ရာဇဝင်ချုပ်ဒုတိယစောင် 21
21
ယုဒပြည်၌ ယဟောရံဘုရင်ဖြစ်လာခြင်း
1ယောရှဖတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဒါဝိဒ်မြို့တွင် ဘိုးဘေးတို့နှင့်အတူ သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယဟောရံသည် သူ့အရိုက်အရာကို ဆက်ခံ၏။ 2ယောရှဖတ်မင်းကြီး၏သားတော်ယဟောရံတွင် အာဇရိ၊ ယေဟေလ၊ ဇာခရိ၊ အာဇရိ၊ မိက္ခေလ၊ ရှေဖတိ စသောညီအစ်ကိုများ ရှိ၏။ ဤသူအားလုံးသည် အစ္စရေးဘုရင်ယောရှဖတ်မင်းကြီး၏သားတော်များ ဖြစ်၏။ 3သူတို့၏ခမည်းတော်သည် သူတို့အား ရွှေငွေများ၊ အဖိုးတန်အသုံးအဆောင်များ အများအပြားနှင့် ယုဒခံတပ်မြို့များကိုပါ ပေးထားပြီး သားတော်ယဟောရံကိုမူ သားဦးဖြစ်သောကြောင့် ထီးနန်းကို လွှဲအပ်ပေး၏။ 4ယဟောရံသည် ခမည်းတော်၏ထီးနန်းကို ဆက်ခံ၍ အင်အားခိုင်မာလာသောအခါ ညီအစ်ကိုအားလုံးနှင့် အစ္စရေးအကြီးအကဲအချို့တို့ကို ဓားနှင့်ကွပ်မျက်လေ၏။
ယုဒဘုရင်ယဟောရံမင်းကြီး
5ယဟောရံမင်းကြီးသည် သက်တော်သုံးဆယ့်နှစ်နှစ်တွင် နန်းတက်ပြီး ဂျေရုဆလင်မြို့တွင် ရှစ်နှစ်စိုးစံ၏။ 6သူသည် အာဟပ်မင်းကြီး၏သမီးတော်ကို မိဖုရားမြှောက်ထား၍ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ပြီး ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုလေ၏။ 7သို့သော် ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးနှင့်ပြုထားသောပဋိညာဉ်ကိုထောက်၍ သူနှင့်သူ့သားမြေးတို့၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ကတိထားသည်နှင့်အညီ ဒါဝိဒ်မင်းမျိုးမင်းနွယ်ကိုဖျက်ဆီးရန် အလိုတော်မရှိပေ။
8ယဟောရံမင်းကြီးလက်ထက်တွင် ယုဒပြည်လက်အောက်ခံဖြစ်သော ဧဒုံပြည်သည် ယုဒပြည်ကိုပုန်ကန်၍ သူတို့ကို အုပ်စိုးရန် ဘုရင်တစ်ပါးကို တင်မြှောက်လိုက်ကြ၏။ 9ထို့ကြောင့် ယဟောရံမင်းကြီးသည် မှူးမတ်များပါလျက် မိမိ၌ရှိသမျှသောစစ်ရထားအားလုံးနှင့်တကွ ချီတက်၍ သူ့အားဝိုင်းရံလာသောဧဒုံတပ်သားတို့နှင့် စစ်ရထားမှူးတို့ကို ညအချိန် ထ၍တိုက်ခိုက်၏။ 10ယဟောရံမင်းကြီးသည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စွန့်ပယ်သောကြောင့် ယုဒပြည်၏လက်အောက်ခံဖြစ်သော ဧဒုံပြည်သည် သူ့ကို ယနေ့တိုင်အောင် ပုန်ကန်၏။ တစ်ချိန်တည်းမှာပင် သူ၏လက်အောက်ခံဖြစ်သော လိဗနပြည်သည်လည်း သူ့ကိုပုန်ကန်လေ၏။ 11ထို့ပြင် သူသည် ယုဒတောင်ကုန်းများပေါ်တွင် အထွတ်အမြတ်ထားရာနေရာများကိုလည်း တည်၍ ဂျေရုဆလင်မြို့သားများကို ဖောက်ပြန်မှားယွင်းစေ၏။ ယုဒပြည်သားများကိုလည်း လမ်းလွဲစေ၏။
