Mark 16
16
1ဥပုသ်နေ့လွန်မြောက်ပြီးနောက်တစ်ရက်ညနေခင်း၌ မာဂဒလမြို့သူ မာရိ၊ ယာကုပ်၏မိခင် မာရိနှင့် ရှာလုံအမည်ရှိ အမျိုးသမီးတို့သည် သင်္ချိုင်းဂူအတွင်းရှိ ကိုယ်တော်ယေရှု၏ရုပ်အလောင်းတော်အား သွားရောက်ပူဇော်နိုင်ရန်အတွက် အမွှေးနံ့သာဆီများထွက်၍ဝယ်ကြလေ၏။ 2ထို့နောက် ရက်သတ္တပတ်၏ပထမဆုံးနေ့ မနက်စောစော နေထွက်ချိန်တွင် ကိုယ်တော်ယေရှု၏ရုပ်အလောင်းတော်ရှိရာ သင်္ချိုင်းဂူသို့အနီးသို့ ရောက်ရှိလာကြလေသည်။ 3သူတို့သည် သင်္ချိုင်းဂူကို ပိတ်ထားသော ကျောက်တုံးကြီးကို မည်သူက ကူညီ၍ ရွှေ့ပေးမည်နည်းဟု အချင်းချင်း ပြောနေကြသည်။ 4သူမတို့ သင်္ချိုင်းဂူရှိရာအနီးသို့ ရောက်ရှိလာသောအချိန်တွင် သင်္ချိုင်းဂူသို့ လှမ်းကြည့်လိုက်ကြရာ သင်္ချိုင်းဂူပေါက်ဝရှိ အလွန်ကြီးမားသော ကျောက်တုံးကြီးအား တစ်စုံတစ်ယောက်သည် အခြားနေရာသို့ လိမ့်၍ရွှေ့ထားပြီးဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။ 5ထို့နောက် သူတို့သည် သင်္ချိုင်းဂူအတွင်းသို့ဝင်လိုက်ကြရာ အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော လူငယ်တစ်ဦးအား သူမတို့၏ညာဘက်၌ ထိုင်နေသည်ကိုတွေ့လိုက်ရသောအခါ သူမတို့သည် အလွန်အံ့ဩတုန်လှုပ်သွားကြလေ၏။ 6သို့သော် ထိုသူက “မကြောက်ကြနှင့်၊ သင်တို့လိုက်ရှာနေသည့် လက်ဝါးကပ်တိုင်ပေါ်တင်၍ ကွက်မျက်ခြင်းခံရသည့် နာဇရက်မြို့သား ကိုယ်တော်ယေရှုသည် ယခု အသက်ပြန်ရှင်တော်မူပါပြီ။ ဤနေရာမှာ မရှိတော့ပေ။ အလောင်းတော်ထားရှိသည့် နေရာကိုကြည့်ကြလော့။ 7ယခုသင်တို့လည်း ပေတရုနှင့်တခြားတပည့်တော်များထံသို့သွား၍ ‘ကိုယ်တော်ယေရှုသည် သင်တို့ကို အရင်ကမိန့်မှာခဲ့သည့်အတိုင်း ဂါလိလဲပြည်ကို သင်တို့ရှေ့မှ အရင်ကြွသွားတော်မူပြီ။ သင်တို့သည် ကိုယ်တော်ကို ထိုအရပ်မှာ တွေ့ကြရလိမ့်မည်’ ဟုပြန်ပြောပြကြလော့” ဟုပြောဆိုလေသည်။ 8ထိုစကားကိုကြားပြီးနောက် အမျိုးသမီးတို့သည် အံ့ဩတုန်လှုပ်သွားပြီး သင်္ချိုင်းဂူမှ ပြေးထွက်သွားကြလေ၏။ သူမတို့သည် အလွန်ကြောက်လန့်ကြသဖြင့် ထိုလူပြောသောအကြောင်းအရာများကို မည်သူ့ကိုမှ မပြောပြနိုင်ဘဲ ဖြစ်နေလေ၏။ 9ရက်သတ္တပတ်၏ပထမဆုံးနေ့ မနက်စောစောပိုင်းတွင် ထိုအမျိုးသမီးတို့သည် ထိုသင်္ချိုင်းဂူမှ ပြေးထွက်လာခဲ့ကြပြီးနောက် ကိုယ်တော်ယေရှုသည် အသက်ပြန်ရှင်ခဲ့ကာ ပထမဦးစွာ မာဂဒလမြို့သူ မာရိအား ကိုယ်ထင်ပြတော်မူ၏။ သူမသည် ယခင်က ကိုယ်တော်ယေရှုမှ မကောင်းဆိုးဝါးခုနှစ်ကောင်အား သူမထံမှ နှင်ထုတ်ပေးခဲ့ဖူးသူ မာရိပင်ဖြစ်၏။ 10သူမသည် ဝမ်းနည်းငိုကြွေးနေကြသော ကိုယ်တော်ယေရှုနှင့်အတူရှိခဲ့ဖူးသူများထံ သွား၍ သူမ မြင်တွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြောပြလေ၏။ 11သို့သော် ကိုယ်တော်အား အသက်ရှင်လျက်ဖြင့် သူမ မြင်တွေ့ခဲ့ရကြောင်း ပြောဆိုသော်လည်း သူတို့သည် ယုံကြည်ခြင်းမရှိကြပေ။ 12ထိုအချင်းအရာများ ဖြစ်ပျက်ပြီးနောက် ကိုယ်တော်ယေရှုသည် ဂျေရုဆလင်မြို့မှ အနီးပတ်ဝန်းကျင်သို့ လမ်းလျှောက်လာကြသည့် သူ၏တပည့်တော်နှစ်ဦးအား မတူညီသော ပုံစံတစ်မျိုးဖြင့် ကိုယ်ထင်ပြခဲ့လေသဖြင့် 13ထိုတပည့်တော်နှစ်ဦးသည်လည်း ဂျေရုဆလင်မြို့သို့ပြန်သွားကာ ဖြစ်ပျက်ခဲ့သည်များကို အခြားတပည့်တော်များအား ပြန်လည်ပြောပြလေ၏။ သို့သော် အခြားတပည့်တော်များသည် သူတို့ပြောပြသည်များကို မယုံကြည်ကြချေ။ 14ထို့နောက် ကိုယ်တော်ယေရှုသည် တပည့်သာဝက တစ်ဆယ့်တစ်ဦး စားသောက်နေကြစဉ်တွင် သူတို့အား ကိုယ်ထင်ပြခဲ့လေသည်။ ကိုယ်တော်က သူအသက်ပြန်ရှင်လာပြီဖြစ်ကြောင်း အခြားသူများကပြောပြသည်များကို ယုံကြည်ရန် ခေါင်းမာနေကြသောကြောင့် သူတို့အား ပြစ်တင်၍ ဆုံးမတော်မူပြီးနောက် 15ကိုယ်တော်က “ဤကမ္ဘာလောကအနှံ့အပြားကိုသွား၍ လူသားအပေါင်းတို့အား မင်္ဂလာသတင်းကောင်းကို ဟောကြားကြလော့။ 16ယုံကြည်၍ ရေနှစ်မင်္ဂလာခံယူကြသည့်သူအပေါင်းတို့ကို ဘုရားရှင်သည် ကယ်တင်တော်မူမည်ဖြစ်၍ ယုံကြည်လက်ခံခြင်းမရှိသည့်သူအပေါင်းတို့သည် ဘုရားရှင်၏ ပြစ်ဒဏ်စီရင်ခြင်းကို ခံကြရလိမ့်မည်။ 17ယုံကြည်သောသူအပေါင်းတို့သည် ငါ၏အမည်နာမကို အမှီပြု၍ မကောင်းဆိုးဝါးအပေါင်းကို နှင်ထုတ်ဖယ်ရှားခြင်း၊ ထူးခြားသော ဘာသာစကားကို ပြောဆိုနိုင်ကြခြင်းများအပြင် 18ထိုသူတို့သည် မြွေကို ကိုင်ထားလျှင်သော်လည်းကောင်း၊ သေစေနိုင်သော အဆိပ်ကို သောက်သော်လည်းကောင်း ဘေးအန္တရာယ် ကျရောက်မည်မဟုတ်။ ထိုသူတို့သည် နာမကျန်းသူတို့၏ကိုယ်ခန္ဓာပေါ် သို့ လက်ကို တင်လိုက်ရုံဖြင့်ပင် ရောဂါများ ပျောက်ကင်းသွားစေရန် လုပ်နိုင်ကြခြင်းဆိုသည့် အံ့ဖွယ်နိမိတ်လက္ခဏာများစွာကို လုပ်ဆောင်နိုင်ကြလိမ့်မည်” ဟူ၍ မိန့်တော်မူလေ၏။ 19ကိုယ်တော်သည် တပည့်တော်တို့အား ထိုသို့မိန့်တော်မူပြီးနောက် ရွှေမြို့တော်သို့ ကြွမြန်းတော်မူ၍ ဘုရားရှင်၏လက်ယာဘက်တွင် စံတော်မူ၏။ 20တပည့်တော်တို့သည်လည်း ဂျေရုဆလင်မြို့မှ ထွက်ခွာလာကြပြီးနောက် အရပ်ဒေသအသီးသီး၌ ဟောပြောကြ၏။ သူတို့သွားလေရာ အရပ်ဒေသအသီးသီးတွင် ကိုယ်တော်ယေရှုသည်လည်း သူတို့အား မစတော်မူ၍ အံ့ဖွယ်အမှုများ ပြုစေတော်မူခြင်းအားဖြင့် နှုတ်ကပါတ်တရားတော်သည် စစ်မှန်ကြောင်းကို လူတို့အား ပြသစေခဲ့၏။
Pašlaik izvēlēts:
Mark 16: TPV-RV
Izceltais
Dalīties
Kopēt

Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.