ဓမ္မရာဇဝင်ပထမစောင် 21
21
နောဗမြို့သို့ ဒါဝိဒ်ထွက်ပြေးခြင်း
1ဒါဝိဒ်သည် နောဗမြို့ရှိ ယဇ်ပုရောဟိတ်အဟိမလက်ထံသို့ ရောက်လာ၏။ အဟိမလက်သည် ဒါဝိဒ်ကို မြင်လျှင် ထိတ်လန့်သွား၍ “အဘယ်ကြောင့် သင် တစ်ဦးတည်းလာရသနည်း။ သင်နှင့်အတူ မည်သူမျှမပါသလော”ဟု မေးရာ
2ဒါဝိဒ်က ယဇ်ပုရောဟိတ်အဟိမလက်အား “ရှင်ဘုရင်သည် အကျွန်ုပ်ကို အမှုတစ်ခုစေခိုင်းလိုက်ပါ၏။ ရှင်ဘုရင်က ‘သင့်ကို ငါစေခိုင်းသောအမှု၊ သင့်ကို မိန့်မှာသောအမှုတို့ကို မည်သူ့ကိုမျှ မသိစေရ’ဟု မိန့်မှာထားပါ၏။ ငယ်သားတို့နှင့် တစ်နေရာတွင် အကျွန်ုပ်ချိန်းချက်ထားပါ၏။ 3အရှင်၌ မည်သည့်အရာရှိသနည်း။ အကျွန်ုပ်အား မုန့်ငါးလုံး၊ သို့မဟုတ် ရှိသည့်အရာကို ပေးပါလော့”ဟု ဆို၏။
4ယဇ်ပုရောဟိတ်ကလည်း ဒါဝိဒ်အား “ငါ၌ ရိုးရိုးမုန့်မရှိ။ သန့်ရှင်းသောမုန့်သာ ရှိသည်ဖြစ်၍ သင့်ငယ်သားတို့သည် မိန်းမကိုရှောင်လျှင် စားနိုင်သည်”ဟု ပြောပြ၏။
5ဒါဝိဒ်ကလည်း ယဇ်ပုရောဟိတ်အား “ယခင်ကတည်းက စစ်ချီထွက်လျှင် မိန်းမကို ရှောင်မြဲဖြစ်ပါ၏။ သာမန်ခရီးသွားချိန်၌ပင် ယောက်ျားတို့အင်္ဂါမှာ သန့်ရှင်းပါ၏။ ယခုတွင် ပို၍ပင်သန့်ရှင်းပါ၏”ဟု ပြန်ပြော၏။ 6ရှေ့တော်မုန့်မှလွဲ၍ အခြားမုန့်မရှိသောကြောင့် ယဇ်ပုရောဟိတ်သည် သူ့အား သန့်ရှင်းသောမုန့်ကို ပေးလိုက်၏။ ထိုမုန့်သည် မုန့်အသစ်ပြန်တင်သောနေ့၌ ထာဝရဘုရားရှေ့တော်မှ စွန့်လိုက်ရမည့်မုန့်ဖြစ်၏။
7ထိုနေ့၌ ရှောလု၏အစေအပါးတစ်ဦးသည် ထိုနေရာတွင်ရှိနေ၍ ထာဝရဘုရားရှေ့တော်၌ ထိန်းချုပ်ထားခြင်းခံနေရ၏။ ထိုသူမှာ ရှောလု၏သိုးထိန်းအုပ် ဧဒုံပြည်သား ဒေါဂဖြစ်၏။
8ဒါဝိဒ်က အဟိမလက်အား “သင်၌ လှံ၊ သို့မဟုတ် ဓား တစ်စုံတစ်ရာရှိသလော။ ရှင်ဘုရင်က အလောတကြီးစေခိုင်းလိုက်သောအမှုကြောင့် အကျွန်ုပ်၌ ဓား၊ သို့မဟုတ် လက်နက် တစ်စုံတစ်ရာမျှမပါလာပါ”ဟု ဆိုလျှင်
9ယဇ်ပုရောဟိတ်က “ဧလာချိုင့်၌ သင်သုတ်သင်ပစ်ခဲ့သော ဖိလိတ္တိပြည်သား ဂေါလျတ်၏ဓားရှိပါ၏။ အဝတ်နှင့်ပတ်ပြီး ဧဖုဒ်#21:9 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။နောက်တွင် သိမ်းထားပါ၏။ ဤဓားမှလွဲ၍ အခြားဓားမရှိပါ။ ယူလိုပါက ယူသွားပါ”ဟု ဆိုလျှင် ဒါဝိဒ်က “အကျွန်ုပ်ကို ပေးပါလော့။ ဤဓားထက်ကောင်းသောဓား မရှိပါ”ဟု ဆို၏။
ဂါသဘုရင်ထံ ဒါဝိဒ်ထွက်ပြေးခြင်း
10ထိုနေ့မှစ၍ ဒါဝိဒ်သည် ရှောလုမင်းကြီးထံမှထွက်ပြေးပြီး ဂါသဘုရင်အာခိတ်မင်းကြီးထံသို့ ရောက်လာ၏။ 11ထိုအခါ အာခိတ်မင်းကြီး၏အမှုထမ်းတို့က “ဤသူသည် ပြည့်ရှင်မင်းဒါဝိဒ် မဟုတ်လော။ သူနှင့်ပတ်သက်၍ ‘ရှောလု အထောင်အထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေပြီ’ဟု သီဆိုကခုန်ခဲ့ကြသည်မဟုတ်လော”ဟု မေးလျှောက်ကြ၏။
12ထိုစကားတို့သည် ဒါဝိဒ်၏စိတ်ထဲ၌စွဲနေသောကြောင့် သူသည် ဂါသဘုရင်အာခိတ်မင်းကြီးကို အလွန်တရာမှကြောက်ရွံ့လေ၏။ 13ထို့ကြောင့် သူတို့ရှေ့တွင် စိတ်မနှံ့သူ အရူးကဲ့သို့ အယောင်ဆောင်ရလေ၏။ သူသည် တံခါးရွက်တို့ကို ကုတ်ခြစ်ပြီး မုတ်ဆိတ်များပေါ် သွားရည်များ စီးကျစေ၏။
14ထို့ကြောင့် အာခိတ်မင်းကြီးက အမှုထမ်းတို့အား “ကြည့်ပါ။ ဤသူ ရူးနေသည်ကို သင်တို့မြင်သလော။ အဘယ်ကြောင့် ငါ့ထံ ခေါ်လာကြသနည်း။ 15ဤသူကို ငါ့ရှေ့ခေါ်လာပြီး ရူးပြနေသည်မှာ အရူးကို ငါလိုအပ်နေ၍လော။ ဤသူသည် ငါ့နန်းတော်ထဲသို့ ဝင်သင့်ပါသလော”ဟု ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်ပထမစောင် 21: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative