မဿဲ 7

7
သူတစ်ပါးတို့​အား အပြစ်စီရင်ခြင်း
1သူတစ်ပါးတို့​အား အပြစ်​မစီရင်ကြနှင့်။ သို့မှသာ သင်တို့​သည်လည်း အပြစ်​စီရင်ခံရခြင်း​မှ လွတ်​လိမ့်မည်။ 2သူတစ်ပါးတို့​ကို သင်တို့​အပြစ်​စီရင်သည့်​အတိုင်း သင်တို့​သည်လည်း အပြစ်​စီရင်ခံရ​လိမ့်မည်။ သူတစ်ပါး​ကို အပြစ်​စီရင်သော​စံနှုန်း​နှင့်အညီ သင်တို့​သည်လည်း အပြစ်​စီရင်ခံရ​လိမ့်မည်။
3သင်​သည် သင်​၏​မျက်စိ​ထဲက သစ်တုံး​ကို မမြင်ဘဲ သင့်​မိတ်ဆွေ#7:3 မူရင်း​ဂရိကျမ်း​တွင် “ညီအစ်ကို” ဟု ဖော်ပြထားသည်။​၏​မျက်စိ​ထဲက သစ်မှုန်စ​ကို အဘယ်ကြောင့် မြင်သနည်း။ 4သင်​၏​မျက်စိ​ထဲ၌ သစ်တုံး​ရှိနေ​ပါလျက် ‘မိတ်ဆွေ… သင်​၏​မျက်စိ​ထဲက သစ်မှုန်စ​ကို ထုတ်ပေးပါရစေ’ ဟူ၍ သင့်​မိတ်ဆွေ​ကို အဘယ်ကြောင့်​ပြောရသနည်း။ 5သူတော်ကောင်း​ယောင်ဆောင်သူ… သင်​၏​မျက်စိ​ထဲက သစ်တုံး​ကို ဦး​စွာ​ထုတ်ပစ်လော့။ သို့မှသာ သင့်​မိတ်ဆွေ​၏​မျက်စိ​ထဲက သစ်မှုန်စ​ကို ထုတ်​ရန် ရှင်းလင်း​စွာ မြင်ရ​လိမ့်မည်။
6သန့်ရှင်းစင်ကြယ်သော​အရာ​ကို ခွေးတို့​အား မပေးကြနှင့်။ ပေး​လျှင် သူတို့​သည် သင်တို့​ဘက်သို့ လှည့်​ကာ ကိုက်ကြ​လိမ့်မည်။ ပုလဲရတနာများ​ကို ဝက်တို့​ရှေ့မှာ မချထားနှင့်။ ချထား​လျှင် သူတို့​သည် ထို​ပုလဲတို့​ကို ခြေ​ဖြင့် နင်းသွားကြ​လိမ့်မည်။
ထိရောက်သော​ဆုတောင်းခြင်း
7တောင်းကြလော့။ တောင်း​လျှင် ရ​လိမ့်မည်။ ရှာကြလော့။ ရှာ​လျှင်​တွေ့​လိမ့်မည်။ တံခါး​ကို ခေါက်ကြလော့။ ခေါက်​လျှင် ဖွင့်ပေး​လိမ့်မည်။ 8တောင်းသော​သူတို့​သည် ရကြ၏။ ရှာသော​သူတို့​သည် တွေ့ကြ၏။ ခေါက်သော​သူတို့​အတွက်​လည်း တံခါး​ကို​ဖွင့်ပေး၏။
9မိဘတို့… သင်တို့​၏ သားသမီးများ​သည် မုန့်​ကို တောင်း​လျှင် ကျောက်ခဲ​ကို ပေးမည်လော။ 10ငါး​ကို တောင်း​လျှင် မြွေ​ကို ပေးမည်လော။ ထိုသို့ ပေးမည်​မဟုတ်။ 11သင်တို့​သည် ဆိုးသောသူများ​ဖြစ်​လျက်​ပင် သင်တို့​၏​သားသမီးများ​အား ကောင်းသော​အရာ​ကို ပေးတတ်ကြ​လျှင် ကောင်းကင်ဘုံ​၌ ရှိတော်မူသော သင်တို့​၏​အဖ​သည် တောင်းသော​သူတို့​အား ကောင်းသော​အရာ​ကို ပို၍ ပေးတော်မူမည် မဟုတ်လော။
ကိုယ်ချင်းစာတရား
12သင်တို့​အပေါ် ပြုစေလိုသည့်​အတိုင်း တစ်ပါးသူတို့​အပေါ် ပြုကြလော့။ ဤ​အရာ​သည် ပညတ်ကျမ်း​နှင့် ပရောဖက်ကျမ်းတို့​၏ အချုပ်​ဖြစ်၏။
ကျဉ်းမြောင်းသော​တံခါး
13ကျဉ်းမြောင်းသော​တံခါး​ဖြင့်သာ ဘုရားသခင်​၏​နိုင်ငံတော်​သို့ ဝင်ကြလော့။ ငရဲ#7:13 မူရင်း​ဂရိကျမ်း​တွင် “ပျက်စီးခြင်း​သို့ ပို့ဆောင်သည့်​လမ်း” ဟု ဖော်ပြထားသည်။​သို့ သွားသော တံခါး​နှင့်​လမ်း​သည် ကျယ်ဝန်း​သဖြင့် ဝင်သော​သူ များကြ၏။ 14သို့ရာတွင် အသက်ရှင်ခြင်း​သို့ သွားသော တံခါး​နှင့်​လမ်း​သည် ကျဉ်းမြောင်း​ခက်ခဲ​သဖြင့် တွေ့ရှိသောသူ​နည်းလှ၏။
အပင်​နှင့် အသီး
15ပရောဖက်​အတုအယောင်များ​ကို သတိပြုကြလော့။ သူတို့​သည် သိုးရေ​ခြုံ​လျက် သင်တို့​ထံ လာ​သော်လည်း အတွင်း​၌​မူ ကြမ်းကြုတ်သော​ဝံပုလွေများ​ကဲ့သို့ ဖြစ်ကြ၏။ 16သင်တို့​သည် ထို​သူတို့​၏ ပြုမူပုံ​ကို ထောက်ရှု​၍ သူတို့​သည် ပရောဖက်​အတုအယောင်များ​ဖြစ်ကြောင်း​ကို သိနိုင်၏။ ဆူးပင်​မှ စပျစ်သီး​ကို ဆွတ်ခူးနိုင်သလော။ ဆူးချုံ​မှ သဖန်းသီး​ကို ဆွတ်ခူးနိုင်သလော။ 17ကောင်းသော​အပင်​သည် ကောင်းသော​အသီး​ကို သီးတတ်၏။ မကောင်းသော​အပင်​သည် မကောင်းသော​အသီး​ကို သီးတတ်၏။ 18ကောင်းသော​အပင်​သည် မကောင်းသော​အသီး​ကို မသီးနိုင်။ မကောင်းသော​အပင်​သည်လည်း ကောင်းသော​အသီး​ကို မသီးနိုင်။ 19ကောင်းသော​အသီး​မသီးသည့် အပင်​ရှိသမျှတို့​ကို ခုတ်လှဲ​၍ မီး​ထဲသို့ ပစ်ချတတ်ကြ၏။ 20အသီး​ကို​ကြည့်​၍ အပင်​အကြောင်း​ကို သိနိုင်​သကဲ့သို့ လူတို့​၏​ပြုမူပုံ​ကို ထောက်ရှု​၍ ထို​သူတို့​၏ အကြောင်း​ကို သိနိုင်၏။
စစ်မှန်သော​တပည့်တော်များ
21ငါ့​ကို ‘သခင်… သခင်…’ ဟု ခေါ်သော​သူတိုင်း ကောင်းကင်​နိုင်ငံတော်​သို့ ဝင်ကြရမည်​မဟုတ်။ ကောင်းကင်ဘုံ​၌​ရှိတော်မူသော ငါ့​ခမည်းတော်​၏​အလိုတော်​ကို လိုက်နာသောသူ​သာ ဝင်ရ​လိမ့်မည်။ 22တရားစီရင်သော​နေ့​တွင် ‘သခင်… သခင်… အကျွန်ုပ်တို့​သည် သခင်​၏​အမည်​နာမတော်​အားဖြင့် ဟောပြော​သွန်သင်ခဲ့ကြသည်​မဟုတ်လော။ သခင်​၏​အမည်​နာမတော်​အားဖြင့် နတ်ဆိုးတို့​ကို နှင်ထုတ်ခဲ့ကြသည်​မဟုတ်လော။ သခင်​၏​အမည်​နာမတော်​အားဖြင့် အံ့ဖွယ်တန်ခိုး​များစွာ​ကို ပြခဲ့ကြသည်​မဟုတ်လော’ ဟူ၍ လူတို့​သည် ငါ့​အား လျှောက်ကြ​လိမ့်မည်။ 23ထိုအခါ ငါ​သည် သူတို့​အား ‘အို မတရားမှု​ပြုသောသူတို့… သင်တို့​ကို မည်သည့်အခါ​ကမျှ ငါ​မသိခဲ့။ ငါ့​ထံမှ ထွက်သွားကြ’ ဟု ပြောမည်။
ခိုင်ခံ့သော​အုတ်မြစ်​ပေါ်တွင် တည်ဆောက်ခြင်း
24ငါ​ဟောပြောသော ဤ​တရားစကား​ကို ကြား​၍ လိုက်နာသော​သူ​သည် ကျောက်​ပေါ်တွင် အိမ်ဆောက်သော​ပညာရှိ​နှင့် တူ၏။ 25မိုးရွာ​၍ ရေတက်လာ​ကာ လေထန်​သဖြင့် ထို​အိမ်​ကို တိုက်ခတ်​သော်လည်း ကျောက်​ပေါ်တွင် တည်ဆောက်သော​အိမ်​ဖြစ်​သောကြောင့် မပြိုလဲနိုင်။
26ငါ​ဟောပြောသော တရားစကား​ကို ကြား​၍ မနာခံသော​သူ​သည် သဲ​ပေါ်​၌ အိမ်ဆောက်သော ပညာမဲ့​နှင့် တူ၏။ 27မိုးရွာ​၍ ရေတက်လာ​ကာ လေထန်​သဖြင့် ထို​အိမ်​ကို​တိုက်ခတ်​သောအခါ ထို​အိမ်​သည် ပြိုလဲ​လိမ့်မည်။ အပျက်အစီး​လည်း များ​လိမ့်မည်” ဟု မိန့်တော်မူ၏။
28ထို​တရားစကားများ​ကို ဟောပြော​သွန်သင်တော်မူပြီး​သောအခါ ပရိသတ်တို့​သည် ယေရှု​၏​သွန်သင်ချက်များ​အပေါ် အံ့သြကြ၏။ 29အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် ကျမ်းတတ်ဆရာများ​ကဲ့သို့​မဟုတ်ဘဲ အခွင့်အာဏာ​ဖြင့် ဟောပြော​သွန်သင်တော်မူ​သောကြောင့် ဖြစ်၏။

Terpilih Sekarang Ini:

မဿဲ 7: BCB

Highlight

Kongsi

Salin

None

Ingin menyimpan sorotan merentas semua peranti anda? Mendaftar atau log masuk