YouVersion Logo
Search Icon

Matthew 12

12
1တစ်နေ့သောဥပုသ်နေ့တွင် ကိုယ်တော်ယေရှုနှင့်သူ၏ တပည့်တို့သည် ဂျုံခင်းများကိုဖြတ်ကျော်၍ လမ်းလျှောက်လာကြလေ၏။ သူ၏တပည့်တို့သည် ဆာလောင်လာ၍ ဂျုံစေ့များကို ခူးယူစားသောက်ကြလေသည်။ 2.အချို့သောဖာရိရှဲတို့သည် ဤအခြင်းအရာတို့ကို သတိထားမိသောကြောင့် ကိုယ်တော်အား ‘ကြည့်စမ်း၊သင့်ရဲ့တပည့်တွေဟာ ဥပုသ်နေ့မှာ သီးနှံတွေကို ဘာကြောင့်ခူးဆွတ်ကြပါသလဲ၊ သူတို့ဟာ မလုပ်သင့်တဲ့အလုပ်ကို လုပ်ကြတယ်’ ဟူ၍ပြောဆိုကြလေသည်။ 3ထိုအခါကိုယ်တော်ကဖာရိရှဲတို့အား ‘ဒါဝိဒ်မင်းဟာ သူ့နောက်လိုက်တွေဆာလောင်တဲ့အခါ ဘယ်လိုလုပ်ဆောင်ခဲ့သလဲဆိုတဲ့အကြောင်းကို ခင်ဗျားတို့ မဖတ်ဖူးဘူးလား၊ 4.သူတို့ဟာဘုရားရှင်ကိုကိုးကွယ်ဝတ်ပြုရာဗိမာန်တော်ထဲကိုဝင်သွားပြီး ပေါင်မုန့်တွေကိုစားလိုက်ကြတယ်။မောရှေပညတ်တော်အရဘုရားရှေ့တော်မှောက်မှာရှိတဲ့မုန့်ကိုဘာသာရေးခေါင်းဆောင်တွေကလွဲပြီးဘယ်သူမှစားခွင့်မရှိလို့သတ်မှတ်ထားတယ်။ 5ဥပုသ်နေ့ဆိုင်ရာပညတ်တော်အရ၊ ဥပုသ်နေ့မှာ ဘာသာရေးခေါင်းဆောင်တွေဟာ ဗိမာန်တော်ကို သွားပြီး အလုပ်လုပ်တဲ့အတွက် ဥပုသ်မကျိုး ၊အပြစ်မသင့် ဆိုပြီးရေးထားတဲ့ပညတ်တော်ကို ခင်ဗျားတို့မဖတ်ဖူးဘူးလား။ 6ဒါပေမယ့်ခင်ဗျားတို့ကိုငါပြောပြမယ် ၊ဒီနေရာမှာ ဗိမာန်တော်ထက် ပိုပြီးမြင့်မြတ်တဲ့အရာရှိနေတယ်။ 7ကျမ်းစာမှာ ‘ယဇ်ပူဇော်ပြီး ငါ့အားကိုးကွယ်ဆည်းကပ်ကြမည့်အစား အခြားသောသူအား သနားဂရုဏာထားကြသည်ကို ငါအလိုရှိတော်မူ၏’ ဟူသောကျမ်းစာ၏ အဓိပ္ပါယ်ဆိုလိုရင်းကို သင်တို့သိလျှင် ဒီတပည့်တော်တွေကို သင်တို့အပြစ်တင်ကြလိမ့်မည်မဟုတ်။ 8.ဒါကြောင့် ‘လူ့သားတော်ဟာ ဥပုသ်နေ့ကိုအစိုးရတဲ့သူဖြစ်တယ်’ ဟူ၍ ပြန်လည်ဖြေကြားလိုက်လေသည်။ 9ကိုယ်တော်ယေရှုသည် ၎င်းနေရာမှထွက်ခွာလာပြီး ယုဒလူမျိုးတို့၏ ဓမ္မာရုံသို့ ရောက်လာသည်။ 10.ထိုနေရာတွင် လက်တစ်ဖက်လေဖြတ်နေသူတစ်ဦးရှိလေသည်။ သူတို့ကကိုယ်တော်အား ‘ ပညတ်တော်အရ ဥပုသ်နေ့မှာ ရောဂါကုသပေးလို့ရပါသလား’ ဟုမေးကြ၏။ထိုသို့မေးရခြင်းမှာကိုယ်တော်ယေရှုအားမောရှေပညတ်တော်ကိုချိုးဖောက်သည်ဟုစွပ်စွဲလိုသောကြောင့်ဖြစ်လေသည်။ 11ကိုယ်တော်က ‘မင်းတို့ရဲ့ သိုးတစ်ကောင်ဟာ ဥပုသ်နေ့မှာ တွင်းထဲကျသွားရင် ဆွဲမတင်ဘဲနေမလား’ 12.