YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 10

10
1ရှမွေလ​သည် ဆီ​ဘူး​ကို​ယူ​၍ ရှောလု​၏​ခေါင်း​ပေါ်​သွန်းလောင်း​ပြီးလျှင် သူ့​ကို​နမ်း​လျက် “​အကယ်စင်စစ် ထာဝရဘုရား​သည် မိမိ​၏​အမွေ​တော်​ကို အုပ်ချုပ်သူမင်း​အဖြစ် သင့်​အား ဘိသိက်ပေး​တော်မူ​ပြီ​။ 2ယနေ့ ငါ့​ထံ​မှ သင်​ပြန်သွား​လျှင် ဗင်္ယာမိန်​နယ်စပ်​၊ ဇေလဇ​အရပ်​ရှိ ရာခေလ​သင်္ချိုင်း​အနား​တွင် လူ​နှစ်​ယောက်​ကို တွေ့​လိမ့်မည်​။ သူ​တို့​က သင့်​အား ‘​သင်​သွား​ရှာ​သော​မြည်း​တို့​ကို ပြန်တွေ့​ပြီ​။ ယခု သင့်​ဖခင်​သည် မြည်း​တို့​အတွက် မစိုးရိမ်​တော့​ဘဲ ငါ့​သား​အဖို့ မည်သို့​ပြု​ရ​မည်နည်း​ဟု ဆို​ပြီး သင်​တို့​အတွက် စိုးရိမ်​လျက်​ရှိ​၏​’​ဟု သင့်​ကို ပြော​လိမ့်မည်​။
3ထို​မှ ဆက်သွား​လျှင် တာဗော်​တောင် ဝက်သစ်ချတော​သို့ ရောက်​မည်​။ ထို​နေရာ​တွင် ဘုရားသခင်​ထံ ယဇ်ပူဇော်​ရန် ဗေသလ​မြို့​သို့​သွား​သော လူ​သုံး​ယောက်​နှင့် သင်​ဆုံတွေ့​လိမ့်မည်​။ တစ်​ယောက်​သည် ဆိတ်သငယ်​သုံး​ကောင်​ကို ယူဆောင်​လာ​၍ နောက်​တစ်​ယောက်​သည် မုန့်​သုံး​လုံး​ကို​လည်းကောင်း​၊ နောက်​တစ်​ယောက်​သည် စပျစ်ဝိုင်​ဘူး​ကို​လည်းကောင်း ယူဆောင်​လာ​လိမ့်မည်​။ 4သူ​တို့​သည် သင့်​ကို သာကြောင်းမာကြောင်း​မေးမြန်း​နှုတ်ဆက်​ကြ​လိမ့်မည်​။ သင့်​ကို မုန့်​နှစ်​လုံး​ပေး​၍ သင်​သည် သူ​တို့​ထံမှ ခံယူ​ရ​လိမ့်မည်​။
5ထို့နောက်မှ ဖိလိတ္တိ​ခံတပ်​ရှိ​ရာ ဘုရားသခင်​၏​တောင်​တော်​သို့ ရောက်​လိမ့်မည်​။ မြို့​နား​သို့​ရောက်​လျှင် ပရောဖက်​တစ်စု​သည် သူ​တို့​ရှေ့​တွင် စောင်းပြား​၊ ပတ်သာ​၊ ပလွေ​၊ စောင်းကောက် တီးမှုတ်​သူ​တို့​ပါ​လျက်​၊ သူ​တို့​သည် ပရောဖက်ပြု​လျက် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​မှ​ဆင်းလာ​သည်​ကို သင်​တွေ့​ရ​လိမ့်မည်​။ 6ထိုအခါ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သင့်​အပေါ်​သို့ တစ်မုဟုတ်ချင်း​ဆင်းသက်​၍ သူ​တို့​နှင့်အတူ ပရောဖက်ပြု​ပြီး လူ​သစ်​တစ်​ယောက်​အဖြစ်​ပြောင်းသွား​လိမ့်မည်​။ 7ဘုရားသခင်​သည် သင်​နှင့်အတူ​ရှိ​တော်မူ​သည်​ဖြစ်၍ သင်​၌ ဤ​နိမိတ်လက္ခဏာ​များ​ဖြစ်လာ​သောအခါ သင်​ပြု​သင့်​သည့်​အရာ​များ​ကို ပြု​လော့​။ 8ဂိလဂါလ​မြို့​သို့ သင်​ကြို​ဆင်းသွား​နှင့်​လော့​။ နောက်မှ မီးရှို့ရာယဇ်​များ​၊ မိတ်သဟာယယဇ်​များ​ကို​ပူဇော်​ရန် ငါ​လာ​ခဲ့​မည်​။ ငါ​မ​ရောက်​မီ ခုနစ်​ရက်​စောင့်​နေ​လော့​။ ငါ​ရောက်​လျှင် သင်​ပြု​ရ​မည့်​အရာ​ကို ပြောပြ​မည်​”​ဟု ဆို​လေ​၏​။
