ရှင်လုကာ 2
2
ဖွားမြင်တော်မူခြင်း
(မ၊ ၁:၁၈-၂၅)
1ထိုအခါ တစ်နိုင်ငံလုံးကို စာရင်းယူစေခြင်းငှာ ကဲသာဘုရင် ဩဂုတ္တုသည် အမိန့်တော်ရှိ၏။- 2ကုရေနိသည် ရှုရိပြည်၌ မြို့ဝန်ဖြစ်စဉ်တွင်၊ ဤပထမစာရင်းယူခြင်း ဖြစ်သတည်း။- 3လူအပေါင်းတို့သည် စာရင်းဝင်ခြင်းငှာ အသီးအသီး မိမိတို့မြို့ရွာသို့ သွားကြ၏။- 4-5ယောသပ်သည်လည်း ဒါဝိဒ်အမျိုးအနွယ်ဖြစ်၍၊ ထိမ်းမြားဆောင်နှင်းသော မယားမာရိနှင့်အတူ စာရင်းဝင်ခြင်းငှာ၊ ဂါလိလဲပြည် နာဇရက်မြို့မှ ယုဒပြည်တွင် ဗက်လင်အမည်ရှိသော ဒါဝိဒ်၏မြို့သို့ သွား၏။ ထိုအခါ မာရိသည် ပဋိသန္ဓေအရင့်အမာရှိ၏။- 6ဗက်လင်မြို့၌ရှိနေစဉ်၊ ဖွားအံ့သော နေ့လစေ့လျှင်၊- 7သားဦးကိုဖွားမြင်၍ အဝတ်နှင့်ပတ်ရစ်ပြီးမှ၊ ဧည့်သည်တည်းရာဇရပ်၌ သူတို့နေစရာမရှိသောကြောင့်၊ သူငယ်ကို နွားစားခွက်၌ သိပ်ထားလေ၏။
သိုးထိန်းနှင့်ကောင်းကင်တမန်
8ထိုပြည်မှာ သိုးထိန်းတို့သည် ညအခါ တောအရပ်၌ တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေကြသည်ဖြစ်၍၊- 9ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူတို့အနားမှာပေါ်လာ၍၊ ပတ်ဝန်းကျင်၌ ထာဝရဘုရား၏ ဘုန်းတော် ထွန်းတောက်သဖြင့်၊ သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။- 10ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။- 11ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ။- 12သင်တို့သည် အဘယ်နိမိတ်ဖြင့် သိရမည်နည်းဟူမူကား၊ သူငယ်သည် အဝတ်နှင့်ပတ်ရစ်၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊- 13ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင်ဗိုလ်ခြေ အများတို့သည် ချက်ချင်းထင်ရှား၍၊- 14ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာ ရှိစေသတည်းဟု ဘုရားသခင်ကို ချီးမွမ်း၍မြွက်ဆိုကြ၏။
15ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံသို့ ပြန်ကြပြီးမှ သိုးထိန်းတို့က၊ ငါတို့သည် ဗက်လင်မြို့သို့ သွားကြကုန်အံ့။ ထာဝရဘုရားသည် ဖော်ပြတော်မူသော ဤအမှုအရာကို ကြည့်ကြကုန်အံ့ဟု အချင်းချင်း ပြောဆိုပြီးလျှင်၊- 16အလျင်အမြန်သွား၍ မာရိနှင့်ယောသပ်ကိုလည်းကောင်း၊ နွားစားခွက်၌ သိပ်ထားလျက်ရှိသော သူငယ်ကိုလည်းကောင်း တွေ့ကြ၏။- 17တွေ့မြင်ပြီးမှ မိမိတို့ကြားသော ထိုသူငယ်၏ အကြောင်းစကားကို အနှံ့အပြားပြောကြ၏။- 18သိုးထိန်းတို့ပြောသောစကားကို ကြားသောသူ ရှိသမျှတို့သည် အံ့ဩခြင်းရှိကြ၏။- 19မာရိသည် ထိုအကြောင်းအရာအလုံးစုံတို့ကို မှတ်ကျုံး၍ စဉ်းစားဆင်ခြင်လျက် နေ၏။- 20သိုးထိန်းတို့သည်လည်း မိမိတို့အား ပြောနှင့်သည်အတိုင်း ကြားမြင်သမျှသော အကြောင်းအရာကို ထောက်၍၊ ဘုရားသခင်ကို အံ့ဩချီးမွမ်းလျက် ပြန်သွားကြ၏။
သူငယ်ကိုနာမည်မှည့်ခြင်း
21ထိုသူငယ်အား အရေဖျားလှီးခြင်းကို ပေးရသောနေ့တည်းဟူသော ရှစ်ရက်မြောက်သောနေ့ ရောက်လျှင်၊ ပဋိသန္ဓေစွဲတော်မမူမီ ကောင်းကင်တမန်မှည့်သော ယေရှုအမည်ဖြင့် မှည့်ကြ၏။-#ဝတ်၊ ၁၂:၃။ လု၊ ၁:၃၁။
ဗိမာန်တော်မှာဆက်ကပ်ခြင်း
22ထိုနောက် မောရှေ၏ ပညတ်တရားအတိုင်း စင်ကြယ်ခြင်းကိုပြုရသော နေ့ရက်စေ့သောအခါ၊ မိဘတို့သည် သူငယ်ကို ယေရှုရှလင်မြို့သို့ ဆောင်သွား၍၊-#ဝတ်၊ ၁၂:၆-၈။ 23သားဦး ယောက်ျားအပေါင်းတို့သည် ဘုရားအဖို့သန့်ရှင်းရကြ၏ဟု ထာဝရဘုရား၏ ပညတ္တိကျမ်းလာသည်နှင့်အညီ၊ ထာဝရဘုရားအား ဆက်ကပ်ပြီးမှ၊-#ထွ၊ ၁၃:၂၊ ၁၂။ 24ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တစ်ခုခုကို ပူဇော်ရမည်ဟု ထာဝရဘုရား၏ ပညတ္တိကျမ်း လာပြန်သည်နှင့်အညီ ယဇ်ပူဇော်ကြ၏။
25ထိုအခါ ရှုမောင်အမည်ရှိသော သူတစ်ယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည် ဖြောင့်မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မျှော်လင့်သောသူ ဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ တည်သည်ဖြစ်၍၊- 26သူသည် ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မီ မသေရဟု ဗျာဒိတ်တော်ကိုရ၏။- 27ထိုအခါ သူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ်တရားထုံးတမ်းအတိုင်း ပြုခြင်းငှာ ဆောင်သွားစဉ်တွင်၊- 28ရှုမောင်သည် ယေရှုကို လက်နှင့်ချီပိုက်၍၊- 29ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်း ကိုယ်တော်၏ကျွန်သည် ငြိမ်ဝပ်စွာ စုတေရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။- 30-32ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှာလည်းကောင်း၊ တစ်ပါးအမျိုးသားတို့ကို လင်းစေခြင်းငှာလည်းကောင်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသော အလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့် မြင်ရပါ၏ဟု မြွက်ဆို၏။-#ဟေရှာ၊ ၄၂:၆၊ ၄၉:၆၊ ၅၂:၁၀။ 33ထိုစကားများကို ယောသပ်နှင့်မယ်တော်သည် ကြားလျှင် အံ့ဩခြင်းရှိကြ၏။- 34ရှုမောင်သည်လည်း သူတို့ကို ကောင်းကြီးပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလလူအများ လဲမည်အကြောင်း၊ အများ ထမည်အကြောင်း၊ လူအများတို့၏အကြံအစည်ကို ထင်ရှားစေခြင်းငှာ ငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားသောသူဖြစ်၏။- 35ထိုမှတစ်ပါး သန်လျက်သည် သင်၏စိတ်နှလုံးကို ခွင်းလိမ့်မည်ဟု မြွက်ဆို၏။-
