YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 27

27
ဇိကလတ်မြို့သို့ ဒါဝိဒ်ထွက်ပြေးခြင်း
1ဒါဝိဒ်​သည် စိတ်​ထဲတွင် “​တစ်နေ့​မ​ဟုတ် တစ်နေ့ ရှောလု​မင်းကြီး​လက်​ဖြင့် ငါ​သေ​ရ​လိမ့်မည်​။ ဖိလိတ္တိ​ပြည်​သို့​ထွက်ပြေး​တိမ်းရှောင်​သွား​ခြင်း​ထက် ငါ့​အတွက် ကောင်း​သော​နည်းလမ်း​မ​ရှိ​။ သို့မှ ရှောလု​မင်းကြီး​သည် ငါ့​ကို အစ္စရေး​နယ်မြေ​တွင် ရှာဖွေ​ခြင်း​မှ လက်လျှော့​ပြီး သူ့​လက်​မှ လွတ်မြောက်​ရ​လိမ့်မည်​”​ဟု တွေး​မိ​သဖြင့် 2ဒါဝိဒ်​သည် ထ​၍ သူ့​နောက်လိုက်​လူ​ခြောက်​ရာ​တို့​နှင့်အတူ မောခ​၏​သား ဂါသ​ဘုရင်​အာခိတ်​မင်းကြီး​ထံသို့ သွား​လေ​၏​။ 3ဒါဝိဒ်​နှင့်အတူ သူ့​နောက်လိုက်​အားလုံး​နှင့် သူ​တို့​၏​အိမ်ထောင်မိသားစု​များ​အပါအဝင် ဒါဝိဒ်​၏​ဇနီး​နှစ်​ဦး​ဖြစ်​သော ယေဇရေလ​မြို့သူ အဟိနောင်​နှင့် ကရမေလ​မြို့သူ နာဗလ​၏​မယား​ဖြစ်​ခဲ့​ဖူး​သော အဘိဂဲလ​တို့​သည် ဂါသ​မြို့​၌ အာခိတ်​မင်းကြီး​နှင့်အတူ နေထိုင်​ကြ​၏​။ 4ဂါသ​မြို့​သို့ ဒါဝိဒ်​ထွက်ပြေး​သွား​သည့်​အကြောင်း​ကို ရှောလု​မင်းကြီး ကြားသိ​လျှင် ဒါဝိဒ်​ကို ဆက်၍​မ​ရှာ​တော့​ပေ​။
5ဒါဝိဒ်​က အာခိတ်​မင်းကြီး​အား “​အကျွန်ုပ်​သည် အရှင်မင်းကြီး​ရှေ့​၌ မျက်နှာရ​မည်​ဆိုလျှင် အကျွန်ုပ်​နေထိုင်​ဖို့ ကျေးလက်​မြို့ တစ်​မြို့​မြို့​ကို ပေးသနား​ပါ​။ အရှင်မင်းကြီး​၏​အစေအပါး​သည် အဘယ်ကြောင့် အရှင်မင်းကြီး​နှင့်အတူ မင်းနေပြည်တော်​တွင် နေ​ရ​ပါ​မည်နည်း​”​ဟု လျှောက်ဆို​၏​။ 6ထို့ကြောင့် ထို​နေ့​တွင်​ပင် အာခိတ်​မင်းကြီး​သည် သူ့​အား ဇိကလတ်​မြို့​ကို ပေး​၏​။ ယနေ့​တိုင်အောင် ဇိကလတ်​မြို့​သည် ယုဒ​ဘုရင်​တို့ ပိုင်ဆိုင်​သော​မြို့ ဖြစ်​လေ​၏​။ 7ဖိလိတ္တိ​ပြည်​တွင် ဒါဝိဒ်​နေထိုင်​ခဲ့​သော​အချိန်ကာလ​မှာ တစ်နှစ်​နှင့်​လေး​လ​ဖြစ်​၏​။
8ထိုသို့​နေ​စဉ်တွင် ဒါဝိဒ်​နှင့် သူ့​နောက်လိုက်​တို့​သည် ဂေရှုရိ​လူမျိုး​၊ ဂေရဇိ​လူမျိုး​နှင့် အာမလက်​လူမျိုး​တို့ ရှေးကတည်းကပင် နေထိုင်​ရာ​ဖြစ်​သော ရှုရ​အရပ်​တစ်လျှောက် အီဂျစ်​ပြည်​အထိ ချီတက်​တိုက်ခိုက်​လေ့​ရှိ​၏​။ 9ဒါဝိဒ်​သည် ထို​အရပ်​ကို တိုက်ခိုက်​ပြီးလျှင် ယောက်ျား​မိန်းမ တစ်ယောက်မကျန် သုတ်သင်​ပစ်​၏​။ သိုး​၊ နွား​၊ မြည်း​၊ ကုလားအုတ်​နှင့် အဝတ်အစား​တို့​ကို​လည်း သိမ်းယူ​ပြီး အာခိတ်​မင်းကြီး​ထံ ပြန်​သွား​လေ​၏​။ 10အာခိတ်​မင်းကြီး​က​လည်း “​ယနေ့ မည်သည့်​အရပ်​တွင် တိုက်ခိုက်​ခဲ့​သနည်း​”​ဟု မေး​လျှင် ဒါဝိဒ်​က “​ယုဒ​တောင်ဘက်​”​၊ “​ယေရမေလ​တောင်ဘက်​”​၊ “​ကေနိ​တောင်ဘက်​” စသည်​ဖြင့် ပြန်လျှောက်​လေ့​ရှိ​၏​။
11“​ငါ​တို့​ကို ဒါဝိဒ် ဤသို့​ပြု​ပါ​ပြီ​”​ဟု သတင်း​ထွက်​မည်​ကို​စိုးရိမ်​၍ ဂါသ​မြို့​သို့​သတင်း​မ​ရောက်​စေရန် ဒါဝိဒ်​သည် ယောက်ျား​မိန်းမ တစ်ယောက်​မျှ​မ​ကျန် အကုန်​သုတ်သင်​ပစ်​၏​။ ဖိလိတ္တိ​နယ်​တွင် နေ​စဉ်​ကာလ​တစ်လျှောက်လုံး ဤသို့​ပြု​လေ​၏​။ 12အာခိတ်​မင်းကြီး​သည် ဒါဝိဒ်​ကို​ယုံ​ပြီး “​ဒါဝိဒ်​ကို သူ့​လူမျိုး​အစ္စရေး​တို့ အလွန်​စက်ဆုပ်ရွံရှာ​ကြ​ပြီ​။ ထို့ကြောင့် သူ​သည် ငါ့​ထံ၌ အစဉ်အမြဲ​ကျွန်ခံ​ရ​လိမ့်မည်​”​ဟု ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ပထမစောင် 27: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