ယဟောရံမင်းကြီးထံပေးပို့သောဧလိယ၏စာ
12ထို့နောက်တွင် ပရောဖက်ဧလိယသည် သူ့ထံသို့ စာတစ်စောင်ရေးသားပေးပို့ခဲ့၏။ ထိုစာတွင် “သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် သင့်ခမည်းတော်ယောရှဖတ်မင်းကြီးလျှောက်သောလမ်း၊ ယုဒဘုရင်အာသမင်းကြီးလျှောက်သောလမ်းအတိုင်း မလိုက်လျှောက်ဘဲ 13အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်းလိုက်လျှောက်ပြီး အာဟပ်မင်းမျိုးမင်းနွယ်တို့ ဖောက်ပြန်မှားယွင်းသကဲ့သို့ ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို ဖောက်ပြန်မှားယွင်းစေ၏။ သင့်ခမည်းတော်၏အိမ်သားများဖြစ်သော သင့်ထက်ကောင်းသောသင့်ညီအစ်ကိုများကိုပင် သင်သတ်ပစ်ခဲ့၏။ 14ထို့ကြောင့် ကြည့်ရှုလော့။ သင့်ပြည်သားများ၊ သင့်သားတော်သမီးတော်များ၊ သင့်မိဖုရားများနှင့် သင်ပိုင်ဆိုင်သမျှတို့ကို ထာဝရဘုရားသည် ဆိုးဝါးသောဘေးဒဏ်ဖြင့် ဒဏ်ခတ်တော်မူမည်။ 15သင်သည် အူနာသောရောဂါဖြင့် ဝေဒနာကို ပြင်းထန်စွာခံစားရမည်။ အူများထွက်ကျလာသည်အထိ တစ်နေ့ထက်တစ်နေ့တိုး၍ သင်ဝေဒနာခံစားရမည်’ဟူ၍ မိန့်တော်မူပြီ”ဟု ပါရှိ၏။
ယဟောရံမင်းကြီး၏နောက်ဆုံးနေ့ရက်များ
16အီသီယိုးပီးယားပြည်နားရှိ အာရပ်လူမျိုး၊ ဖိလိတ္တိလူမျိုးတို့သည် ယဟောရံမင်းကြီးအား တိုက်ခိုက်လာအောင် သူတို့စိတ်ကို ထာဝရဘုရားနှိုးဆော်တော်မူ၏။ 17သူတို့သည် ယုဒပြည်သို့ချီတက်သိမ်းပိုက်ကြပြီး ဘုရင့်နန်းတော်တွင် တွေ့သမျှဥစ္စာတို့ကို ယူဆောင်သွားကြ၏။ အငယ်ဆုံးသားတော်ယောခတ်မှတစ်ပါး ကျန်သားတော်များ၊ မိဖုရားများကိုလည်း တစ်ယောက်မကျန် ဖမ်းဆီးခေါ်ဆောင်သွားကြ၏။
18ထို့နောက်တွင် ထာဝရဘုရားသည် ယဟောရံမင်းကြီးကို ကုသ၍မရနိုင်သောအူနာရောဂါဖြင့် ဒဏ်ခတ်တော်မူ၏။ 19နေ့စဉ်ရက်ဆက်ဝေဒနာခံစားရပြီး နှစ်နှစ်ကြာသောအခါ ထိုအနာရောဂါကြောင့် အူများထွက်ကျလာ၍ ပြင်းစွာသောဝေဒနာကိုခံစားရင်း အနိစ္စရောက်သွား၏။ ဘိုးဘေးတို့အား မီးပွဲသဘင်ကို ခမ်းနားစွာကျင်းပပေးသကဲ့သို့ သူ့ပြည်သားတို့သည် သူ့ကို မပြုပေးကြချေ။
20သူသည် သက်တော်သုံးဆယ့်နှစ်နှစ်တွင် နန်းတက်၍ ဂျေရုဆလင်မြို့၌ ရှစ်နှစ်စိုးစံ၏။ သူအနိစ္စရောက်သောအခါ မည်သူမျှဝမ်းမနည်း။ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်သော်လည်း ရှင်ဘုရင်တို့သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြပေ။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 21: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative