ဓမ္မရာဇဝင်ပထမစောင် 10
10
1ရှမွေလသည် ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်သွန်းလောင်းပြီးလျှင် သူ့ကိုနမ်းလျက် “အကယ်စင်စစ် ထာဝရဘုရားသည် မိမိ၏အမွေတော်ကို အုပ်ချုပ်သူမင်းအဖြစ် သင့်အား ဘိသိက်ပေးတော်မူပြီ။ 2ယနေ့ ငါ့ထံမှ သင်ပြန်သွားလျှင် ဗင်္ယာမိန်နယ်စပ်၊ ဇေလဇအရပ်ရှိ ရာခေလသင်္ချိုင်းအနားတွင် လူနှစ်ယောက်ကို တွေ့လိမ့်မည်။ သူတို့က သင့်အား ‘သင်သွားရှာသောမြည်းတို့ကို ပြန်တွေ့ပြီ။ ယခု သင့်ဖခင်သည် မြည်းတို့အတွက် မစိုးရိမ်တော့ဘဲ ငါ့သားအဖို့ မည်သို့ပြုရမည်နည်းဟု ဆိုပြီး သင်တို့အတွက် စိုးရိမ်လျက်ရှိ၏’ဟု သင့်ကို ပြောလိမ့်မည်။
3ထိုမှ ဆက်သွားလျှင် တာဗော်တောင် ဝက်သစ်ချတောသို့ ရောက်မည်။ ထိုနေရာတွင် ဘုရားသခင်ထံ ယဇ်ပူဇော်ရန် ဗေသလမြို့သို့သွားသော လူသုံးယောက်နှင့် သင်ဆုံတွေ့လိမ့်မည်။ တစ်ယောက်သည် ဆိတ်သငယ်သုံးကောင်ကို ယူဆောင်လာ၍ နောက်တစ်ယောက်သည် မုန့်သုံးလုံးကိုလည်းကောင်း၊ နောက်တစ်ယောက်သည် စပျစ်ဝိုင်ဘူးကိုလည်းကောင်း ယူဆောင်လာလိမ့်မည်။ 4သူတို့သည် သင့်ကို သာကြောင်းမာကြောင်းမေးမြန်းနှုတ်ဆက်ကြလိမ့်မည်။ သင့်ကို မုန့်နှစ်လုံးပေး၍ သင်သည် သူတို့ထံမှ ခံယူရလိမ့်မည်။
5ထို့နောက်မှ ဖိလိတ္တိခံတပ်ရှိရာ ဘုရားသခင်၏တောင်တော်သို့ ရောက်လိမ့်မည်။ မြို့နားသို့ရောက်လျှင် ပရောဖက်တစ်စုသည် သူတို့ရှေ့တွင် စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စောင်းကောက် တီးမှုတ်သူတို့ပါလျက်၊ သူတို့သည် ပရောဖက်ပြုလျက် အထွတ်အမြတ်ထားရာကုန်းမြင့်မှဆင်းလာသည်ကို သင်တွေ့ရလိမ့်မည်။ 6ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် သင့်အပေါ်သို့ တစ်မုဟုတ်ချင်းဆင်းသက်၍ သူတို့နှင့်အတူ ပရောဖက်ပြုပြီး လူသစ်တစ်ယောက်အဖြစ်ပြောင်းသွားလိမ့်မည်။ 7ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူသည်ဖြစ်၍ သင်၌ ဤနိမိတ်လက္ခဏာများဖြစ်လာသောအခါ သင်ပြုသင့်သည့်အရာများကို ပြုလော့။ 8ဂိလဂါလမြို့သို့ သင်ကြိုဆင်းသွားနှင့်လော့။ နောက်မှ မီးရှို့ရာယဇ်များ၊ မိတ်သဟာယယဇ်များကိုပူဇော်ရန် ငါလာခဲ့မည်။ ငါမရောက်မီ ခုနစ်ရက်စောင့်နေလော့။ ငါရောက်လျှင် သင်ပြုရမည့်အရာကို ပြောပြမည်”ဟု ဆိုလေ၏။
9ရှောလုသည် ရှမွေလကို ကျောခိုင်း၍ ထွက်သွားစဉ်တွင် ဘုရားသခင်သည် သူ့ကို စိတ်နှလုံးသစ် ပြောင်းလဲပေးလိုက်သဖြင့် ထိုနေ့တွင်ပင် နိမိတ်လက္ခဏာများ အလုံးစုံဖြစ်လာ၏။ 10တောင်ပေါ်သို့သူတို့ရောက်သောအခါ ပရောဖက်တစ်စုသည် သူ့ကိုကြိုဆိုကြ၏။ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်သို့ တမဟုတ်ချင်းဆင်းသက်၍ သူသည် သူတို့နှင့်အတူပရောဖက်ပြုလေ၏။
11ပရောဖက်တို့နှင့်အတူ ရှောလုပရောဖက်ပြုသည်ကို သူနှင့်သိကျွမ်းခဲ့သောသူတို့တွေ့သောအခါ ထိုသူတို့က “ကိရှ၏သားကား မည်သို့ဖြစ်သွားပါသနည်း။ ရှောလုသည်လည်း ပရောဖက်တို့အပါအဝင် ဖြစ်သလော”ဟု အချင်းချင်းမေးမြန်းကြ၏။
12ထိုအရပ်သားတစ်ယောက်က “သူတို့၏ဖခင်ကား မည်သူများနည်း”ဟု ဆို၏။ ထိုအကြောင်းကြောင့် “ရှောလုသည်လည်း ပရောဖက်တို့အပါအဝင်ဖြစ်သလော”ဟူသော ဆိုရိုးဖြစ်ပေါ်လာခဲ့၏။ 13ရှောလုသည် ပရောဖက်ပြုပြီးသောအခါ အထွတ်အမြတ်ထားရာကုန်းမြင့်သို့သွားလေ၏။ 14ထို့နောက်မှ ရှောလု၏ဘထွေးက ရှောလုနှင့်သူ၏ငယ်သားတို့အား “သင်တို့သည် မည်သည့်အရပ်သို့ ရောက်ခဲ့သနည်း”ဟု မေးလျှင် ရှောလုက “အကျွန်ုပ်တို့သည် မြည်းတို့ကိုလိုက်ရှာ၍ မတွေ့သောအခါ ရှမွေလထံသို့သွားကြပါ၏”ဟု ဖြေကြား၏။
15ရှောလု၏ဘထွေးကလည်း “ရှမွေလက သင်တို့အား မည်သို့ပြောခဲ့သည်ကို ငါ့အားပြောပြပါလော့”ဟု ဆို၏။
16ရှောလုကလည်း သူ့ဘထွေးအား “မြည်းတို့ကိုပြန်တွေ့ပြီဟု အကျွန်ုပ်တို့အား တပ်အပ်ပြောပြခဲ့ပါသည်”ဟုသာ ပြောပြပြီး ဘုရင့်အရိုက်အရာနှင့်ပတ်သက်၍ ရှမွေလပြောသောအကြောင်းအရာကိုမူ မပြောပြဘဲနေ၏။
ရှောလုကိုရှင်ဘုရင်အဖြစ် လက်ခံခြင်း
17ထို့နောက် ရှမွေလသည် မိဇပါမြို့တွင် လူတို့ကို ထာဝရဘုရားထံတော်သို့ ခေါ်ယူစုရုံးစေပြီး 18အစ္စရေးအမျိုးသားတို့အား “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘အစ္စရေးလူမျိုးတို့ကို အီဂျစ်ပြည်မှ ငါထုတ်ဆောင်ခဲ့၏။ သင်တို့ကို အီဂျစ်လူမျိုးတို့၏လက်မှလည်းကောင်း၊ သင်တို့ကိုညှဉ်းဆဲသောတိုင်းနိုင်ငံအပေါင်းတို့၏လက်မှလည်းကောင်း ငါကယ်နုတ်ခဲ့၏’ဟု မိန့်တော်မူ၏။ 19သို့သော် သင်တို့အား ရှိသမျှဘေးအန္တရာယ်များနှင့် ဆင်းရဲဒုက္ခများထဲမှ ကယ်တင်ခဲ့သောဘုရားသခင်ကို ယနေ့ သင်တို့စွန့်ပယ်၍ ‘အကျွန်ုပ်တို့အဖို့ ရှင်ဘုရင်ကို ခန့်အပ်ပေးပါလော့’ဟု သင်တို့ဆိုသောကြောင့် ယခု သင်တို့အမျိုးအနွယ်အလိုက်၊ မျိုးနွယ်စုအလိုက် ထာဝရဘုရားရှေ့တော်၌ ရပ်နေကြလော့”ဟု ဆို၏။
20ရှမွေလသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ကို သူ့ထံလာစေပြီး မဲချရာ ဗင်္ယာမိန်အမျိုးအနွယ်မဲကျ၏။ 21တစ်ဖန် ရှမွေလသည် ဗင်္ယာမိန်အမျိုးအနွယ်ထဲမှ မျိုးနွယ်စုအလိုက် ရှေ့သို့လာစေပြီး မဲချရာ မာတရိမျိုးနွယ်စုမဲကျ၏။ ထို့နောက် ကိရှ၏သားရှောလုမဲကျ၏။ သူ့ကိုရှာသော်လည်း မတွေ့ပေ။ 22ထိုအခါ လူတို့က ထာဝရဘုရားအား “ဤနေရာသို့ သူမရောက်လာသေးသလော”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “ကြည့်ရှုလော့။ အထုပ်အပိုးများကြားတွင် သူပုန်းနေသည်”ဟု မိန့်တော်မူ၏။
23ထိုအခါ လူတို့သည် ပြေးသွား၍ သူ့အား အထုပ်အပိုးကြားမှ ခေါ်ထုတ်လာကြ၏။ သူသည် လူတို့အလယ်တွင် ရပ်နေသောအခါ လူအားလုံးထက်ခေါင်းတစ်လုံးစာ ပိုမြင့်၏။ 24ရှမွေလက လူအပေါင်းတို့အား “ထာဝရဘုရားရွေးကောက်တော်မူသောသူကို ကြည့်ကြပါလော့။ လူအပေါင်းတို့တွင် သူနှင့်တူသောသူတစ်ယောက်မျှမရှိ”ဟု ဆိုလျှင် လူအပေါင်းတို့က “အရှင်မင်းကြီး သက်တော်ရှည်ပါစေ”ဟု ကြွေးကြော်ကြလေ၏။
25ထို့နောက် ရှမွေလက ဘုရင်နှင့်ဆိုင်သောစီရင်ထုံးဖွဲ့ချက်တို့ကို လူတို့အား ပြောပြပြီး စာလိပ်၌ရေးထား၍ ထာဝရဘုရားရှေ့တော်၌ ထားလေ၏။ ထို့နောက် ရှမွေလသည် လူအပေါင်းတို့ကို မိမိတို့အိမ်သို့ အသီးသီးပြန်စေ၏။
26ရှောလုသည်လည်း မိမိအိမ်ရှိရာ ဂိဗာမြို့သို့ပြန်သွားရာ ဘုရားသခင်သည် ရဲစွမ်းသတ္တိရှိသူတို့၏စိတ်နှလုံးကို တို့ထိတော်မူသဖြင့် သူတို့သည် သူ့နောက်သို့ လိုက်သွားကြ၏။ 27သို့သော် ဆိုးညစ်သောသူတို့က “ဤသူသည် ငါတို့ကို မည်သို့ကယ်တင်နိုင်မည်နည်း”ဟု ဆိုလျက် သူ့အား မထီမဲ့မြင်ပြုပြီး လက်ဆောင်ပဏ္ဏာကို မဆက်သဘဲနေကြ၏။ သို့သော် သူသည် ဘာမျှမပြောဘဲ နှုတ်ဆိတ်နေ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်ပထမစောင် 10: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative