YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိမောသေဩဝါဒစာပထမစောင် 5

5
1အသက်ကြီး​သော​ယောက်ျား​တို့​ကို ပြစ်တင်​မောင်းမဲ​ခြင်း​မ​ပြု​ဘဲ ဖခင်​ကဲ့သို့​လည်းကောင်း၊ ငယ်ရွယ်​သော​ယောက်ျား​တို့​ကို ညီအစ်ကို​ကဲ့သို့​လည်းကောင်း၊ 2အသက်ကြီး​သော​အမျိုးသမီး​တို့​ကို မိခင်​ကဲ့သို့​လည်းကောင်း၊ ငယ်ရွယ်​သော​အမျိုးသမီး​တို့​ကို ဖြူစင်​သန့်ရှင်း​သော​စိတ်​အပြည့်အဝ​ဖြင့် နှမ​ကဲ့သို့​လည်းကောင်း မှတ်​၍ တိုက်တွန်း​နှိုးဆော်​လော့။
မုဆိုးမများအတွက် ကူညီမစမှု
3မုဆိုးမ​တို့​တွင် အမှန်တကယ်​မုဆိုးမ​ဖြစ်​သူ​တို့​ကို ရိုသေ​ကြ​လော့။ 4တစ်စုံတစ်ယောက်​သော​မုဆိုးမ​တွင် သားသမီး​၊ သို့မဟုတ် မြေး​များ​ရှိ​လျှင် ထို​သား​မြေး​တို့​သည် ဘာသာရေး​ဝတ္တရား​တည်းဟူသော မိမိ​တို့​အိမ်သူအိမ်သား​ကို​ပြုစု​ခြင်း​နှင့် မိဘ​ဘိုးဘွား​တို့​အား ကျေးဇူး​ပြန်ဆပ်​ခြင်း​တို့​ကို ဦးစွာ​သင်ယူ​ကြ​စေ။ အကြောင်းမူကား ဤသို့​ပြု​ခြင်း​သည် ဘုရားသခင်​ရှေ့​တော်​၌ နှစ်သက်​လက်ခံ​ဖွယ်​ဖြစ်​၏။ 5အမှန်တကယ်​မုဆိုးမ​ဖြစ်​ပြီး တစ်ဦးတည်း​ကျန်ရစ်​သော​အမျိုးသမီး​သည် ဘုရားသခင်​ကို​မျှော်လင့်​အားထား​လျက် နေ့​ရော​ည​ပါ အသနားခံ​ခြင်း​နှင့်​ဆုတောင်း​ခြင်း​တို့​ကို စွဲမြဲ​စွာ​ပြု​တတ်​၏။ 6အပျော်အပါး​လိုက်စား​သော​မုဆိုးမ​မူကား အသက်ရှင်​လျက်​ပင် သေဆုံး​လေ​ပြီ။ 7ထို့ကြောင့် မည်သူ​၌​မျှ အပြစ်တင်​စရာ​မ​ရှိ​စေရန် လူ​တို့​အား ဤ​အရာ​များ​ကို​ညွှန်ကြား​လော့။ 8မည်သူမဆို မိမိ​ဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိ​အိမ်သူအိမ်သား​တို့​ကို ဂရုမစိုက်​ဘဲ​နေ​လျှင် ထို​သူ​သည် ယုံကြည်​ခြင်း​ကို​ငြင်းပယ်​ပြီ​ဖြစ်၍ မ​ယုံကြည်​သူ​ထက် ဆိုးရွား​၏။
9မုဆိုးမ​အဖြစ်​စာရင်း​သွင်း​ရ​မည့်​သူ​သည် အသက်​ခြောက်ဆယ်​ထက်​မ​နည်း​ရ။ သူ​သည် ယောက်ျား​တစ်​ဦး​တည်း​ရှိ​ခဲ့​သည့် အမျိုးသမီး​ဖြစ်​ပြီး 10သားသမီး​များ​ကို​ပြုစု​စောင့်ရှောက်​ခြင်း၊ ဧည့်ဝတ်​ကျေပွန်​ခြင်း၊ သန့်ရှင်း​သူ​တို့​၏​ခြေ​ကို​ဆေး​ခြင်း၊ ဆင်းရဲ​ဒုက္ခ​ခံရ​သူ​များ​ကို​ကူညီ​စောင့်ရှောက်​ခြင်း၊ ကောင်း​သော​အမှု​ရှိသမျှ​တို့​ကို​ပါဝင်​လုပ်ဆောင်​ခြင်း စသည့်​ကောင်း​သော​အမှု​များ​ကြောင့် ချီးကျူး​ခံရ​သူ​ဖြစ်​ရ​မည်။
11ငယ်ရွယ်​သော​မုဆိုးမ​တို့​ကို​မူ စာရင်း​မ​သွင်း​နှင့်။ အကြောင်းမူကား သူ​တို့​သည် ခရစ်တော်​ကို ဥပေက္ခာ​ပြု​လျက် ကာမဂုဏ်​လိုက်စား​လို​သောအခါ အိမ်ထောင်ပြု​လို​သော​ဆန္ဒ​ရှိ​လာ​သဖြင့် 12ပထမ​ပြု​ထား​သော​ကတိ​သစ္စာ​ကို ချိုးဖောက်​သောကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။ 13ထို့ပြင် သူ​တို့​သည် တစ်အိမ်​ပြီး​တစ်အိမ်​လှည့်လည်​၍ ပျင်းရိ​သော​အကျင့်​ရှိ​လာ​တတ်​ကြ​၏။ ထိုသို့​ပျင်းရိ​သည်​သာမက အတင်းအဖျင်း​ပြောဆို​လျက် သူတစ်ပါး​ကိစ္စ​၌ ဝင်ရောက်​စွက်ဖက်​ကာ မ​ပြော​သင့်​သည့်​အရာ​တို့​ကို ပြောဆို​တတ်​ကြ​၏။ 14ထို့ကြောင့် ငယ်ရွယ်​သော​မုဆိုးမ​တို့​သည် အိမ်ထောင်ပြု​လျက် သားသမီး​များ​မွေးဖွား​ကာ အိမ်မှုကိစ္စ​ကို​စီမံ​ကွပ်ကဲ​၍ ရန်သူ​အား ကဲ့ရဲ့​ပြစ်တင်​ခြင်း​အခွင့်​ကို​မ​ပေး​ရန် ငါ​အလိုရှိ​၏။ 15အကြောင်းမူကား အချို့​သော​မုဆိုးမ​တို့​သည် လမ်းလွဲ​၍ စာတန်​နောက်​သို့​လိုက်​သွား​ကြ​ပြီ။
16ယုံကြည်​သူ​အမျိုးသမီး​တစ်စုံတစ်ဦး​၌ ဆွေမျိုး​တော်စပ်​သည့်​မုဆိုးမ​များ​ရှိ​လျှင် အသင်းတော်​အတွက် ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​စေ​ဘဲ ထို​မုဆိုးမ​တို့​ကို သူ​ကိုယ်တိုင်​ကူညီ​စောင့်ရှောက်​ပါစေ။ သို့ပြုလျှင် အသင်းတော်​သည် အမှန်တကယ်​အကူအညီ​လိုအပ်​သည့်​မုဆိုးမ​များ​ကို ကူညီ​စောင့်ရှောက်​နိုင်​လိမ့်မည်။
အသင်းတော်လူကြီးများကို ဂုဏ်ပြုခြင်း
17ကောင်း​စွာ​စီမံ​အုပ်ချုပ်​နေ​သော​အသင်းတော်​အကြီးအကဲ​များ အထူးသဖြင့် နှုတ်ကပတ်တော်​ဝေငှ​ခြင်း​နှင့် သွန်သင်​ခြင်း​တို့​အတွက် အားထုတ်​လုပ်ဆောင်​နေ​သော​အကြီးအကဲ​များ​သည် နှစ်ဆ​သော​ဂုဏ်ပြု​ခြင်း​ကို ခံထိုက်​သည်​ဟု မှတ်ယူ​လော့။ 18အကြောင်းမူကား ကျမ်းစာ​က “စပါး​နယ်​နေ​သည့်​နွား​ကို ပါးချုပ်​မ​တပ်​ရ”#၁ကော 9:9၊ တရား 25:4။​ဟူ၍​လည်းကောင်း၊“အလုပ်​လုပ်​သော​သူ​သည် လုပ်အားခ​ကို ရ​ထိုက်​၏”​ဟူ၍​လည်းကောင်း ဆို​ထား​၏။ 19သက်သေ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​မ​ရှိ​လျှင် အသင်းတော်​အကြီးအကဲ​အပေါ်​စွပ်စွဲ​ချက်​ကို လက်​မ​ခံ​နှင့်။ 20ကျန်​သော​သူ​တို့​သည်​လည်း ကြောက်ရွံ့​ခြင်း​ရှိ​ကြ​စေရန် အပြစ်​ပြု​သော​သူ​တို့​ကို အားလုံး​ရှေ့​၌ ဆိုဆုံးမ​လော့။
21သင်​သည် ဤ​အရာ​တို့​ကို ခွဲခြား​ခြင်း​မ​ရှိ​ဘဲ စောင့်ရှောက်​၍ မည်သည့်​အရာ​ကို​မျှ ဘက်လိုက်​ခြင်း​မ​ရှိ​ဘဲ​ပြုမူ​ရန် ဘုရားသခင်​နှင့် ခရစ်တော်​ယေရှု​မှစ၍ ရွေးကောက်​ခံရ​သော​ကောင်းကင်​တမန်​တို့​ရှေ့​၌ ငါ​အလေးအနက်​တိုက်တွန်း​၏။
22မည်သူ့​အပေါ်၌​မျှ လက်တင်​ခြင်း​အမှု​ကို အလျင်စလို​မ​ပြု​နှင့်။ အခြား​သူ​တို့​၏​အပြစ်​၌​လည်း ပါဝင်​ခြင်း​မ​ရှိ​နှင့်။ သင့်ကိုယ်သင် ဖြူစင်​သန့်ရှင်း​အောင်​စောင့်ထိန်း​လော့။
23သင်​၏​အစာအိမ်​နှင့် သင်​၌​မကြာခဏ​ဖြစ်​သော နာမကျန်း​ဖြစ်​ခြင်း​တို့​အတွက် ရေ​ကို​သာ​မ​သောက်​တော့​ဘဲ အနည်းငယ်​သော​စပျစ်​ဝိုင်​ကို​လည်း သုံးဆောင်​လော့။
24လူ​အချို့​တို့​၏​အပြစ်​များ​သည် တရား​စီရင်​ခြင်း​သို့​မ​ရောက်​မီ​ကပင် သိသာ​ထင်ရှား​၏။ အချို့​တို့​၏​အပြစ်​များ​မူကား နောက်မှ​ထင်ရှား​တတ်​၏။ 25ထိုနည်းတူ ကောင်း​သော​အမှု​များ​သည်​လည်း သိသာ​ထင်ရှား​တတ်​၏။ ထိုသို့​မ​ထင်ရှား​ခဲ့​လျှင်​ပင် ဖုံးကွယ်​ထား​၍​မ​ရ​နိုင်​ပေ။

လက်ရှိရွေးချယ်ထားမှု

တိမောသေဩဝါဒစာပထမစောင် 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