ဆာလံ 5
5
စောင့်ထိန်းတော်မူရန်ဆုတောင်း
1အိုထာဝရဘုရား၊ အကျွန်ုပ်၏စကားကိုနားထောင်တော်မူ၍၊ အကျွန်ုပ်မြည်တမ်းခြင်းကို ဆင်ခြင်တော်မူပါ။ 2အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုဆုတောင်းသည်ဖြစ်၍၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ။ 3အိုထာဝရဘုရား၊ နံနက်အခါ အကျွန်ုပ်စကားသံကို ကြားတော်မူရပါ၏။ နံနက်အခါကိုယ်တော်ကို မျက်မှောက်ပြု၍ မျှော်လင့်ပါမည်။ 4ကိုယ်တော်သည် မတရားသောအမှုကို နှစ်သက်သောဘုရား မဟုတ်။ ဆိုးသောသူကို လက်ခံတော်မမူ။ 5မိုက်သောသူသည် အထံတော်သို့ မဝင်ရ။ မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို မုန်းတော်မူ၏။ 6မုသားစကားပြောသောသူတို့ကို ဖျက်ဆီးတော်မူ၏။ လူအသက်ကိုသတ်တတ်သောသူနှင့် လှည့်စားတတ်သောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ 7အကျွန်ုပ်မူကား၊ များစွာသော ကျေးဇူးတော်ကိုခံစားရသဖြင့်၊ အိမ်တော်သို့ရောက်၍၊ ကိုယ်တော်ကို ကြောက်ရွံ့သောစိတ်နှင့် သန့်ရှင်းသောဗိမာန်တော်တွင် ကိုးကွယ်ပါလိမ့်မည်။
8အိုထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့ကြောင့် အကျွန်ုပ်ကို တရားတော်လမ်းထဲသို့ ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏လမ်းကို အကျွန်ုပ်ရှေ့မှာဖြောင့်စေတော်မူပါ။ 9သူတို့၏နှုတ်တွင် သစ္စာမရှိပါ။ သူတို့နှလုံးသည် အလွန်ဆိုးပါ၏။ သူတို့၏လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းတွင်း ဖြစ်ပါ၏။ သူတို့သည် လျှာနှင့် ချော့မော့တတ်ကြ၏။#ရော၊ ၃:၁၃။ 10အိုဘုရားသခင်၊ သူတို့အပေါ်မှာ အပြစ်ရောက်စေတော်မူပါ။ မိမိတို့အကြံအစည်အားဖြင့် လဲကြပါစေသော။ ကိုယ်တော်ကို ပုန်ကန်သောသူဖြစ်၍၊ ပြစ်မှားသော အပြစ်များသောကြောင့်၊ သူတို့ကို နှင်ထုတ်တော်မူပါ။
11ကိုယ်တော်ကို ကိုးစားသောသူတို့မူကား၊ ဝမ်းမြောက်ကြပါစေသော။ စောင့်ရှောက်တော်မူခြင်းကိုခံရ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော်ကြပါစေသော။ နာမတော်ကိုချစ်သောသူတို့သည် ကိုယ်တော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိကြပါစေသော။ 12အိုထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူကို ကောင်းချီးပေး၍ ကျေးဇူးတော်အားဖြင့် ကွယ်ကာစောင့်မတော်မူလိမ့်သတည်း။
Currently Selected:
ဆာလံ 5: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.