36အာရှာအမျိုးဖြစ်သော ဖနွေလ၏သမီး၊ အန္နအမည်ရှိသော ပရောဖက်မတစ်ယောက်ရှိ၏။ သူသည် ပျိုသောအရွယ်မှစ၍ ခုနစ်နှစ်သာလင်နှင့် နေပြီးလျှင်၊- 37အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင် မုဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွာဘဲနေ၏။-
38သူသည်လည်း ထိုခဏချင်းတွင်ဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှလင်မြို့၌ ရွေးနုတ်ခြင်းအရာကို မျှော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။
နာဇရက်မြို့သို့ပြန်ခြင်း
39မိဘတို့သည် ထာဝရဘုရား၏ ပညတ်တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင်ပြုပြီးမှ၊ ဂါလိလဲပြည်၊ နာဇရက်အမည်ရှိသော မိမိတို့မြို့သို့ ပြန်ကြ၏။-#မ၊ ၂:၂၃။ 40သူငယ်သည်လည်း ကြီးပွား၍ ပညာဉာဏ်သတ္တိနှင့် ပြည့်စုံ၏။ ဘုရားသခင်၏ ကျေးဇူးတော်သည်လည်း သူ့အပေါ်၌တည်၏။
ဗိမာန်တော်တွင်ဆွေးနွေးခြင်း
41မိဘတို့သည် နှစ်တိုင်းအစဉ် ပသခါပွဲခံချိန် ရောက်လျှင်၊ ယေရုရှလင်မြို့သို့ သွားကြ၏။- 42ယေရှုသည် တစ်ဆယ်နှစ်နှစ်ရှိသောအခါ ပသခါပွဲထုံးစံအတိုင်း ယေရုရှလင်မြို့သို့ တက်ကြ၍၊-#ထွ၊ ၁၂:၁-၂၇။ တရား၊ ၁၆:၁-၈။ 43ပွဲနေ့ရက်လွန်ပြီးမှ မိဘတို့သည်ပြန်ကြလျှင်၊ သူငယ်ယေရှုသည် ယေရုရှလင်မြို့၌ နေရစ်လေ၏။ ယောသပ်နှင့် မယ်တော်သည် ထိုအကြောင်းကို မသိ၍၊- 44အပေါင်းအဖော်စုထဲမှာ သူငယ်ပါသည်ဟု စိတ်ထင်နှင့် တစ်နေ့ခရီးသွားမိလျှင်၊ အဆွေအမျိုး အသိအကျွမ်းတို့တွင် ရှာ၍၊- 45မတွေ့သောအခါ ယေရုရှလင်မြို့သို့ ပြန်၍ရှာကြ၏။- 46သူငယ်မူကား၊ ဗိမာန်တော်၌ ဆရာများအလယ်မှာထိုင်၍ ထိုသူတို့နှင့် ဆွေးနွေးမေးမြန်းလျက်ရှိသည်ကို မိဘတို့သည် သုံးရက်ကြာမှ တွေ့ကြ၏။- 47သူ၏စကားကို ကြားသောသူအပေါင်းတို့သည် သူ၏ပညာကိုလည်းကောင်း၊ စကားအဖြေကိုလည်းကောင်း အံ့ဩကြ၏။- 48မိဘတို့သည် သားကိုမြင်လျှင် မိန်းမောတွေဝေ၍ မယ်တော်က၊ ငါ့သား၊ အဘယ်ကြောင့် ငါတို့အား ဤသို့ ပြုသနည်း။ ညှိုးငယ်ကြောင့်ကြသောစိတ်နှင့် မိဘတို့သည် မောင်ကိုရှာကြပြီဟု ဆိုသော်၊- 49ယေရှုက၊ မိဘသည် အဘယ်ကြောင့် အကျွန်ုပ်ကို ရှာရပါသနည်း။ အကျွန်ုပ်သည် အဘ၏အိမ်၌ နေရသည်ကို မသိပါသလောဟု ပြောဆိုလျှင်၊- 50သူတို့သည် ထိုစကားကို နားမလည်ကြ။- 51ထိုနောက် ယေရှုသည် မိဘတို့နှင့်အတူသွားသဖြင့် နာဇရက်မြို့သို့ရောက်၍ သူတို့စကားကို နားထောင်လျက် နေလေ၏။ ထိုအကြောင်းအရာ အလုံးစုံတို့ကို မယ်တော်သည် နှလုံးထဲ၌ မှတ်ကျုံးလေ၏။- 52ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက်၊ ဘုရားသခင့်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏။#၁ရာ၊ ၂:၂၆။ သု၊ ၃:၄။
Currently Selected:
ရှင်လုကာ 2: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.