လူဟာ သိုးထက်အလွန်တရာ အဖိုးထိုက်တန်တယ်။ ဒါကြောင့်ဥပုသ်နေ့မှာ ကောင်းသောအမှုကို ပြုလုပ်နိုင်ခွင့်ရှိတယ်’ဟူ၍မိန့်ကြားတော်မူလေသည်။ 13ထိုနောက်တွင် ကိုယ်တော်က ထိုလူအား ‘မင်းရဲ့လက်တွေကို ဆန့်ထုတ်လိုက်ပါ’ ဟုမိန့်တော်မူလိုက်လျှင် ထိုလူသည် လက်ကိုဆန့်ထုတ်လိုက်ရာ အခြားလက်တစ်ဖက်ကဲ့သို့ပင် အကောင်းပကတိဖြစ်သွားခဲ့လေသည်။ 14.ဖာရိရှဲများလည်း ဓမ္မာရုံမှထွက်ခွါသွားပြီးလျှင် ကိုယ်တော်အားအသေသတ်ပစ်ရန် တိုင်ပင်ကြံစည်ကြလေတော့သည်။ 15ကိုယ်တော်ယေရှုသည် ထိုအဖြစ်အပျက်များအား သိရှိတော်မူသဖြင့် သူသည်ထိုနေရာမှ ထွက်ခွာလာရာလူထုပရိသတ်ကြီးသည် သူ့နောက်မှလိုက်လာနေကြလေသည်။ သူသည်လူနာအားလုံးအား ကုသပေးတော်မူလေသည်။ 16.သို့ရာတွင်သူ့အကြောင်းကို မည်သူ့ကိုမှ မပြောရန် သတိပေးလိုက်လေသည်။ 17.ထို့ကြောင့်ဘုရားရှင်၏ဗျာဒိတ်တော်အား ဟေရှာယကျမ်းတွင် ပညာရှိပရောဖက်များ ရေးသားဖော်ပြသည့်အတိုင်း မှန်ကန်လာလေသည်။ ၎င်းကျမ်းတွင် 18"ကြည့်လိုက်ကြပါ၊ ဤသူသည် ငါရွေးချယ်သော အစေခံဖြစ်ပြီး ငါသည်သူ့အားချစ်မြတ်နိုးတော်မူသည်။ ငါ့ဝိညာဉ်တော်သည် သူ့အားသက်ရောက်စေရမည်။ ပြီးလျှင်သူသည် ယုဒလူမျိုးမဟုတ်သောလူမျိုးခြားတို့အား တရားစီရင်ခြင်းအ‌ကြောင်း တို့ကို ဟောပြောပါလိမ့်မည်။ 19သူသည် ရန်ဖြစ်မည့်သူ၊ငြင်းခုန်မည့်သူမဟုတ်။သူသည် လမ်းပေါ်တွင်အော်ဟစ်ပြောမည့်သူမဟုတ်။ 20.သူသည်ကိုင်းညွတ်လျှက်ရှိသော ကိုင်းပင်ကိုမချိုး၊ ငြိမ်းခါနီးမီးကိုလည်းငြိမ်းသတ်မည်မဟုတ်။ သူသည်တရားမျှတမှုစိုးမိုးလာသည့်အချိန်အထိ ဦးဆောင်လိမ့်မည်။ 21.လူမျိုးအပေါင်းတို့သည်လည်း သူ့အားမျှော်လင့်အားကိုးကြလိမ့်မည်"ဟုဖော်ပြထားလေသည်။ 22လူတစ်ချို့က နတ်ဆိုးပူးနေ၍ စကားမပြော၊ မျက်စိမမြင်နိုင်သူတစ်ဦးကို ကိုယ်တော်ထံခေါ်ယူလာခဲ့ကြသည်။ ကိုယ်တော်က ကုသပေးလိုက်ပြီးနောက် ထိုသူသည် စကားပြောနိုင်ပြီး မျက်စိပါပြန်မြင်လာရသည်။ 23.လူထုပရိသတ်တို့သည် အလွန်အံ့ဩသွားကြပြီး ‘ဒီလူ ဟာ ဒါဝိဒ်မင်းကြီးရဲ့ သား ဟုတ်သလား’ဟု မေးမြန်းကြလေသည်။ 24ဤအကြောင်းအရာများကို ဖာရိရှဲတို့ကြားရသောအခါ သူတို့က ‘ဒီလူဟာ မကောင်းဆိုးဝါးဘုရင် ဗေလဇေဗုလရဲ့တန်ခိုးအာဏာတွေသုံးပြီး မကောင်းဆိုးဝါးတွေကို မောင်းထုတ်ခြင်းပဲဖြစ်တယ်’ဟု ပြောခဲ့ကြလေသည်။ 25.ကိုယ်တော်ယေရှုသည် သူတို့တွေးထင်နေသောအရာတို့ကို သိတော်မူသဖြင့် သူတို့အား " အချင်းချင်းကွဲပြားသောနိုင်ငံတိုင်းပျက်စီးသွားကြရလိမ့်မယ်။ အချင်းချင်းကွဲပြားသောမြို့ရွာတိုင်း၊ မိသားစုတိုင်းရပ်တည်လို့ရမှာမဟုတ်ဘူး" 26"စေတန်မာရ်နတ်က သူ့ရဲ့မကောင်းဆိုးဝါးတွေကို မောင်းထုတ်ရင် သူ့ကိုသူ တိုက်ခိုက်နေသလိုပဲဖြစ်တယ်။ဒီလိုဆိုရင် သူ့ရဲ့နိုင်ငံက ဘယ်လိုရပ်တည်လို့ရနိုင်မလဲ။ 27တကယ်လို့ ငါဟာ ဗေလဇေဗုလရဲ့တန်ခိုးနဲ့ မကောင်းဆိုးဝါးတွေကို မောင်းထုတ်တယ်ဆိုရင် မင်းတို့ရဲ့နောက်လိုက်တွေကဘယ်သူရဲ့တန်ခိုးနဲ့မောင်းထုတ်ကြသလဲ။ ဒီအကြောင်းပြချက်တွေက မင်းတို့ရဲ့တပည့်တွေကပဲ မင်းတို့ကို စီရင်ဆုံးဖြတ်ပေးမယ့်သူတွေဖြစ်တယ်။ 28ဒါပေမယ့် ငါဟာ မကောင်းဆိုးဝါးတွေကို မောင်းထုတ်တဲ့အခါမှာ ဘုရားဝိညာဉ်တော်တန်ခိုးနဲ့ မောင်းထုတ်ခြင်းဖြစ်တဘ်။ ဒါကြောင့်ဘုရားရှင်ရဲ့သာသနာတော်ဟာ မင်းတို့အပေါ်စိုးမိုးလျှက်ရှိနေပြီ။ 29.ဘယ်သူတွေကခွန်အားကြီးသူကို ချည်နှောင်ထားခြင်းမရှိဘဲ သူ့အိမ်ထဲကို ဝင်ပြီး ဘယ်လိုခိုးလို့ရနိုင်ပါ့မလဲ။ သူ့ကို ချည်နှောင်ပြီးမှသာ သူ ဥစ္စာ တွေကိုခိုးလို့ရလိမ့်မယ်။ 30.ငါနဲ့အတူမရှိသူဟာ ငါ့ကိုဆန့်ကျင်သူဖြစ်တယ်။ ငါနဲ့အတူ မရိတ်သိမ်းသူဟာ သီးနှံတွေကို ကြဲဖြန့်သူဖြစ်တယ်။ 31ဒါကြောင့် မင်းတို့ကို ငါ ပြောပြမယ်‘ဘုရားရှင်ဟာ လူတွေရဲ့အပြစ်ဒုစရိုက်တွေ၊ပြစ်မှားပြောဆိုတာတွေအားလုံးကို ခွင့်လွှတ်နိုင်ပေမယ့် ဘုရားရှင်ရဲ့ဝိညာဉ်တော်ကိုပြစ်မှားမိရင်ခွင့်လွှတ်လို့ရမှာမဟုတ်ဘူး။ 32. ‘လူ၏သားတော်’ကို ပြစ်မှားပြောဆိုရင် ခွင့်လွှတ်နိုင်ပေမယ့်ဘုရားဝိညာဉ်တော်ကို ပြစ်မှားပြောဆိုမိသူဟာ ဒီဘဝ သာမက နောင်ဘဝပါ ခွင့်လွှတ်ခြင်းမခံရ’ 33အပင်ကောင်းက အသီးကောင်းကိုသာသီးတတ်တယ်။ အပင်ညံ့ရင် အသီးအညံ့အဖျင်းသာသီးတတ်တယ်။ အသီးကိုကြည့်ပြီး အပင်အကြောင်းကိုပြောလို့ရတယ်။ 34.‘ မြွေဆိုးရဲ့အမျိုးတွေ၊ မင်းတို့ဟာ ယုတ်မာသူတွေ ဖြစ်တဲ့အတွက် ကောင်းမြတ်စကားတွေဘယ်လိုလုပ်ပြောနိုင်မှာလဲ၊ မင်းတို့နှုတ်ထွက်စကားတွေက မင်းတို့ရဲ့စိတ်နှလုံးသားကို ဖော်ပြနေတယ်၊ 35.သူတော်ကောင်းတွေကတော့ သူတို့ရဲ့ကောင်းမြတ်တဲ့စိတ်နှလုံးသား ဘဏ္ဍာတိုက်ထဲက ကောင်းမြတ်တဲ့အရာတွေကို ထုတ်ဖော်ကြသလို ၊ လူယုတ်မာတွေကလဲ သူတို့ရဲ့ဆိုးယုတ်တဲ့ စိတ်နှလုံးသားဘဏ္ဍာတိုက်ထဲက ယုတ်ညံ့တဲ့အရာကိုသာထုတ်ဖော်တတ်ကြတယ်။ 36မင်းတို့ကို ငါပြောပြမယ်၊တရားစီရင်တဲ့နေ့မှာ လူတိုင်းဟာ သူတို့နှုတ်က အကျိုးယုတ်တဲ့စကား တွေအတွက် အပြစ်ဒဏ်ခံရလိမ့်မယ်။။ 37.အဲဒီနေ့မှာမင်းတို့အပြစ်ခံထိုက်တယ်၊မခံထိုက်ဘူးဆိုတာကို မင်းတို့ရဲ့နှုတ်ထွက်စကားတွေအရ ဘုရားရှင်က စီရင်ဆုံးဖြတ်ပါလိမ့်မယ်”ဟု မိန့်တော်မူလေသည်။ 38တစ်ချို့သောဖာရိရှဲများနှင့် မောရှေကျမ်းဆရာတို့က ‘ဆရာ ကျွန်တော်တို့ကို ကိုယ်တော်ပြောတာတွေ အမှန်ဖြစ်ကြောင်း နိမိတ်လက္ခဏာတစ်ခု ပြပါ’ဟုလျှောက်တင်ကြလေသည်။ 39.သို့သော် ကိုယ်တော်က ‘လူယုတ်မာတွေ နဲ့ အမျိုးယုတ်တွေသာ ဒီလို နိမိတ်လက္ခဏာကို ရှာဖွေကြတယ်။ ဒါပေမယ့် ပညာရှိပရောဖက်ယောနရဲ့ နိမိတ်လက္ခဏာကလွဲလို့ ခင်ဗျားတို့ကို ဘာနိမိတ်လက္ခဏာ မှပြမှာမဟုတ်ဘူး။ 40ယောနဟာငါးရဲ့ဝမ်းဗိုက်ထဲမှာ သုံးရက်တိုင်တိုင်နေခဲ့ရသလိုပဲ ‘လူ၏သားတော်’ဟာလည်း သင်္ချိုင်းဂူထဲမှာ သုံးရက်တိုင်တိုင်နေရလိမ့်မယ်။ 41တရားစီရင်တော်မူတဲ့နေ့မှာ ဒီမှာရှိနေတဲ့လူတွေနဲ့အတူ နိနေဝေမြို့သားတွေဟာ မတ်တပ်ရပ်ပြီး ဒီကိစ္စအတွက်ပြစ်တင်ရှုံ့ချကြပါလိမ့်မယ်။ ဒါပေမယ့်နိနေဝေမြို့သားတွေဟာ ယောနဟောပြောခဲ့တဲ့အတွက် နောင်တသံဝေဂရခဲ့ကြတယ်။ ဒါပေမယ့် ကြည့်လိုက်ပါ၊ ဒီနေရာမှာ ယောန ထက်ကြီးမြတ်သူတစ်ဦး ရောက်နေပြီဖြစ်တယ်။ 42ဒက္ခိဏပြည် တောင်ပိုင်းဘုရင်မကလည်း ဒီမှာရှိတဲ့လူတွေနဲ့အတူ တရားစီရင်တော်မူတဲ့နေရာမှာမတ်တပ်ရပ်ပြီး ဒီကိစ္စအတွက် ပြစ်တင်ရှုံ့ချပါလိမ့်မယ်။ သူမဟာ ပညာရှိရှောလမုန်အကြောင်းကိုကြားသိရတဲ့အတွက် ခရီးထွက်လာခဲ့ခြင်းဖြစ်တယ်။ ဒါပေမယ့် ကြည့်လိုက်ပါ ၊ဒီနေရာမှာ ရှောလမုန်ထက်ကြီးမြတ်တဲ့ သူတစ်ဦးရောက်ရှိနေပြီဖြစ်တယ်”ဟု မိန့်တော်မူလေသည်။ 43မကောင်းဆိုးဝါးတစ်ကောင်ဟာ သူပူးဝင်ထားတဲ့ လူတစ်ယောက်ဆီက ထွက်ခွာသွားတယ်။သူဟာ ခြောက်သွေ့ပြီးလူသူမရှိတဲ့အရပ်ကို ဖြတ်သွားရတဲ့အတွက်နားစရာနေရာတစ်ခုကို ရှာကြည့်လိုက်တယ်။ဒါပေမယ့် အဲဒီမကောင်းဆိုးဝါးဟာ နားစရာနေရာ ရှာမတွေ့တဲ့အတွက် 44သူထွက်ခွာလာခဲ့တဲ့အိမ်ကို ပြန်သွားဖို့ဆုံးဖြတ်လိုက်တယ်။ အဲဒီအိမ်ကို ရောက်တဲ့အခါမှာ အရာအားလုံးသန့်ရှင်းသပ်ရပ်နေပေမယ့် ဘုရားရှင်ရဲ့ဝိညာဉ်တော်မသက်ရောက်သေးတာကိုတွေ့လိုက်ရတယ်။ 45ဒီမကောင်းဆိုးဝါးဟာ သူ့ထက်ဆိုး တဲ့ မကောင်းဆိုးဝါး ခုနစ်ကောင်ကိုပါ ခေါ်လာပြီး ပူးဝင်ကြတဲ့အတွက် ထိုလူရဲ့အခြေအနေဟာ အယင်ကထက် ပိုဆိုးသွားတော့တယ်။၊ ဒီဆိုးယုတ်တဲ့ အခုခေတ်လူတွေလည်း ဒီလူလို ခံစားရလိမ့်မယ်" ဟုမိန့်တော်မူလေသသည်။ 46ကိုယ်တော်သည် လူထုပရိသတ်တို့အား ဆက်လက်ဟောပြောနေစဉ် သူ၏မယ်တော်နှင့်ညီအစ်ကိုတို့သည် သူနှင့်စကားပြောလို သောကြောင့် လာ၍အပြင်၌ရပ်စောင့်နေကြသည်။ 47.လူတစ်ယောက်က "ကိုယ်တော်ရဲ့မယ်တော်နဲ့ ညီအစ်ကိုတွေ ၊ကိုယ်တော်နဲ့စကားပြောချင်လို့ အပြင်မှာရပ်စောင့်နေကြပါတယ်" ဟုလာ၍ လျှောက်တင်လေသည်။ 48ကိုယ်တော်ကထိုသူအား "ငါ့ရဲ့မယ်တော်နဲ့ ညီအစ်ကိုတွေက ဘယ်သူတွေလဲ" ဟုပြန်မေးလိုက်လေသည်။ 49.ထို့နောက်သူသည် သူ၏နောက်လိုက်များကို လက်ဖြင့်ညွှန်ပြ၍ "ဒီလူတွေဟာ ငါ့ရဲ့မိခင်နှင့်ညီအစ်ကိုတွေဖြစ်တယ် 50.နိဗ္ဗာန်ရွှေမြို့တော်မှာရှိတဲ့ အဖဘုရားရဲ့ ဩဝါဒများကို လိုက်နာသူတိုင်းဟာ ငါ့ရဲ့မယ်တော်နဲ့ ညီအစ်ကို ညီအစ်မတွေဖြစ်ကြတယ်" ဟုမိန့်တော်မူလေသည်။

Currently Selected:

Matthew 12: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in