 7သင်သည် အစအဦး၌ ငယ်သော်လည်း၊ နောက်ဆုံး၌ အလွန်ကြီးပွားလိမ့်မည်။ 8လွန်လေပြီးသောကာလကို စစ်၍၊ ရှေးဘိုးဘေးတို့ကို မေးမြန်းခြင်းငှာ အားထုတ်ပါတော့။ 9ငါတို့သည် မနေ့၏သားဖြစ်၍ အလျှင်းမသိရပါ။ မြေကြီးပေါ်မှာ ငါတို့နေရသော နေ့ရက်ကာလသည် အရိပ်သက်သက်ဖြစ်၏။ 10ထိုသူတို့မူကား၊ သင့်ကိုဆုံးမသွန်သင်၍ မိမိတို့စိတ်နှလုံးထဲက မြွက်ဆိုကြလိမ့်မည်။ 11ဂမာပင်သည် ရွှံ့မရှိဘဲ ကြီးပွားနိုင်သလော။ မြစ်နားမှာ ပေါက်သောမြက်ပင်သည် ရေမရှိဘဲ ကြီးပွားနိုင်သလော။ 12ထိုအပင်သည် စိမ်းလျက် မရိတ်မဖြတ်သော်လည်း၊ အခြားအပင်ထက်သာ၍ ညှိုးနွမ်းတတ်၏။ 13ထိုသို့ ဘုရားသခင်ကို မေ့လျော့သော သူအပေါင်းတို့သည် ဆုံးခြင်းသို့ ရောက်ရကြလိမ့်မည်။ အဓမ္မလူ မျှော်လင့်စရာအကြောင်းသည် ပျက်လိမ့်မည်။ 14ထိုသူ မျှော်လင့်ရာလမ်းသည် ပြတ်လိမ့်မည်။ မှီခိုသောအရာသည်လည်း ပင့်ကူမြှေးကဲ့သို့ ဖြစ်လိမ့်မည်။ 15ထိုသူသည် မိမိအိမ်ကိုမှီ၍ အိမ်သည်အမှီမခံ။ လက်နှင့်ကိုင်သော်လည်း မတည်စေနိုင်။ 16သူသည် နေပူမှာ စိမ်းလန်းလျက်၊ အခက်အလက်အားဖြင့် မိမိဥယျာဉ်ကို နှံ့ပြားလျက်၊ 17အမြစ်အားဖြင့် စမ်းရေတွင်းကိုဝိုင်း၍ ကျောက်ထူသောအရပ်ကို တွေ့မြင်လျက်ရှိသော်လည်း၊ 18သူ့ကို သုတ်သင်ပယ်ရှင်း၍၊ မိမိနေရာအရပ်က သင်သည် ငါမတွေ့မမြင်စဖူးဟူ၍ သူ့ကိုငြင်းပယ်လိမ့်မည်။ 19ထိုသူ ဝမ်းမြောက်ရာလမ်းသည် ထိုသို့ဖြစ်၍၊ သူ့နေရာမြေ၌ အခြားသူတို့သည် ပေါက်ကြလိမ့်မည်။ 20စုံလင်သောသူကိုကား၊ ဘုရားသခင် စွန့်ပစ်တော်မမူ။ မတရားသဖြင့်ပြုသော သူတို့ကိုကား မစတော်မမူ။ 21ရယ်မောရသောအခွင့်၊ ရွှင်လန်းစွာ နှုတ်မြွက်ရသောအခွင့်ကို သင်၌ ပေးကောင်းပေးတော်မူမည်။ 22သင့်ကိုမုန်းသော သူတို့သည် ရှက်ခြင်းနှင့် ဖုံးလွှမ်းလျက်ရှိရကြလိမ့်မည်။ ဆိုးသောသူနေရာ အရပ်သည်လည်း ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို၏။
Currently Selected:
ယောဘ 8: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.