ဓမ္မရာဇဝင်ပထမစောင် 29
29
ဒါဝိဒ်ကို ဖိလိတ္တိလူမျိုးတို့ငြင်းပယ်ခြင်း
1ဖိလိတ္တိတပ်တစ်တပ်လုံးသည် အာဖက်မြို့၌ စုဝေးကြ၏။ အစ္စရေးလူမျိုးတို့ကား ယေဇရေလမြို့ရှိ စမ်းရေတွင်းနား၌ စခန်းချကြ၏။ 2ဖိလိတ္တိမင်းတို့သည် ရာချီတပ်၊ ထောင်ချီတပ်တို့နှင့် ချီတက်ကြ၏။ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည်လည်း အာခိတ်မင်းကြီးနှင့်အတူ သူတို့နောက်မှလိုက်၍ ချီသွားကြ၏။ 3ဖိလိတ္တိတပ်မှူးတို့က “ဤဟေဗြဲလူမျိုးတို့သည် ဘာလာလုပ်ကြသနည်း”ဟု မေးလျှင် အာခိတ်မင်းကြီးက ဖိလိတ္တိတပ်မှူးတို့အား “ဤသူကား အစ္စရေးရှင်ဘုရင်ရှောလု၏အစေအပါး ဒါဝိဒ်ဖြစ်၏။ ငါ့ထံရောက်လာသည်မှာ နှစ်နှင့်ချီရှိပြီ။ ရှောလုကို သူစွန့်ခွာလာသောနေ့မှစ၍ ယနေ့အထိ သူ၌အပြစ်တစ်စုံတစ်ရာမျှမတွေ့”ဟု ဆို၏။
4ဖိလိတ္တိတပ်မှူးတို့သည် သူ့ကိုအမျက်ထွက်၍ သူ့အား “ဤလူကို ပြန်ခိုင်းပါ။ သင်ပေးနေသောအရပ်သို့ ပြန်သွားပါစေ။ စစ်ပွဲ၌ ငါတို့ကို ရန်ပြုပြီး ပြန်မတိုက်ခိုက်မည့်အကြောင်း ငါတို့နှင့်အတူ တိုက်ပွဲသို့ မလိုက်လာပါစေနှင့်။ သူ့သခင် သူ့ကိုပြန်လက်ခံအောင် သူမည်သို့ပြုနိုင်မည်နည်း။ ဤသူတို့၏ခေါင်းများအားဖြင့်သာ မဟုတ်လော။ 5‘ရှောလုအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း သတ်လေပြီ’ဟု လူတို့ သီဆိုကခုန်ဂုဏ်ပြုခဲ့သူမှာ ဤဒါဝိဒ်ပင် မဟုတ်လော”ဟု ပြန်ပြောကြ၏။
6ထို့ကြောင့် အာခိတ်မင်းကြီးက ဒါဝိဒ်ကိုခေါ်၍ “ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ စင်စစ် သင်သည် ဖြောင့်မှန်သောသူဖြစ်ပါ၏။ သင်သည် ငါ့ထံရောက်လာသောနေ့မှစ၍ ယနေ့တိုင်အောင် သင်၌အပြစ်တစ်စုံတစ်ရာမျှမတွေ့။ ထို့ကြောင့် ယနေ့ ငါနှင့်အတူ သင်တိုက်ပွဲဝင်ဖို့ ငါအလိုရှိသော်လည်း အခြားမင်းတို့မူကား အလိုမရှိကြ။ 7သို့ဖြစ်၍ ယခုမှာ သင် အေးအေးချမ်းချမ်းပြန်သွားပါ။ သင့်ကို ဖိလိတ္တိမင်းတို့ အဆိုး မမြင်စေပါနှင့်”ဟု ဆိုလျှင် 8ဒါဝိဒ်က အာခိတ်မင်းကြီးအား “အကျွန်ုပ် မည်သို့ပြုမိပါသနည်း။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး၏ရန်သူတို့ကို စစ်တိုက်သွားခွင့်မရအောင် အရှင့်ထံသို့ရောက်သည့်နေ့မှစ၍ ယနေ့အထိ အရှင့်အစေအပါး၌ မည်သည့်အပြစ်ကို အရှင်တွေ့ရှိပါသနည်း”ဟု ပြန်ပြော၏။
9အာခိတ်မင်းကြီးက ဒါဝိဒ်အား “သင်သည် ငါ့အဖို့ ဘုရားသခင်၏ကောင်းကင်တမန်တစ်ပါးကဲ့သို့ နှစ်သက်ဖွယ်ဖြစ်သည်ကို ငါသိ၏။ သို့သော် ဖိလိတ္တိတပ်မှူးတို့က ‘သူသည် ငါတို့နှင့်အတူ စစ်တိုက်မလိုက်ရ’ဟု ပြောကြပြီ။ 10ထို့ကြောင့် သင်နှင့်လိုက်ပါလာသော သင့်သခင်၏အစေအပါးတို့နှင့်အတူ နံနက်စောစောထလော့။ နံနက်စောစောထ၍ မိုးလင်းသည်နှင့် ထွက်သွားကြလော့”ဟု ဆို၏။ 11ထို့ကြောင့် ဒါဝိဒ်သည် နံနက်စောစောထ၍ သူနှင့် သူ့နောက်လိုက်တို့သည် ဖိလိတ္တိပြည်သို့ ပြန်သွားကြ၏။ ဖိလိတ္တိလူမျိုးတို့ကား ယေဇရေလမြို့သို့ ချီသွားကြ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်ပထမစောင် 29: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative