YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်တတိယစောင် 1

1
ဒါဝိဒ်မင်းကြီး၏ဘဝနေဝင်ချိန်
1ဒါဝိဒ်​မင်းကြီး​သည် အသက်ကြီး​၍​အိုမင်း​လာ​သောအခါ အနွေးထည်​များ ဝတ်ပေး​သော်လည်း မ​နွေး​နိုင်​တော့​ပေ​။ 2ထို့ကြောင့် သူ့​အမှုထမ်း​တို့​က “​အကျွန်ုပ်​တို့​၏​သခင်​အရှင်မင်းကြီး​၊ အရှင်မင်းကြီး​အဖို့ မိန်းမပျို​တစ်​ယောက် ရှာပေး​ပါရစေ​။ သူ့​ကို အရှင်မင်းကြီး​ထံ​အခစားဝင်​၍ ပြုစု​စေ​တော်မူ​ပါ​။ အကျွန်ုပ်​တို့​၏​သခင်​အရှင်မင်းကြီး နွေးထွေး​ဖို့ သူ​သည် အရှင်မင်းကြီး​၏​ရင်ခွင်​၌ အိပ်​ပါစေ​”​ဟု သူ့​အား လျှောက်တင်​ကြ​၏​။ 3ထို့နောက် သူ​တို့​သည် အဆင်းလှ​သော​မိန်းမပျိုလေး​တစ်​ဦး​ကို အစ္စရေး​တစ်ပြည်လုံး​တွင် လိုက်လံရှာဖွေ​ရာ ရှုနင်​မြို့သူ​အဘိရှက်​ကို တွေ့​သဖြင့် ရှင်ဘုရင်​ထံ ခေါ်ဆောင်​လာ​ကြ​၏​။ 4သူ​သည် အလွန်​အဆင်းလှ​သော​မိန်းမပျိုလေး​ဖြစ်​၏​။ သူ​သည် ရှင်ဘုရင်​ထံ၌​ခစား​လျက် ပြုစု​ပေး​သော်လည်း ရှင်ဘုရင်​သည် သူ့​ကို ခြေ​တော်​မ​တင်​ချေ​။
အဒေါနိယက အာဏာလုရန်ကြံစည်ခြင်း
5တစ်နေ့တွင် ဟဂ္ဂိတ်​၏​သား​အဒေါနိယ​က “ငါ​ရှင်ဘုရင်​လုပ်​မည်​”​ဟု ဆို​လျက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်​၏​။ မိမိ​အဖို့ မြင်းရထား​၊ မြင်းစီးသူရဲ​များ​နှင့် ရှေ့​တော်​ပြေး​အယောက်​ငါးဆယ်​ကို ပြင်ဆင်​ထား​၏​။ 6သူ့​ခမည်းတော်​သည် သူ​စိတ်ဆင်းရဲ​အောင် “​သင် အဘယ်ကြောင့် ဤသို့​ပြု​သနည်း​”​ဟု တစ်ခါ​မျှ​မ​ဆို​ဖူး​ပေ​။ အဒေါနိယ​သည် အဗရှလုံ​၏​ညီ​ဖြစ်​ပြီး ရုပ်ရည်​အလွန်​ချော​သူ​ဖြစ်​၏​။ 7သူ​သည် ဇေရုယာ​၏​သား​ယွာဘ​၊ ယဇ်ပုရောဟိတ်​အဗျာသာ​တို့​နှင့် တိုင်ပင်ဆွေးနွေး​ရာ သူ​တို့​က အဒေါနိယ​ကို အားပေးမြှောက်ပင့်​ကြ​၏​။ 8သို့သော် ယဇ်ပုရောဟိတ်​ဇာဒုတ်​၊ ယောယဒ​၏​သား​ဗေနာယ​၊ ပရောဖက်​နာသန်​၊ ရှိမိ​၊ ရေဣ​နှင့် ဒါဝိဒ်​မင်းကြီး​၏​စစ်သူရဲ​တို့​ကား အဒေါနိယ​ဘက်​၌ မ​နေ​ကြ​ပေ​။
9အဒေါနိယ​သည် ဘုရင့်​သား​တော်​ဖြစ်​သော မိမိ​ညီအစ်ကို​အပေါင်း​တို့​နှင့် ခမည်းတော်​၏​အမှုထမ်း​များ​ဖြစ်​သော ယုဒ​အမျိုးသား​အပေါင်း​တို့​ကို ဖိတ်ခေါ်​ပြီး အင်္ရောဂေလ​အရပ်​နှင့်​နီး​သော ဇောဟေလက်​ကျောက်ဖျာ​ပေါ်တွင် သိုး​၊ နွား​နှင့် ဆူဖြိုး​သော​အကောင်​တို့​ကို ယဇ်ပူဇော်​၏​။ 10သို့သော် ပရောဖက်​နာသန်​၊ ဗေနာယ​၊ စစ်သူရဲ​များ​နှင့် သူ့​ညီ​ရှောလမုန်​တို့​ကို​မူ မ​ဖိတ်ခေါ်​ပေ​။
နာသန်နှင့်ဗာသရှေဘတို့၏အသနားခံချက်
11နာသန်​သည် ရှောလမုန်​၏​မယ်တော်​ဗာသရှေဘ​အား “​အကျွန်ုပ်​တို့​၏​သခင်​ဒါဝိဒ်​မင်းကြီး​မ​သိ​ဘဲ ဟဂ္ဂိတ်​၏​သား​အဒေါနိယ​သည် ကိုယ့်ကိုယ်ကိုယ်​မင်းမြှောက်​လိုက်​ကြောင်း​ကို သင်​မ​ကြား​သလော​။ 12ထို့ကြောင့် ယခု သင့်​အသက်​နှင့် သင့်​သား​ရှောလမုန်​အသက် ဘေးကင်း​မည့်​အကြောင်း သင့်​ကို အကြံပေး​ပါရစေ​။ 13ဒါဝိဒ်​မင်းကြီး​ထံ အခစား​ဝင်​၍ ‘​အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​က သခင့်​ကျွန်မ​အား “​သင့်​သား​ရှောလမုန်​သည် ငါ့​နန်းမွေ​ကို ဆက်ခံ​ရ​မည်​။ ငါ​၏​ရာဇပလ္လင်​ပေါ်တွင် စံနေ​ရ​မည်​”​ဟု ကျိန်ဆို​ခဲ့​ပြီ​မ​ဟုတ်​လော​။ ယခုမှာ အဒေါနိယ​သည် အဘယ်ကြောင့် မင်း​ဖြစ်​ရ​ပါ​သနည်း​’​ဟု လျှောက်တင်​လော့​။ 14သင် ဤသို့​ရှင်ဘုရင်​ထံ​လျှောက်တင်​နေစဉ် အကျွန်ုပ်​သည်​လည်း​ဝင်လာ​၍ သင့်​စကား​ကို​ထောက်ခံ​ပေး​မည်​”​ဟု အကြံပေး​လေ​၏​။
15ထို့ကြောင့် ဗာသရှေဘ​သည် ရှင်ဘုရင်​ရှိ​ရာ​အတွင်းဆောင်​သို့ ဝင်သွား​၏​။ ရှင်ဘုရင်​သည် အိုမင်း​ပြီ​ဖြစ်၍ ရှုနင်​မြို့သူ​အဘိရှက်​လည်း ရှင်ဘုရင်​ကို ပြုစုပေး​လျက်​ရှိ​၏​။ 16ဗာသရှေဘ​သည် ရှင်ဘုရင်​ရှေ့​၌ ဦးညွှတ်​ပျပ်ဝပ်​လျှင် ရှင်ဘုရင်​က “​အဘယ်​အကြောင်း​ရှိ​သနည်း​”​ဟု မေး​၏​။
17ဗာသရှေဘ​က “​အကျွန်ုပ်​၏​သခင်​၊ သခင့်​ကျွန်မ​အား ‘​သင့်​သား​ရှောလမုန်​သည် ငါ့​နန်းမွေ​ကို ဆက်ခံ​ရ​မည်​။ ငါ​၏​ရာဇပလ္လင်​ပေါ်တွင် စံနေ​ရ​မည်​’​ဟု အရှင်မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​ကို အရှင်မင်းကြီး တိုင်တည်ကျိန်ဆို​ခဲ့​ပါ​ပြီ​။ 18ယခုမှာ ကြည့်​ပါ​လော့​။ အဒေါနိယ​သည် ဘုရင်​ဖြစ်​နေ​ပါ​ပြီ​။ ဤ​အမှု​ကို အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး သိ​တော်​မ​မူ​။ 19သူ​သည် သိုး​၊ နွား​နှင့် ဆူဖြိုး​သော​အကောင်​အမြောက်အမြား​ဖြင့် ယဇ်ပူဇော်ပွဲ​ကို ကျင်းပ​ပါ​ပြီ​။ ဘုရင့်​သား​တော်​အပေါင်း​နှင့်တကွ ယဇ်ပုရောဟိတ်​အဗျာသာ​၊ ဗိုလ်ချုပ်​ယွာဘ​တို့​ကို ဖိတ်ခေါ်​၍ သခင့်​သား ရှောလမုန်​ကို​မူ မ​ဖိတ်ခေါ်​ပါ​။ 20အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​၊ အစ္စရေး​တစ်မျိုးနွယ်လုံး​က အရှင်မင်းကြီး​ကို စောင့်ကြည့်​နေ​ကြ​ပါ​၏​။ အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​၏​ရာဇပလ္လင်​ပေါ်တွင် မည်သူ​စံမြန်း​မည်​၊ နန်းမွေဆက်ခံ​မည်​ကို သူ​တို့​အား မိန့်​တော်မူ​ပါ​။ 21သို့မဟုတ်လျှင် အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​ပြီးနောက်​တွင် အကျွန်ုပ်​နှင့် အကျွန်ုပ်​၏​သား​ရှောလမုန်​သည် ရာဇဝတ်သား​များ ဖြစ်​ရ​ပါ​လိမ့်မည်​”​ဟု လျှောက်တင်​လေ​၏​။
22ထိုသို့ ရှင်ဘုရင်​ထံ​လျှောက်တင်​နေစဉ်​တွင် ပရောဖက်​နာသန် ရောက်လာ​၏​။ 23“​ပရောဖက်​နာသန် လာ​သည်​”​ဟု ရှင်ဘုရင်​အား ကြားလျှောက်​ကြ​ပြီးလျှင် နာသန်​သည် ဘုရင့်​ထံပါး အခစားဝင်​၍ ဦးညွှတ်ပျပ်ဝပ်​၏​။
24ထို့နောက် နာသန်​က “​အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​၊ အရှင်မင်းကြီး​က ‘​အဒေါနိယ​အား ငါ​၏​နန်းမွေ​ကို​ဆက်ခံ​ပြီး ရာဇပလ္လင်​ပေါ်တွင် စံမြန်း​စေ​မည်​’​ဟု မိန့်ဆို​ပြီ​လော​။ 25ယနေ့ သူ​သည် သိုး​၊ နွား​မှစ၍ ဆူဖြိုး​သော​အကောင်​အမြောက်အမြား​ကို သွား​၍​ယဇ်ပူဇော်​ပါ​ပြီ​။ ဘုရင့်​သား​တော်​အပေါင်း​တို့​အပါအဝင် စစ်မှုထမ်း​အကြီးအကဲ​များ​နှင့် ယဇ်ပုရောဟိတ်​အဗျာသာ​တို့​ကို ဖိတ်ခေါ်​ပြီး စား​သောက်​ကြ​လျက် ‘​အဒေါနိယ​မင်းကြီး သက်တော်ရှည်​ပါစေ​’​ဟု ကြွေးကြော်​ကြ​ပါ​ပြီ​။ 26သို့သော် အရှင့်​အစေအပါး​အကျွန်ုပ်​၊ ယဇ်ပုရောဟိတ်​ဇာဒုတ်​၊ ယောယဒ​သား​ဗေနာယ​နှင့် အရှင့်​အစေအပါး​ရှောလမုန်​တို့​ကို​မူ မ​ဖိတ်ခေါ်​ပါ​။ 27အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​၏​ရာဇပလ္လင်​ပေါ်တွင် မည်သူ​စံမြန်း​မည်​၊ မည်သူ​နန်းမွေဆက်ခံ​မည်​ကို အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​သည် သခင့်​အစေအပါး​တို့​အား အသိ​မ​ပေး​ဘဲ ဤ​အမှု​ကို​ပြု​တော်မူ​ပြီ​လော​”​ဟု လျှောက်တင်​လေ​၏​။
ရှောလမုန်အား ရှင်ဘုရင်အဖြစ်အတည်ပြုခြင်း
28ထိုအခါ ဒါဝိဒ်​မင်းကြီး​က “ဗာသရှေဘ​ကို ငါ့​ထံ​ခေါ်လာ​ပါ​”​ဟု မိန့်ဆို​လျှင် ဗာသရှေဘ​သည် ရှင်ဘုရင့်​ရှေ့​တော်​သို့​ဝင်​၍ ရပ်​နေ​၏​။ 29ရှင်ဘုရင်​က “​ငါ့​အသက်​ကို ဘေးအန္တရာယ်​အပေါင်း​မှ ကယ်တင်​တော်မူ​သော ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ 30‘​သင့်​သား​ရှောလမုန်​သည် ငါ့​နန်းမွေ​ကို ဆက်ခံ​ရ​မည်​။ ငါ့​ရာဇပလ္လင်​၊ ငါ့​နေရာ​တွင် စံမြန်း​ရ​မည်​’​ဟု အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​ကို တိုင်တည်ကျိန်ဆို​ခဲ့​သည့်​အတိုင်း ယနေ့​တွင် ဤ​အမှု​ကို ငါ​ပြု​မည်​”​ဟု မိန့်​တော်မူ​၏​။
31ထိုအခါ ဗာသရှေဘ​သည် ရှင်ဘုရင်​ရှေ့​တော်​တွင် ဦးညွှတ်​ပျပ်ဝပ်​လျက် “​အကျွန်ုပ်​၏​သခင်​ဒါဝိဒ်​မင်းကြီး သက်တော်ရာကျော်ရှည်​ပါစေ​”​ဟု မြွက်ဆို​လေ​၏​။
32ဒါဝိဒ်​မင်းကြီး​က​လည်း “​ယဇ်ပုရောဟိတ်​ဇာဒုတ်​၊ ပရောဖက်​နာသန်​၊ ယောယဒ​၏​သား​ဗေနာယ​တို့​ကို ငါ့​ထံ​ခေါ်လာ​ပါ​”​ဟု မိန့်ဆို​လျှင် သူ​တို့​သည် ရှင်ဘုရင်​ရှေ့​တော်​သို့ အခစားဝင်​ကြ​၏​။ 33ထိုအခါ ရှင်ဘုရင်​က သူ​တို့​အား “​သင်​တို့​နှင့်အတူ သင်​တို့​သခင်​၏​အမှုထမ်း​တို့​ကို​ခေါ်​ပြီး သား​တော်​ရှောလမုန်​ကို ငါ​စီး​သော​လား​ကို​စီး​စေ​၍ သူ့​ကို ဂိဟုန်​မြို့​သို့ ခေါ်ဆောင်​သွား​လော့​။ 34ထို​မြို့​တွင် ယဇ်ပုရောဟိတ်​ဇာဒုတ်​နှင့် ပရောဖက်​နာသန်​တို့​သည် သူ့​ကို အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ရ​မည်​။ ပြီးမှ တံပိုး​မှုတ်​လျက် ‘​ရှောလမုန်​မင်းကြီး သက်တော်ရှည်​ပါစေ​’​ဟု ကြွေးကြော်​ကြ​ရ​မည်​။ 35ထို့နောက် သင်​တို့​သည် သူ​နှင့်အတူ​ပြန်လိုက်လာ​ရ​မည်​။ သူ​သည် ငါ့​ရာဇပလ္လင်​ပေါ်တွင် စံမြန်း​ရ​မည်​။ ငါ့​နန်းမွေ​ကို ဆက်ခံ​ရ​မည်​။ ယခု သူ့​ကို အစ္စရေး​လူမျိုး​နှင့် ယုဒ​လူမျိုး​တို့​၏​ဘုရင်​အဖြစ် ငါ​ခန့်ထား​ပြီ​”​ဟု မိန့်ဆို​၏​။
36ထိုအခါ ယောယဒ​၏​သား ဗေနာယ​က ရှင်ဘုရင်​အား “​အာမင်​။ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၏​ဘုရားသခင် ထာဝရဘုရား​သည်​လည်း ထိုသို့ မိန့်​တော်မူ​ပါစေသော​။ 37ထာဝရဘုရား​သည် အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​နှင့်အတူ ရှိ​တော်မူ​သကဲ့သို့ ရှောလမုန်​နှင့်​လည်း အတူ​ရှိ​တော်မူ​ပါစေသော​။ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​ဒါဝိဒ်​၏​ရာဇပလ္လင်​ထက် သူ​၏​ရာဇပလ္လင်​ကို သာ၍​ကြီးမြတ်​စေ​တော်မူ​ပါစေသော​”​ဟု ပြန်လျှောက်တင်​၏​။
38ထို့နောက် ယဇ်ပုရောဟိတ်​ဇာဒုတ်​၊ ပရောဖက်​နာသန်​၊ ယောယဒ​၏​သား ဗေနာယ​တို့​အပါအဝင် ခေရသိ​လူမျိုး​၊ ပေလသိ​လူမျိုး​တို့​သည် ရှောလမုန်​ကို ဒါဝိဒ်​မင်းကြီး​၏​လား​ပေါ်​တင်​၍ ဂိဟုန်​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၏​။ 39ထို့နောက် ယဇ်ပုရောဟိတ်​ဇာဒုတ်​သည် ဆီ​ထည့်​ထား​သော​ချို​ကို တဲ​တော်​ထဲမှ​ယူ​၍ ရှောလမုန်​ကို ဘိသိက်ပေး​၏​။ ထို့နောက် သူ​တို့​သည် တံပိုး​ကို​မှုတ်​လျှင် လူ​အပေါင်း​တို့​က “​ရှောလမုန်​မင်းကြီး သက်တော်ရှည်​ပါစေ​”​ဟု ကြွေးကြော်​ကြ​၏​။ 40လူ​အပေါင်း​တို့​သည် သူ့​နောက်သို့​လိုက်​လျက်​၊ ပလွေ​မှုတ်​လျက် အလွန်​ဝမ်းမြောက်​ပျော်ရွှင်​စွာ ကြွေးကြော်​ကြ​လေ​၏​။ သူ​တို့​၏​ကြွေးကြော်သံ​သည် မြေကြီး​ကွဲမတတ် ဖြစ်​လေ​၏​။
ရှောလမုန်၏နန်းတက်ပွဲအကြောင်း အဒေါနိယကြားသိခြင်း
41အဒေါနိယ​နှင့် ဖိတ်ခေါ်​ထား​သော​သူ​အားလုံး​တို့​သည်​လည်း စားသောက်​ပြီး​ချိန်​တွင် ထို​အသံ​ကို ကြား​လေ​၏​။ ယွာဘ​က​လည်း တံပိုးမှုတ်သံ​ကို​ကြား​လျှင် “​မြို့​ထဲမှ​ဆူညံသံ​ကား အဘယ်နည်း​”​ဟု မေး​၏​။ 42ထိုသို့​မေးမြန်း​နေ​စဉ်တွင် ယဇ်ပုရောဟိတ်​အဗျာသာ​၏​သား ယောနသန်​ရောက်လာ​သဖြင့် အဒေါနိယ​က “​ဝင်​ခဲ့​ပါ​။ သင်​သည် လူကောင်း​ဖြစ်​သောကြောင့် သတင်းကောင်း​ပါ​လိမ့်မည်​”​ဟု ဆို​၏​။
43ယောနသန်​က​လည်း အဒေါနိယ​အား “​ထိုသို့​မ​ဟုတ်​ပါ​။ ယခု အကျွန်ုပ်​တို့​၏​သခင်​ဒါဝိဒ်​မင်းကြီး​သည် ရှောလမုန်​ကို မင်းမြှောက်​ပါ​ပြီ​။ 44ရှင်ဘုရင်​သည် သူ​၏​လား​တော်​ကို ရှောလမုန်​အား စီး​စေ​ပြီး သူ​နှင့်အတူ ယဇ်ပုရောဟိတ်​ဇာဒုတ်​၊ ပရောဖက်​နာသန်​၊ ယောယဒ​၏​သား​ဗေနာယ​တို့​အပါအဝင် ခေရသိ​လူမျိုး​၊ ပေလသိ​လူမျိုး​တို့​ကို ဂိဟုန်​မြို့​သို့​စေလွှတ်​ပါ​၏​။ 45ယဇ်ပုရောဟိတ်​ဇာဒုတ်​နှင့် ပရောဖက်​နာသန်​တို့​သည် ဂိဟုန်​မြို့​တွင် ရှောလမုန်​ကို ဘုရင်​အဖြစ်​ဘိသိက်ပေး​ကြ​ပြီး ဝမ်းမြောက်​စွာ​ပြန်လာ​ကြ​၍ တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်​ဖြစ်​နေ​ကြ​ပါ​၏​။ သင်​ကြား​ရ​သော​အသံ​မှာ​လည်း ထို​အသံ​ပင်​ဖြစ်​ပါ​၏​။ 46ရှောလမုန်​သည်​လည်း ဘုရင့်​ရာဇပလ္လင်​ပေါ်တွင် စံမြန်း​နေ​ပါ​ပြီ​။
47ဘုရင့်​မှူးမတ်​တို့​သည်​လည်း အကျွန်ုပ်​တို့​၏​သခင်​ဒါဝိဒ်​မင်းကြီး​ထံသို့​လာ​၍ ‘​ဘုရားသခင်​သည် အရှင်မင်းကြီး​၏​နာမ​ထက် ရှောလမုန်​၏​နာမ​ကို သာ၍​ထင်ရှား​စေ​တော်မူ​ပါစေသော​။ အရှင်မင်းကြီး​၏​ရာဇပလ္လင်​ထက် သူ​၏​ရာဇပလ္လင်​ကို သာ၍​ကြီးမြတ်​စေ​တော်မူ​ပါစေသော​’​ဟု ကောင်းချီးထောမနာ​ပြု​ကြ​လေ​ပြီ​။ အရှင်မင်းကြီး​သည်​လည်း သလွန်တော်​ပေါ်မှ ဦးညွှတ်​လျက် 48‘​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ကို ချီးမွမ်းထောမနာ​ပြု​ပါ​၏​။ ယနေ့ အကျွန်ုပ်​၏​ရာဇပလ္လင်​တွင် စံမြန်း​ရ​မည့်​သူ​ကို ပေးသနား​တော်မူ​၍ အကျွန်ုပ်ကိုယ်တိုင်​မြင်တွေ့​ရ​လေ​ပြီ​’​ဟူ၍ မြွက်ဆို​ခဲ့​ပါ​၏​”​ဟု ပြန်ပြော​လေ​၏​။
49ထိုအခါ အဒေါနိယ​ဖိတ်ကြား​ထား​သူ​အပေါင်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​သဖြင့် ထ​၍ ကိုယ့်​လမ်း​သို့ အသီးသီး​ပြန်သွား​ကြ​လေ​၏​။ 50အဒေါနိယ​သည်​လည်း ရှောလမုန်​ကို ကြောက်​သဖြင့် ထ​သွား​၍ ယဇ်ပလ္လင်​ရှိ​ဦးချို​တို့​ကို ဆုပ်ကိုင်​လျက်​နေ​လေ​၏​။
51“​အဒေါနိယ​က ရှောလမုန်​မင်းကြီး​ကို​ကြောက်​၍ ယဇ်ပလ္လင်​ရှိ​ချို​တို့​ကို​ဆုပ်ကိုင်​လျက် ‘​ရှောလမုန်​မင်းကြီး​သည် ယနေ့ ကျွန်တော်မျိုး​ကို ဓား​နှင့်​မ​ကွပ်မျက်​ပါ​ဟု ကျိန်ဆို​ပါစေသော​’​ဟု ဆို​လေ​ပြီ​”​ဟူသော​သတင်း​ကို ရှောလမုန်​မင်းကြီး​အား ကြားလျှောက်​ကြ​၏​။ 52ထိုအခါ ရှောလမုန်​မင်းကြီး​က “​သူ​သည် ဖြောင့်မှန်​သော​သူ​ဖြစ်​လျှင် သူ့​ဆံချည်​တစ်​မျှင်​မျှ မြေ​ပေါ်​မ​ကျ​စေ​ရ​။ သို့သော် မကောင်းမှု​ပြု​သော​သူ​ဖြစ်​လျှင် အမှန်​သေ​ရ​မည်​”​ဟု မိန့်ဆို​၏​။ 53ထို့နောက် ရှောလမုန်​မင်းကြီး​သည် လူ​လွှတ်​၍ သူ့​ကို ယဇ်ပလ္လင်​ထက်​မှ ဆင်း​စေ​၏​။ သူ​သည် ရှောလမုန်​မင်းကြီး​ထံ​လာ​၍​ပျပ်ဝပ်​လျှင် ရှောလမုန်​မင်းကြီး​က သူ့​အား “​သင့်​နန်းဆောင်​သို့ ပြန်​လော့​”​ဟု မိန့်ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်တတိယစောင် 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