ရာဇဝင်ချုပ်ဒုတိယစောင် 18
18
အာဟပ်မင်းကြီးနှင့် ယောရှဖတ်မင်းကြီးတို့ မဟာမိတ်ဖွဲ့ခြင်း
1ယောရှဖတ်မင်းကြီးသည် ဓနဥစ္စာ၊ ဘုန်းအသရေတိုးပွားလျက်ရှိ၏။ အာဟပ်မင်းမျိုးနှင့်လည်း စုံဖက်ဆွေမျိုးစပ်၏။ 2သူသည် နှစ်အတော်ကြာမှ အာဟပ်မင်းကြီးရှိရာ ရှမာရိမြို့သို့သွားလျှင် အာဟပ်မင်းကြီးသည် သူနှင့်သူ့လူတို့အတွက် သိုးနွားအမြောက်အမြားကို သတ်၍ကျွေးမွေးပြီး ရာမုတ်ဂိလဒ်မြို့ကို တိုက်ခိုက်ရန် သွေးဆောင်၏။ 3အစ္စရေးဘုရင်အာဟပ်မင်းကြီးက ယုဒဘုရင်ယောရှဖတ်မင်းကြီးအား “အကျွန်ုပ်နှင့်အတူ ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီလိုက်မည်လော”ဟု မေးလျှင် ယောရှဖတ်မင်းကြီးက “အကျွန်ုပ်သည် မင်းကြီးနှင့်တစ်သဘောတည်း ရှိပါ၏။ အကျွန်ုပ်၏စစ်သည်များသည် မင်းကြီး၏စစ်သည်များပင် ဖြစ်ပါ၏။ မင်းကြီးနှင့်အတူ စစ်ချီထွက်ပါမည်”ဟု ပြန်ပြော၏။ 4သို့သော် ယောရှဖတ်မင်းကြီးက အစ္စရေးဘုရင်အား “ထာဝရဘုရားမည်သို့မိန့်တော်မူမည်ကို ဦးစွာမေးလျှောက်ကြည့်ပါလော့”ဟု ဆို၏။
5ထိုအခါ အစ္စရေးဘုရင်သည် ပရောဖက်လေးရာခန့်ကိုစုရုံးစေပြီးလျှင် သူတို့အား “ရာမုတ်ဂိလဒ်မြို့ကို စစ်ချီ၍တိုက်ရမည်လော။ မတိုက်ဘဲနေရမည်လော”ဟု မေးလျှင် သူတို့က “စစ်ချီတော်မူပါ။ ဘုရားသခင်သည် ထိုမြို့ကို မင်းကြီးလက်သို့ အပ်တော်မူမည်”ဟု ဆင့်ဆိုကြ၏။
6ထိုအခါ ယောရှဖတ်မင်းကြီးက “ဤအရပ်တွင် ငါတို့မေးမြန်း၍ရမည့် ထာဝရဘုရား၏ပရောဖက် မရှိတော့ပြီလော”ဟု မေးလျှင်
7အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ထာဝရဘုရားကို မေးမြန်းပေးမည့်သူတစ်ဦး ရှိပါသေး၏။ သို့သော် သူ့ကို ငါမုန်း၏။ အကြောင်းမူကား သူသည် ငါနှင့်ပတ်သက်လျှင် မည်သည့်အခါမျှ အကောင်းကိုမဟော။ သူ့တစ်သက်မှာ အဆိုးကိုသာ ဟောလေ့ရှိ၏။ သူသည် ဣမလ၏သားမိက္ခာယ ဖြစ်၏”ဟု ပြန်ပြော၏။ ယောရှဖတ်မင်းကြီးကလည်း သူ့အား “မင်းကြီး၊ ထိုသို့မပြောပါနှင့်”ဟု ပြန်ပြော၏။
8ထိုအခါ အစ္စရေးဘုရင်သည် မှူးမတ်တစ်ဦးကို ခေါ်ပြီး “ဣမလ၏သားမိက္ခာယကို အမြန်ခေါ်ခဲ့ပါ”ဟု မိန့်ဆို၏။
9အစ္စရေးဘုရင်နှင့် ယုဒဘုရင်ယောရှဖတ်မင်းကြီးတို့သည် မင်းဝတ်တန်ဆာဝတ်ဆင်လျက် ရှမာရိမြို့တံခါးနားရှိ ကောက်နယ်တလင်း၌ အသီးသီးပလ္လင်ပေါ်တွင် စံမြန်းနေကြ၏။ ပရောဖက်အပေါင်းတို့သည်လည်း သူတို့ရှေ့တွင် ပရောဖက်ပြုနေကြ၏။ 10ခေနာနာ၏သားဇေဒကိသည် သံဦးချိုများကို ပြုလုပ်ပြီး အာဟပ်မင်းကြီးအား “ ‘မင်းကြီးသည် ဤသံဦးချိုများဖြင့် ဆီးရီးယားလူမျိုးတို့ ပျက်စီးကုန်သည့်တိုင်အောင် ဝှေ့ယမ်းတိုက်ခိုက်ရလိမ့်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ဆင့်ဆို၏။ 11ထို့အတူ ပရောဖက်အပေါင်းတို့ကလည်း “ရာမုတ်ဂိလဒ်မြို့သို့ ချီတက်လော့။ အောင်မြင်မှုရမည်။ ထာဝရဘုရားသည် ထိုမြို့ကိုမင်းကြီးလက်သို့ အပ်တော်မူမည်”ဟု ပရောဖက်ပြုကြ၏။
ကျရှုံးခြင်းနှင့်ဆိုင်သော မိက္ခာယ၏သတင်းစကား
12မိက္ခာယကို သွားခေါ်လာခဲ့သောတမန်ကလည်း မိက္ခာယအား “ကြည့်ပါ။ ပရောဖက်တို့က ရှင်ဘုရင်အဖို့ ကောင်းသောသတင်းတစ်မျိုးတည်းကို ဟောကြပြီ။ သင်သည်လည်း သူတို့နည်းတူ ကောင်းသောသတင်းတစ်မျိုးတည်းကိုသာ ဟောပါလော့”ဟု ဆို၏။
13သို့သော် မိက္ခာယက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ငါ၏ဘုရားသခင် မိန့်တော်မူသောအရာကိုသာ ငါဟောမည်”ဟု ပြန်ပြော၏။
14ရှင်ဘုရင်ထံရောက်လာသောအခါ ရှင်ဘုရင်က သူ့အား “မိက္ခာယ၊ ရာမုတ်ဂိလဒ်မြို့ကို ငါတို့ စစ်ချီ၍တိုက်ခိုက်ရမည်လော။ မတိုက်ဘဲ နေရမည်လော”ဟု မေးလျှင် သူက “စစ်ချီတော်မူပါ။ အောင်မြင်မှုရလိမ့်မည်။ ရန်သူများသည် မင်းကြီးလက်သို့ ရောက်ရလိမ့်မည်”ဟု ပြန်လျှောက်၏။
15သို့သော် ရှင်ဘုရင်က သူ့အား “ထာဝရဘုရား၏နာမတော်ဖြင့် မှန်သောစကားကိုသာ ဟောပြောရန် သင့်အား ဘယ်နှခါ ကျိန်ဆိုစေရမည်နည်း”ဟု မိန့်ဆို၏။
16ထိုအခါ မိက္ခာယက ရှင်ဘုရင်အား “အစ္စရေးလူမျိုးအပေါင်းတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ တောင်များပေါ်တွင် ကွဲလွင့်နေကြသည်ကို အကျွန်ုပ်တွေ့ပါ၏။ ထာဝရဘုရားကလည်း ‘ဤသူတို့၌ သခင်မရှိ။ သူတို့သည် ကိုယ့်အိမ်သို့အေးချမ်းစွာပြန်ကြပါစေ’ဟူ၍ မိန့်တော်မူပြီ”ဟု လျှောက်ပြန်၏။