9ရှောလု​သည် ရှမွေလ​ကို ကျောခိုင်း​၍ ထွက်သွား​စဉ်တွင် ဘုရားသခင်​သည် သူ့​ကို စိတ်နှလုံး​သစ် ပြောင်းလဲ​ပေး​လိုက်​သဖြင့် ထို​နေ့​တွင်​ပင် နိမိတ်လက္ခဏာ​များ အလုံးစုံ​ဖြစ်လာ​၏​။ 10တောင်​ပေါ်သို့​သူ​တို့​ရောက်​သောအခါ ပရောဖက်​တစ်စု​သည် သူ့​ကို​ကြိုဆို​ကြ​၏​။ ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သူ့​အပေါ်​သို့ တမဟုတ်ချင်း​ဆင်းသက်​၍ သူ​သည် သူ​တို့​နှင့်အတူ​ပရောဖက်ပြု​လေ​၏​။
11ပရောဖက်​တို့​နှင့်အတူ ရှောလု​ပရောဖက်ပြု​သည်​ကို သူ​နှင့်​သိကျွမ်း​ခဲ့​သော​သူ​တို့​တွေ့​သောအခါ ထို​သူ​တို့​က “​ကိရှ​၏​သား​ကား မည်သို့​ဖြစ်သွား​ပါ​သနည်း​။ ရှောလု​သည်​လည်း ပရောဖက်​တို့​အပါအဝင် ဖြစ်​သလော​”​ဟု အချင်းချင်း​မေးမြန်း​ကြ​၏​။
12ထို​အရပ်သား​တစ်​ယောက်​က “​သူ​တို့​၏​ဖခင်​ကား မည်သူ​များ​နည်း​”​ဟု ဆို​၏​။ ထိုအကြောင်းကြောင့် “​ရှောလု​သည်​လည်း ပရောဖက်​တို့​အပါအဝင်​ဖြစ်​သလော​”​ဟူသော ဆိုရိုး​ဖြစ်ပေါ်​လာ​ခဲ့​၏​။ 13ရှောလု​သည် ပရောဖက်ပြု​ပြီး​သောအခါ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​သို့​သွား​လေ​၏​။ 14ထို့နောက်မှ ရှောလု​၏​ဘထွေး​က ရှောလု​နှင့်​သူ​၏​ငယ်သား​တို့​အား “​သင်​တို့​သည် မည်သည့်​အရပ်​သို့ ရောက်​ခဲ့​သနည်း​”​ဟု မေး​လျှင် ရှောလု​က “​အကျွန်ုပ်​တို့​သည် မြည်း​တို့​ကို​လိုက်ရှာ​၍ မ​တွေ့​သောအခါ ရှမွေလ​ထံသို့​သွား​ကြ​ပါ​၏​”​ဟု ဖြေကြား​၏​။
15ရှောလု​၏​ဘထွေး​က​လည်း “​ရှမွေလ​က သင်​တို့​အား မည်သို့​ပြော​ခဲ့​သည်​ကို ငါ့​အား​ပြောပြ​ပါ​လော့​”​ဟု ဆို​၏​။
16ရှောလု​က​လည်း သူ့​ဘထွေး​အား “​မြည်း​တို့​ကို​ပြန်တွေ့​ပြီ​ဟု အကျွန်ုပ်​တို့​အား တပ်အပ်​ပြောပြ​ခဲ့​ပါ​သည်​”​ဟု​သာ ပြောပြ​ပြီး ဘုရင့်​အရိုက်အရာ​နှင့်​ပတ်သက်၍ ရှမွေလ​ပြော​သော​အကြောင်းအရာ​ကို​မူ မ​ပြောပြ​ဘဲ​နေ​၏​။
ရှောလုကိုရှင်ဘုရင်အဖြစ် လက်ခံခြင်း
17ထို့နောက် ရှမွေလ​သည် မိဇပါ​မြို့​တွင် လူ​တို့​ကို ထာဝရဘုရား​ထံ​တော်​သို့ ခေါ်ယူ​စုရုံး​စေ​ပြီး 18အစ္စရေး​အမျိုးသား​တို့​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​ပြည်​မှ ငါ​ထုတ်ဆောင်​ခဲ့​၏​။ သင်​တို့​ကို အီဂျစ်​လူမျိုး​တို့​၏​လက်​မှ​လည်းကောင်း​၊ သင်​တို့​ကို​ညှဉ်းဆဲ​သော​တိုင်းနိုင်ငံ​အပေါင်း​တို့​၏​လက်​မှ​လည်းကောင်း ငါ​ကယ်နုတ်​ခဲ့​၏’​ဟု မိန့်​တော်မူ​၏​။ 19သို့သော် သင်​တို့​အား ရှိသမျှ​ဘေးအန္တရာယ်​များ​နှင့် ဆင်းရဲဒုက္ခ​များ​ထဲမှ ကယ်တင်​ခဲ့​သော​ဘုရားသခင်​ကို ယနေ့ သင်​တို့​စွန့်ပယ်​၍ ‘အကျွန်ုပ်​တို့​အဖို့ ရှင်ဘုရင်​ကို ခန့်အပ်​ပေး​ပါ​လော့’​ဟု သင်​တို့​ဆို​သောကြောင့် ယခု သင်​တို့​အမျိုးအနွယ်​အလိုက်​၊ မျိုးနွယ်စု​အလိုက် ထာဝရဘုရား​ရှေ့​တော်​၌ ရပ်​နေ​ကြ​လော့​”​ဟု ဆို​၏​။
20ရှမွေလ​သည် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​ကို သူ့​ထံ​လာ​စေ​ပြီး မဲချ​ရာ ဗင်္ယာမိန်​အမျိုးအနွယ်​မဲကျ​၏​။ 21တစ်ဖန် ရှမွေလ​သည် ဗင်္ယာမိန်​အမျိုးအနွယ်​ထဲမှ မျိုးနွယ်စု​အလိုက် ရှေ့​သို့​လာ​စေ​ပြီး မဲချ​ရာ မာတရိ​မျိုးနွယ်စု​မဲကျ​၏​။ ထို့နောက် ကိရှ​၏​သား​ရှောလု​မဲကျ​၏​။ သူ့​ကို​ရှာ​သော်လည်း မ​တွေ့​ပေ​။ 22ထိုအခါ လူ​တို့​က ထာဝရဘုရား​အား “​ဤ​နေရာ​သို့ သူ​မ​ရောက်လာ​သေး​သလော​”​ဟု မေးလျှောက်​လျှင် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ အထုပ်အပိုး​များ​ကြား​တွင် သူ​ပုန်း​နေ​သည်​”​ဟု မိန့်​တော်မူ​၏​။
23ထိုအခါ လူ​တို့​သည် ပြေးသွား​၍ သူ့​အား အထုပ်အပိုး​ကြားမှ ခေါ်ထုတ်​လာ​ကြ​၏​။ သူ​သည် လူ​တို့​အလယ်​တွင် ရပ်​နေ​သောအခါ လူ​အားလုံး​ထက်​ခေါင်းတစ်လုံးစာ ပို​မြင့်​၏​။ 24ရှမွေလ​က လူ​အပေါင်း​တို့​အား “​ထာဝရဘုရား​ရွေးကောက်​တော်မူ​သော​သူ​ကို ကြည့်​ကြ​ပါ​လော့​။ လူ​အပေါင်း​တို့​တွင် သူ​နှင့်တူသော​သူ​တစ်ယောက်မျှ​မ​ရှိ​”​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က “​အရှင်မင်းကြီး သက်တော်ရှည်​ပါစေ​”​ဟု ကြွေးကြော်​ကြ​လေ​၏​။
25ထို့နောက် ရှမွေလ​က ဘုရင်​နှင့်ဆိုင်သော​စီရင်ထုံးဖွဲ့ချက်​တို့​ကို လူ​တို့​အား ပြောပြ​ပြီး စာလိပ်​၌​ရေးထား​၍ ထာဝရဘုရား​ရှေ့​တော်​၌ ထား​လေ​၏​။ ထို့နောက် ရှမွေလ​သည် လူ​အပေါင်း​တို့​ကို မိမိ​တို့​အိမ်​သို့ အသီးသီး​ပြန်​စေ​၏​။
26ရှောလု​သည်​လည်း မိမိ​အိမ်​ရှိ​ရာ ဂိဗာ​မြို့​သို့​ပြန်သွား​ရာ ဘုရားသခင်​သည် ရဲစွမ်းသတ္တိ​ရှိ​သူ​တို့​၏​စိတ်နှလုံး​ကို တို့ထိ​တော်မူ​သဖြင့် သူ​တို့​သည် သူ့​နောက်သို့ လိုက်သွား​ကြ​၏​။ 27သို့သော် ဆိုးညစ်​သော​သူ​တို့​က “​ဤ​သူ​သည် ငါ​တို့​ကို မည်သို့​ကယ်တင်​နိုင်​မည်နည်း​”​ဟု ဆို​လျက် သူ့​အား မထီမဲ့မြင်ပြု​ပြီး လက်ဆောင်ပဏ္ဏာ​ကို မ​ဆက်သ​ဘဲ​နေ​ကြ​၏​။ သို့သော် သူ​သည် ဘာမျှမပြော​ဘဲ နှုတ်ဆိတ်​နေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ပထမစောင် 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