သက်သာလောနိတ်ဩဝါဒစာပထမစောင် 2
2
ပေါလု၏စီမံဆောင်ရွက်မှု
1ညီအစ်ကိုတို့၊ သင်တို့ထံသို့ ငါတို့ရောက်ရှိလာခြင်းသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။ 2သင်တို့သိကြသည့်အတိုင်း ငါတို့သည် ဦးစွာ ဖိလိပ္ပိမြို့၌ ဒုက္ခဝေဒနာခံစားရလျက် နှိပ်စက်ခြင်းကိုခံရသော်လည်း ကြီးစွာသောဆန့်ကျင်တိုက်ခိုက်မှုထဲတွင် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို ငါတို့၏ဘုရားသခင်အားဖြင့် သင်တို့အား ရဲရင့်စွာဟောပြောကြ၏။ 3အကြောင်းမူကား ငါတို့သည် မှားယွင်းခြင်း၊ ညစ်ညူးခြင်းနှင့် ပရိယာယ်တို့အားဖြင့် သင်တို့ကိုတိုက်တွန်းဟောပြောကြသည်မဟုတ်။ 4ဘုရားသခင်သည် ငါတို့ကိုအသိအမှတ်ပြုလျက် ကောင်းမြတ်သောသတင်းကို ငါတို့၌ယုံကြည်အပ်နှံထားသည့်အလျောက် ငါတို့သည် လူတို့ကိုနှစ်သက်စေရန်မဟုတ်ဘဲ ငါတို့၏စိတ်နှလုံးကိုစစ်ဆေးတော်မူသောဘုရားသခင်ကို နှစ်သက်စေရန် ဟောပြောကြ၏။ 5အကြောင်းမူကား သင်တို့သိကြသည့်အတိုင်း ငါတို့သည် မြှောက်ပင့်သောစကားကို တစ်ကြိမ်တစ်ခါမျှမသုံး၊ လောဘစိတ်ဖြင့်ဟန်ဆောင်ခြင်းလည်းမရှိခဲ့ပေ။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ဘုရားသခင်သည် ငါတို့၏သက်သေဖြစ်တော်မူ၏။ 6ငါတို့သည် ခရစ်တော်၏တမန်တော်များအနေဖြင့် ဩဇာအာဏာကိုအသုံးပြုနိုင်သော်လည်း သင်တို့ထံမှဖြစ်စေ၊ အခြားသောသူတို့ထံမှဖြစ်စေ လူတို့ပေးသောဂုဏ်ပြုချီးမွမ်းခြင်းကိုမရှာဘဲ 7နို့တိုက်မိခင်သည် မိမိ၏သားသမီးများကို ယုယကြင်နာသကဲ့သို့ သင်တို့အလယ်၌ နူးညံ့သိမ်မွေ့သောသူများဖြစ်ကြ၏။ 8ထိုနည်းတူ သင်တို့သည် ငါတို့ချစ်သောသူများဖြစ်လာကြသောကြောင့် ငါတို့သည် သင်တို့ကိုချစ်ခင်တွယ်တာလျက် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကိုသာမက ငါတို့၏အသက်ကိုပင် ဝေမျှပေးရန် စေတနာစိတ်ရှိကြ၏။ 9ညီအစ်ကိုတို့၊ ငါတို့၏ကြိုးပမ်းအားထုတ်မှုနှင့်ပင်ပန်းခက်ခဲမှုတို့ကို သင်တို့မှတ်မိကြ၏။ ငါတို့သည် သင်တို့ထဲမှ မည်သူ့အပေါ်၌မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေ့ရောညပါအလုပ်လုပ်လျက် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို သင်တို့အား ဟောပြောကြ၏။
10ငါတို့သည် ယုံကြည်သူဖြစ်သောသင်တို့တွင် မည်သို့ သန့်ရှင်းဖြူစင်စွာနှင့် ဖြောင့်မတ်စွာပြုမူလျက် အပြစ်တင်စရာမရှိရလေအောင် နေထိုင်ခဲ့သည်ကို သင်တို့နှင့်ဘုရားသခင်သည် ငါတို့၏သက်သေများဖြစ်ကြ၏။ 11သင်တို့သိကြသည့်အတိုင်း ဖခင်သည် မိမိသားသမီးများအပေါ်ပြုသကဲ့သို့ ငါတို့သည် သင်တို့အပေါ်ပြုမူလျက် 12မိမိနိုင်ငံတော်နှင့်ဘုန်းအသရေတော်သို့ သင်တို့ကိုခေါ်ယူတော်မူသောဘုရားသခင်နှင့် ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းကြရန် သင်တို့တစ်ဦးစီကို တိုက်တွန်းနှိုးဆော်၍ နှစ်သိမ့်အားပေးကာ သတိပေးခဲ့ကြ၏။
နှုတ်ကပတ်တရားကို လက်ခံခြင်းနှင့်ဆန့်ကျင်ခြင်း
13သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။ 14ညီအစ်ကိုတို့၊ သင်တို့သည် ခရစ်တော်ယေရှု၌တည်သော ယုဒပြည်ရှိ ဘုရားသခင်၏အသင်းတော်များကို အတုယူသူများဖြစ်ကြပြီ။ အကြောင်းမူကား သူတို့သည် ဂျူးလူမျိုးတို့လက်တွင် ဒုက္ခဝေဒနာခံစားကြရသကဲ့သို့ သင်တို့သည်လည်း မိမိတို့၏အမျိုးသားချင်းများလက်တွင် အလားတူခံစားကြရ၏။ 15ဂျူးလူမျိုးတို့သည် သခင်ယေရှုနှင့်ပရောဖက်များကိုသတ်၍ ငါတို့ကိုလည်း လိုက်လံညှဉ်းဆဲကြ၏။ သူတို့သည် ဘုရားသခင်ကိုမနှစ်သက်စေဘဲ လူအပေါင်းတို့ကို ဆန့်ကျင်လျက် 16လူမျိုးခြားတို့ကယ်တင်ခြင်းရရှိရန် ငါတို့ဟောပြောသည်ကို တားမြစ်ကာ မိမိတို့အပြစ်များကို အစဉ်အမြဲဖြည့်ဆည်းကြ၏။ သို့ဖြစ်၍ အမျက်တော်သည် သူတို့အပေါ်သို့ အဆုံးစွန်သက်ရောက်လေ၏။
ယုံကြည်သူများနှင့်တွေ့လိုသော ပေါလု၏ဆန္ဒ
17ညီအစ်ကိုတို့၊ ငါတို့သည် စိတ်နှလုံးအားဖြင့်မဟုတ်ဘဲ လူချင်း သင်တို့နှင့် ခေတ္တခဏခွဲခွာနေရသော်လည်း သင်တို့၏မျက်နှာကိုပြန်တွေ့နိုင်ရန် အလွန်တောင့်တ၍ အထူးကြိုးစားကြ၏။ 18ထို့ကြောင့် ငါတို့သည် သင်တို့ထံသို့လာရန် အလိုရှိကြ၏။ ငါပေါလုသည် တစ်ကြိမ်မက နှစ်ကြိမ်တိုင်အောင် အမှန်ပင်ကြိုးစားသော်လည်း စာတန်သည် ငါတို့ကို တားဆီးခဲ့၏။ 19ငါတို့သခင်ယေရှုကြွလာတော်မူသောအခါ ကိုယ်တော်၏ရှေ့တော်၌ ငါတို့၏မျှော်လင့်စရာအကြောင်း၊ ဝမ်းမြောက်စရာအကြောင်းနှင့် ဝါကြွားစရာသရဖူဖြစ်မည့်သူမှာ မည်သူနည်း။ သင်တို့ပင်မဟုတ်လော။ 20အကြောင်းမူကား သင်တို့သည် ငါတို့၏ဘုန်းအသရေနှင့် ဝမ်းမြောက်ခြင်းဖြစ်ကြ၏။
လက်ရှိရွေးချယ်ထားမှု
သက်သာလောနိတ်ဩဝါဒစာပထမစောင် 2: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative