ရောမ 8
8
ဝိညာဉ်အားဖြင့်အသက်ရှင်ခြင်း
1ဘုရားသခင် ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏။- 2ယေရှုခရစ်၌တည်၍ အသက်ရှင်စေသော ဝိညာဉ်တော်၏တရားသည် အပြစ်တရား၏ လက်မှလည်းကောင်း၊ သေခြင်းတရား၏လက်မှလည်းကောင်း၊ ငါ့ကိုကယ်လွှတ်ပြီ။- 3ဇာတိပကတိကြောင့် ပညတ်တရားသည် အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြုတော်မူခြင်းငှာ၊ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏ သဏ္ဌာန်ကိုဆောင်သော မိမိသားတော်ကို စေလွှတ်တော်မူ၍၊ အပြစ်ဖြေဖို့ရာ ဇာတိပကတိ၌ အပြစ်ကို ဒဏ်ပေးတော်မူ၏။- 4အကြောင်းမူကား၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောငါတို့သည်၊ တရား၌ပါသော ပညတ်တို့ကို စောင့်ရှောက်မည်အကြောင်းတည်း။- 5ဇာတိပကတိရှိသောသူတို့သည် ဇာတိပကတိနှင့် စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။ ဝိညာဉ်ပကတိရှိသော သူတို့မူကား၊ ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။- 6ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်း ဖြစ်၏။ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ်၏။- 7အဘယ်ကြောင့်နည်းဟူမူကား၊ ဇာတိပကတိ စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏ တရားတော်အလိုသို့ မလိုက်တတ်။ ထိုမျှမက မလိုက်နိုင်။- 8ထိုကြောင့် ဇာတိပကတိ၌ ကျင်လည်သော သူတို့သည် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်ကြ။- 9သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်ကို မရသောသူမည်သည်ကား ခရစ်တော်နှင့်မဆိုင်။- 10ခရစ်တော်သည် သင်တို့အထဲ၌ရှိတော်မူလျှင်၊ ကိုယ်ကာယသည် အပြစ်ကြောင့် အသေဖြစ်သော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။- 11ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသည် သင်တို့အထဲ၌ ကျိန်းဝပ်သော မိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။#၁ကော၊ ၃:၁၆။
12သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် ဇာတိပကတိအတိုင်း ကျင့်ရမည်အကြောင်း၊ ဇာတိပကတိ၏ကျွန် ဖြစ်ကြသည်မဟုတ်။- 13သင်တို့သည် ဇာတိပကတိအတိုင်းအသက်ရှင်လျှင် သေရကြမည်။ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ၏အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။- 14ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူသမျှသော သူတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။- 15အကြောင်းမူကား၊ သင်တို့သည် တစ်ဖန် ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ရကြသည်မဟုတ်။ အဗ္ဗအဘဟုခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း၏ သဘောကိုရကြပြီ။-#ဂလ၊ ၄:၆။ 16ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။- 17သားမှန်လျှင် အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့်ဆက်ဆံသော အမွေခံလည်း ဖြစ်ကြ၏။-#ဂလ၊ ၄:၅-၇။
အနာဂတ်ဘုန်းအသရေ
18ငါတို့အား ပေါ်ထွန်းလတ္တံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။- 19ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တ မျှော်လင့်လျက်နေ၏။- 20ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလို လိုက်သည်မဟုတ်။- 21ဘုရားသခင်သားတို့၏ ထူးမြတ်သော လွှတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကို ဝင်စားမည်ဟု မျှော်လင့်ရသော အခွင့်ကိုပေး၍ အနိစ္စနိုင်ငံသို့ လိုက်စေတော်မူသောသူ၏ အလိုတော်ကြောင့်သာ လိုက်ရ၏။- 22ဤလောကတစ်နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟု ငါတို့သိကြ၏။- 23ထိုမျှမက ဝိညာဉ်တော်၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသော ကိုယ်ခန္ဓာ ရွေးနုတ်ခြင်းချမ်းသာကို မျှော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။-#၂ကော၊ ၅:၂-၄။ 24ငါတို့သည် မျှော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ မျှော်လင့်သောအရာကို တွေ့မြင်လျှင် မျှော်လင့်စရာအကြောင်း မရှိ။ တွေ့မြင်သောအရာကို အဘယ်ကြောင့် မျှော်လင့်ရမည်နည်း။- 25ငါတို့သည် မတွေ့မမြင်သောအရာကို မျှော်လင့်လျှင်မူကား၊ ထိုအရာကို သည်းခံသောစိတ်နှင့် ငံ့လင့်၍ နေကြ၏။- 26ထိုမှတစ်ပါး၊ ငါတို့ မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။- 27စိတ်နှလုံးကို စစ်တော်မူသောသူသည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သန့်ရှင်းသူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏အလိုတော်နှင့်အညီ စောင့်မတော်မူ၏။
28ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။- 29ဘုရားသခင်၏သားတော်သည် အများသောညီတို့တွင် သားဦးဖြစ်တော်မူမည်အကြောင်း၊ ဘုရားသခင်သည် ရှေ့မဆွကသိတော်မူသော သူတို့ကို သားတော်၏ပုံသဏ္ဌာန်နှင့် တညီတည်းဖြစ်စေခြင်းငှာ ရှေ့မဆွက ခွဲခန့်မှတ်သားတော်မူ၏။- 30ထိုသို့ ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူသော သူတို့ကိုလည်း ဖြောင့်မတ်ရာ၌ တည်စေတော်မူ၏။ ထိုသို့ တည်စေတော်မူသော သူတို့ကိုလည်း ချီးမြှောက်တော်မူ၏။
ယေရှုခရစ်၌ဘုရားသခင်၏မေတ္တာတော်
31သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့ ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တစ်ဖက်၌ နေနိုင်မည်နည်း။- 32မိမိသားတော်ရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှ အဖို့အလိုငှာ စွန့်တော်မူသောသူသည်၊ သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း။- 33ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား ဘုရားသခင်ပေတည်း။- 34အပြစ်စီရင်သောသူကား အဘယ်သူနည်း။ အသေခံ၍ခံသည်သာမက၊ သေခြင်းမှထမြောက်၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌နေလျက်၊ ငါတို့အဖို့ ဆုတောင်းသောသူကား ခရစ်တော်ပေတည်း။- 35ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့် ငါတို့ကို အဘယ်သူကွာစေမည်နည်း။- 36အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ် အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဖို့ရာထားသော သိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတစ်ပါး မှတ်တတ်ကြပါ၏ဟု ကျမ်းစာလာသည်နှင့်အညီ၊ ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက်ခြင်းကို ခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို ကွာစေမည်နည်း။-#ဆာ၊ ၄၄:၂၂။ 37မကွာစေသည်သာမက၊ ငါတို့ကို ချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထိုအမှုခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ၏။- 38အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ၊- 39အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။
Currently Selected:
ရောမ 8: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.