17ထိုအခါ အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ငါနှင့်ပတ်သက်လျှင် အကောင်းကိုမဟော။ အဆိုးကိုသာ ဟောလေ့ရှိသည်ဟု သင့်ကို ငါပြောခဲ့သည်မဟုတ်လော”ဟု ဆို၏။
18မိက္ခာယကလည်း “သို့ဖြစ်၍ ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားသည် မိမိပလ္လင်ပေါ်တွင်စံမြန်းလျက် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ကိုယ်တော်၏လက်ဝဲဘက်၊ လက်ယာဘက်တို့၌ ရပ်၍ခစားနေကြသည်ကို အကျွန်ုပ်မြင်ပါ၏။ 19ထာဝရဘုရားက ‘အစ္စရေးဘုရင်အာဟပ်မင်းကြီးသည် ရာမုတ်ဂိလဒ်မြို့ကိုချီတက်ပြီး ကျဆုံးသွားအောင် မည်သူဖြားယောင်းမည်နည်း’ဟု မေးတော်မူလျှင် တစ်ပါးက ဤသို့ဟု လျှောက်တင်၏။ နောက်တစ်ပါးမူကား ထိုသို့ဟု လျှောက်တင်၏။
20ထိုအခါ ဝိညာဉ်တစ်ပါးထွက်လာ၍ ထာဝရဘုရားရှေ့တော်၌ရပ်လျက် ‘အကျွန်ုပ် ဖြားယောင်းပါမည်’ဟု လျှောက်တင်လျှင် ထာဝရဘုရားက ‘မည်သို့ဖြားယောင်းမည်နည်း’ဟု မေးတော်မူ၏။ 21ထိုဝိညာဉ်ကလည်း ‘အကျွန်ုပ်သွား၍ ပရောဖက်အပေါင်းတို့၏နှုတ်၌ မုသားမြွက်ဆိုသောဝိညာဉ်ဖြစ်မည်’ဟု လျှောက်တင်၏။ ထာဝရဘုရားကလည်း ‘သင်ဖြားယောင်းနိုင်လိမ့်မည်။ အောင်လည်းအောင်မြင်လိမ့်မည်။ သွား၍ထိုသို့ပြုလော့’ဟု မိန့်တော်မူ၏။
22ထို့ကြောင့် ယခုကြည့်ပါ။ ထာဝရဘုရားသည် မင်းကြီး၏ပရောဖက်အပေါင်းတို့နှုတ်၌ မုသားမြွက်ဆိုသောဝိညာဉ်ကို သွင်းတော်မူပြီ။ မင်းကြီးလည်း ဘေးဆိုးနှင့်ကြုံရမည်ဟူ၍ ထာဝရဘုရားမိန့်ဆိုလေပြီ”ဟု ဆို၏။
23ထိုအခါ ခေနာနာ၏သားဇေဒကိသည် မိက္ခာယအနားသို့လာပြီး ပါးကိုရိုက်၏။ ထို့နောက် “ထာဝရဘုရား၏ဝိညာဉ်တော်သည် သင်နှင့်စကားပြောရန် ငါ့ထံမှ မည်သည့်အချိန်ကထွက်သွားသနည်း”ဟု မေး၏။
24မိက္ခာယကလည်း “ကြည့်ပါ။ အခန်းထဲ သင်ဝင်ပုန်းနေရသောနေ့ရောက်သောအခါ သိမြင်ရလိမ့်မည်”ဟု ပြန်ပြော၏။
25ထိုအခါ အစ္စရေးဘုရင်က “မိက္ခာယကို ခေါ်သွားပြီး သူ့ကိုမြို့အုပ်အာမုန်နှင့် ဘုရင့်သားတော်ယောရှထံ အပ်လော့။ 26‘ငါ ဘေးကင်းစွာ ပြန်လာသည့်အချိန်ထိ ဤသူကို ထောင်ချ၍ သူ့အား မသေရုံတမည်သာ မုန့်နှင့်ရေကို ပေးလော့’ဟု ရှင်ဘုရင်အမိန့်ပေးသည့်အကြောင်းပြောလော့”ဟု မိန့်ဆို၏။
27ထိုအခါ မိက္ခာယက “အရှင်မင်းကြီး ဘေးကင်းစွာ အမှန်ပြန်လာရသည်ဆိုလျှင် အကျွန်ုပ်အားဖြင့် ထာဝရဘုရားမိန့်မှာသည်မဟုတ်”ဟု ပြန်ပြောပြီးလျှင် “လူအပေါင်းတို့ ငါ့စကားကို မှတ်ထားကြလော့”ဟု ဆို၏။
အာဟပ်မင်းကြီးအနိစ္စရောက်ခြင်း
28ဤသို့ဖြင့် အစ္စရေးဘုရင်နှင့် ယုဒဘုရင်ယောရှဖတ်မင်းကြီးတို့သည် ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီသွားကြ၏။ 29အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ငါသည် ရုပ်ဖျက်ပြီး တိုက်ပွဲဝင်မည်။ သင်မူကား သင်၏မင်းဝတ်တန်ဆာတို့ကို ဝတ်ဆင်ပါလော့”ဟု ဆိုပြီး အစ္စရေးဘုရင်သည် ရုပ်ဖျက်၍ စစ်ပွဲထဲသို့ဝင်လေ၏။
30ဆီးရီးယားဘုရင်သည် မိမိ၏စစ်ရထားမှူးတို့အား “အစ္စရေးဘုရင်မှလွဲ၍ အခြားကြီးကြီးငယ်ငယ်တစ်ယောက်ကိုမျှ မတိုက်ကြပါနှင့်”ဟု မိန့်မှာထား၏။
31စစ်ရထားမှူးတို့က ယောရှဖတ်မင်းကြီးကိုမြင်လျှင် “ဤသူသည် အစ္စရေးဘုရင်ပင် ဖြစ်ရမည်”ဟု ဆိုလျက် သူ့ကိုတိုက်ခိုက်ရန် လှည့်လာကြ၏။ ထိုအခါ ယောရှဖတ်မင်းကြီးကလည်း အော်ဟစ်အကူအညီတောင်းသဖြင့် ထာဝရဘုရားသည် သူ့ကို ကူမတော်မူ၏။ ဘုရားသခင်သည် ရန်သူတို့ကို ယောရှဖတ်မင်းကြီးထံမှ လမ်းလွဲစေတော်မူ၏။ 32အစ္စရေးဘုရင်မဟုတ်သည်ကို စစ်ရထားမှူးတို့သိမြင်၍ သူ့နောက်မလိုက်တော့ဘဲ ပြန်လှည့်သွားလေ၏။
33စစ်သည်တစ်ဦးသည် လေးကိုအမှတ်တမဲ့ပစ်ထည့်လိုက်ရာ အစ္စရေးဘုရင်ဝတ်ထားသောသံချပ်အင်္ကျီ၏ဆက်ရာကြားတွင် ထိမှန်လေ၏။ ထိုအခါ ရှင်ဘုရင်က မိမိစစ်ရထားမှူးအား “ရထားကို ပြန်လှည့်ပြီး စစ်မြေပြင်မှထွက်သွားလော့။ ငါ ဒဏ်ရာရနေပြီ”ဟု အမိန့်ပေး၏။ 34ထိုနေ့တွင် တိုက်ပွဲအလွန်ပြင်းထန်၏။ စစ်ရထားပေါ်တွင် အစ္စရေးရှင်ဘုရင်ကို ဆီးရီးယားတပ်ဘက်သို့ မျက်နှာမူစေပြီး ညနေခင်းတိုင်အောင် မှီထိုင်စေ၏။ နေဝင်ချိန်တွင် ရှင်ဘုရင်အနိစ္စရောက်လေ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 18: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative