တောလည်ရာကျမ်း 30
30
ကတိသစ္စာနှင့်ဆိုင်သော စီရင်ထုံးဖွဲ့ချက်များ
1မောရှေက အစ္စရေးအမျိုးသားတို့၏အမျိုးအနွယ်အကြီးအမှူးတို့အား “ထာဝရဘုရားမိန့်တော်မူသောအရာကား ဤသို့တည်း။ 2ယောက်ျားတစ်ယောက်သည် ထာဝရဘုရားအား ကတိသစ္စာပြုလျှင်ဖြစ်စေ၊ ကျိန်ဆိုခြင်းဖြင့်မိမိကိုယ်မိမိ ချည်နှောင်ထားလျှင်ဖြစ်စေ သူသည် မိမိစကားကိုမဖျက်ရ။ မိမိနှုတ်ထွက်သမျှအတိုင်း ပြုရမည်။#မ 5:33။
3မိန်းမတစ်ယောက်သည် ငယ်ရွယ်စဉ် မိမိဖခင်အိမ်၌ ထာဝရဘုရားအား ကတိသစ္စာပြုလျှင်ဖြစ်စေ၊ ကတိစကားဖြင့်မိမိကိုယ်မိမိ ချည်နှောင်ထားလျှင်ဖြစ်စေ 4ထိုကတိသစ္စာပြုခြင်း၊ ကတိစကားဖြင့်မိမိကိုယ်မိမိ ချည်နှောင်ခြင်းကို သူ၏ဖခင်ကြားသော်လည်း ဘာမျှမပြောဘဲနေလျှင် သူ၏ကတိသစ္စာအားလုံး၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားအားလုံး တည်လိမ့်မည်။ 5သူ၏ဖခင် ကြားသောနေ့၌ သူ့ကိုဟန့်တားလျှင်မူကား သူ၏ကတိသစ္စာအားလုံး၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားအားလုံး မတည်ရ။ သူ၏ဖခင် သူ့ကိုဟန့်တားသောကြောင့် ထာဝရဘုရားသည် သူ့ကိုခွင့်လွှတ်တော်မူလိမ့်မည်။
6ထိုမိန်းမသည် ယောက်ျားရပြီးမှ ကတိသစ္စာပြုလျှင်ဖြစ်စေ၊ စကားကိုအလျင်စလိုပြော၍ မိမိကိုယ်မိမိ ချည်နှောင်လျှင်ဖြစ်စေ 7သူ၏ယောက်ျားကြားသော်လည်း ကြားသောနေ့၌ သူ့အား ဘာမျှမပြောဘဲနေလျှင် သူ၏ကတိသစ္စာ၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားတို့သည် တည်လိမ့်မည်။ 8သူ၏ယောက်ျား ကြားသောနေ့၌ သူ့ကိုဟန့်တား၍ သူပြုထားသောကတိသစ္စာနှင့် အလျင်စလိုပြောသောစကားဖြင့် မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားတို့ကို ပယ်ဖျက်လျှင်မူကား ထာဝရဘုရားသည် ထိုမိန်းမကိုခွင့်လွှတ်တော်မူလိမ့်မည်။
9မုဆိုးမဖြစ်စေ၊ ကွာရှင်းထားသောမိန်းမဖြစ်စေ မိမိကိုယ်မိမိ ချည်နှောင်သောကတိသစ္စာအားလုံးသည် သူ၌ တည်လိမ့်မည်။
10မိမိယောက်ျား၏အိမ်၌နေစဉ် ကတိသစ္စာပြုလျှင်ဖြစ်စေ၊ ကျိန်ဆို၍ မိမိကိုယ်မိမိ ကတိစကားဖြင့်ချည်နှောင်လျှင်ဖြစ်စေ 11သူ၏ယောက်ျား ကြားသော်လည်း သူ့အား ဘာမျှမပြော၊ ဘာမျှမဟန့်တားလျှင် သူ၏ကတိသစ္စာအားလုံး၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားအားလုံး တည်လိမ့်မည်။ 12သူ၏ယောက်ျား ကြားသောနေ့၌ ဧကန်ပယ်ဖျက်လျှင်မူကား သူ၏ကတိသစ္စာများဖြစ်စေ၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားများဖြစ်စေ သူ၏နှုတ်မှထွက်သောစကားအားလုံး မတည်ရ။ သူ၏ယောက်ျား ပယ်ဖျက်ပြီဖြစ်သောကြောင့် ထာဝရဘုရားသည် သူ့ကိုခွင့်လွှတ်တော်မူလိမ့်မည်။ 13ကတိသစ္စာအားလုံးကိုဖြစ်စေ၊ မိမိစိတ်ဆန္ဒကိုငြင်းပယ်#30:13 “ကိုယ့်ကိုယ်ကိုယ်ဒဏ်ခတ်” သို့မဟုတ် “စိတ်နှိမ့်ချ” သို့မဟုတ် “အစာရှောင်”။ပြီး ကျိန်ဆိုသောကတိစကားအားလုံးကိုဖြစ်စေ သူ၏ယောက်ျားသည် တည်စေခွင့်၊ ပယ်ဖျက်ခွင့်ရှိ၏။ 14သူ၏ယောက်ျားသည် ကြားသောနေ့မှစ၍ နောက်နေ့များတွင်လည်း သူ့အား ဘာဆိုဘာမျှမပြောဘဲနေလျှင် ထိုယောက်ျားသည် မယားပြုသောကတိသစ္စာအားလုံး၊ ဝန်ခံချက်အားလုံးကို တည်စေရာရောက်၏။ 15ထိုယောက်ျားသည် ကြားသောနေ့လွန်ပြီးမှ ဧကန်ပယ်ဖျက်လျှင် မယား၏ဒုစရိုက်ကို တာဝန်ယူရမည်”ဟု ဆိုလေ၏။
16ဤသည်ကား လင်နှင့်မယားအကြား၊ ဖခင်နှင့်ငယ်ရွယ်စဉ်ဖခင်အိမ်၌နေသောသမီးအကြား မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသော ပြဋ္ဌာန်းချက်များဖြစ်၏။
လက်ရှိရွေးချယ်ထားမှု
တောလည်ရာကျမ်း 30: MSBZ
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2022 by Global Bible Initiative

: