ရာဇဝင်ချုပ်ဒုတိယစောင် 30
30
ပသခါပွဲကျင်းပခြင်း
1ဂျေရုဆလင်မြို့ရှိ ထာဝရဘုရားအိမ်တော်သို့လာ၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲတော်ကျင်းပကြရန် ဟေဇကိမင်းကြီးသည် အစ္စရေးလူမျိုး၊ ယုဒလူမျိုးအပေါင်းတို့ထံ သတင်းပို့၏။ ဧဖရိမ်လူမျိုး၊ မနာရှေလူမျိုးတို့ထံသို့လည်း စာရေးအကြောင်းကြား၏။ 2ရှင်ဘုရင်နှင့်တကွ မှူးမတ်များနှင့် ဂျေရုဆလင်မြို့ရှိလူထုအပေါင်းတို့သည် ဒုတိယလတွင် ပသခါပွဲကို ကျင်းပရန် ဆုံးဖြတ်ကြ၏။ 3အကြောင်းမူကား မိမိတို့ကိုယ်ကိုသန့်ရှင်းခြင်းဝတ်ပြုပြီးသောယဇ်ပုရောဟိတ်တို့ မလုံလောက်ခြင်းနှင့် ဂျေရုဆလင်မြို့တွင် လူတို့လာရောက်စုဝေးခြင်းမရှိသေးသောကြောင့် သတ်မှတ်ထားသောအချိန်တွင် ပွဲတော်ကိုမကျင်းပနိုင်ခဲ့ချေ။ 4ဤအစီအစဉ်ကို ရှင်ဘုရင်နှင့်တကွ လူထုတစ်ရပ်လုံး နှစ်သက်သဘောကျကြ၏။ 5ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ဂျေရုဆလင်မြို့တွင် ကျင်းပမည်ကို လာကြပါမည့်အကြောင်း စာထုတ်ပြန်ပြီး ဗေရရှေဘမြို့မှ ဒန်မြို့တိုင်အောင် အစ္စရေးပြည်တစ်ပြည်လုံးသို့ လူလွှတ်ကြေညာစေ၏။ အကြောင်းမှာ ပညတ္တိကျမ်း၌ရေးထားသည့်အတိုင်း ပသခါပွဲကို လူအများနှင့်မကျင်းပဖူးသောကြောင့် ဖြစ်၏။
6ဆက်သားတို့သည် ရှင်ဘုရင်နှင့်မှူးမတ်တို့ထံမှ စာကိုယူ၍ အစ္စရေးပြည်နှင့်ယုဒပြည်တစ်လျှောက်လုံးသို့သွား၏။ ရှင်ဘုရင်၏အမိန့်တော်စာတွင် “အို အစ္စရေးအမျိုးသားတို့၊ အာဗြဟံ၊ ဣဇက်နှင့် အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လာကြလော့။ သို့မှ အဆီးရီးယားဘုရင်တို့လက်မှလွတ်မြောက်၍ ကြွင်းကျန်သောသင်တို့ထံသို့ ကိုယ်တော်ပြန်လာတော်မူမည်။ 7ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားအပေါ် သစ္စာမဲ့သော သင်တို့၏ဘိုးဘေး၊ သင်တို့၏ညီအစ်ကိုများကဲ့သို့ သင်တို့မဖြစ်ကြနှင့်။ သင်တို့မြင်သည့်အတိုင်း ကိုယ်တော်သည် သူတို့ကို ထိတ်လန့်စရာ ဖြစ်စေခဲ့၏။ 8ယခုမှာ ဘိုးဘေးတို့ကဲ့သို့ သင်တို့ ခေါင်းမမာ#30:8 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းမခိုင်မာ”။ကြနှင့်။ ထာဝရဘုရား အစဉ်သန့်ရှင်းစေတော်မူသောသန့်ရှင်းရာဌာနတော်သို့လာ၍ ဆက်ကပ်ကြလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစေခံကြလော့။ သို့မှ ပြင်းထန်သောအမျက်တော်သည် သင်တို့ထံမှ ပြန်လှည့်သွားလိမ့်မည်။ 9ထာဝရဘုရားထံ သင်တို့ပြန်လာလျှင် ဖမ်းခေါ်သွားသူတို့သည် သင်တို့ညီအစ်ကိုများ၊ သားမြေးများကို သနား၍ သူတို့သည် ဤပြည်သို့ ပြန်လာရကြလိမ့်မည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောရှိတော်မူသောကြောင့် သင်တို့သည် အထံတော်သို့ပြန်လာလျှင် ကိုယ်တော်သည် သင်တို့ကိုမျက်နှာလွှဲတော်မူမည်မဟုတ်”ဟု ပါရှိ၏။
10ဆက်သားတို့သည် ဧဖရိမ်နယ်၊ မနာရှေနယ်၊ ဇာဗုလုန်နယ်တို့အထိ တစ်မြို့ပြီးတစ်မြို့ သွားကြ၏။ သို့သော် လူတို့သည် သူတို့ကို ကဲ့ရဲ့လှောင်ပြောင်ကြ၏။ 11သို့သော် အာရှာနယ်၊ မနာရှေနယ်နှင့်ဇာဗုလုန်နယ်မှ လူအချို့တို့သည် မိမိကိုယ်ကိုနှိမ့်ချ၍ ဂျေရုဆလင်မြို့သို့ရောက်လာကြ၏။ 12ထာဝရဘုရားမိန့်မှာချက်အရ ရှင်ဘုရင်နှင့်မှူးမတ်တို့၏စကားကိုလိုက်နာရန် ယုဒပြည်သားတို့အား တစ်စိတ်တစ်သဘောတည်းရှိခြင်းကို ဘုရားသခင်ပေးသနားတော်မူ၏။
13ဤသို့ဖြင့် ဒုတိယလတွင် တဆေးမဲ့မုန့်ပွဲတော်ကိုကျင်းပရန် ဂျေရုဆလင်မြို့သို့ လူအမြောက်အမြားစုဝေးလာကြ၍ ဧရာမလူအုပ်ကြီးဖြစ်လေ၏။ 14သူတို့သည် ထ၍ဂျေရုဆလင်မြို့ရှိ ယဇ်ပလ္လင်များနှင့် နံ့သာပေါင်းယဇ်ပလ္လင်ရှိသမျှကို ဖြိုချပြီး ကေဒြုန်ချိုင့်ဝှမ်းထဲသို့ ပစ်ချကြ၏။ 15ဒုတိယလ၊ တစ်ဆယ့်လေးရက်နေ့တွင် ပသခါသိုးသငယ်ကို သတ်ကြ၏။ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့သည် အရှက်ရ၍ သန့်ရှင်းခြင်းဝတ်ကိုပြုကြ၏။ ထို့နောက် မီးရှို့ရာယဇ်များကို ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်သွားကြ၏။ 16သူတို့သည် ဘုရားသခင်၏လူမောရှေ၏ပညတ်တရားကျမ်း၌ရှိသော စီရင်ထုံးဖွဲ့ချက်အတိုင်း နေရာယူကြ၏။ ထို့နောက် ယဇ်ပုရောဟိတ်တို့သည် လေဝိအမျိုးတို့ထံမှ အသွေးကိုယူ၍ ပက်ဖျန်းကြ၏။ 17လူထုထဲတွင် မိမိကိုယ်ကိုသန့်ရှင်းခြင်းဝတ်မပြုထားသောသူများ များစွာရှိသောကြောင့် ထိုမသန့်ရှင်းသေးသောသူအပေါင်းတို့ကို ထာဝရဘုရားအဖို့ သန့်ရှင်းစေရန် လေဝိအမျိုးတို့သည် ပသခါသိုးသငယ်များကို သတ်ပေးကြ၏။ 18လူအမြောက်အမြား အထူးသဖြင့် ဧဖရိမ်၊ မနာရှေ၊ ဣသခါ၊ ဇာဗုလုန်အမျိုးတို့ထဲမှ လူအများစုသည် မိမိကိုယ်ကိုစင်ကြယ်အောင်မပြုရသေးသော်လည်း ပသခါသိုးသငယ်အသားကို စားကြ၍ ပညတ်တရားကျမ်း၌ရေးထားသည့်အတိုင်းမပြုကြ။ အကြောင်းမှာ ဟေဇကိမင်းကြီးက “အို ကောင်းမြတ်တော်မူသောထာဝရဘုရား၊ 19ဤလူအပေါင်းတို့သည် သန့်ရှင်းရာဌာန၏သန့်ရှင်းခြင်းနည်းအတိုင်းမဟုတ်သော်လည်း သူတို့၏ဘိုးဘေးတို့ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူသောဘုရားသခင်ကိုရှာရန် စိတ်ပိုင်းဖြတ်ထားသည်ဖြစ်၍ သူတို့၏အပြစ်ကို ဖြေလွှတ်တော်မူပါ”ဟု သူတို့အတွက် ဆုတောင်းပေးသောကြောင့်ဖြစ်၏။ 20ထာဝရဘုရားသည် ဟေဇကိမင်းကြီး၏ဆုတောင်းသံကိုနားညောင်းတော်မူပြီး လူတို့ကို ချမ်းသာပေးတော်မူ၏။ 21ဂျေရုဆလင်မြို့သို့လာရောက်သော အစ္စရေးအမျိုးသားတို့သည် တဆေးမဲ့မုန့်ပွဲတော်ကို ခုနစ်ရက်ပတ်လုံး အလွန်ဝမ်းမြောက်ပျော်ရွှင်စွာ ကျင်းပကြ၏။ လေဝိအမျိုးသားတို့နှင့် ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရားထံ နေ့စဉ်ချီးမွမ်းသီဆိုကြ၏။ တူရိယာများတီးမှုတ်လျက် ထာဝရဘုရားအား ချီးမွမ်းကြ၏။ 22ဟေဇကိမင်းကြီးသည်လည်း ထာဝရဘုရား၏အမှုတော်ကို ကောင်းမွန်ကျွမ်းကျင်စွာထမ်းဆောင်သော လေဝိအမျိုးသားအပေါင်းတို့အား အားပေးစကားပြောဆို၏။ ဤသို့ဖြင့် သူတို့သည် ပွဲတော်အစားအစာကို ခုနစ်ရက်ပတ်လုံး စားသောက်လျက်၊ မိတ်သဟာယယဇ်ကိုပူဇော်လျက် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြ၏။
23လူထုအပေါင်းတို့သည် ပွဲတော်ကို နောက်ထပ်ခုနစ်ရက်ကျင်းပရန် တိုင်ပင်ကြပြီး ပွဲတော်ကို နောက်ထပ်ခုနစ်ရက် ဝမ်းမြောက်စွာကျင်းပကြ၏။ 24အကြောင်းမူကား ယုဒဘုရင်ဟေဇကိမင်းကြီးသည် လူထုတစ်ရပ်လုံးအတွက် နွားအကောင်ရေတစ်ထောင်၊ သိုးအကောင်ရေခုနစ်ထောင်ကို ပေးလှူပူဇော်၏။ မှူးမတ်တို့သည်လည်း လူထုအတွက် နွားအကောင်ရေတစ်ထောင်၊ သိုးအကောင်ရေတစ်သောင်းကို ပေးလှူပူဇော်ကြ၏။ များစွာသောယဇ်ပုရောဟိတ်တို့သည်လည်း မိမိကိုယ်ကိုသန့်ရှင်းခြင်းဝတ်ပြုကြ၏။ 25ယုဒလူထုအပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ အစ္စရေးပြည်မှလာသောလူထုအားလုံး၊ အစ္စရေးပြည်မှလာသောတိုင်းတစ်ပါးသားများနှင့် ယုဒပြည်တွင်နေထိုင်သောတိုင်းတစ်ပါးသားများတို့သည် ဝမ်းမြောက်ပျော်ရွှင်လျက် ရှိကြ၏။ 26ဒါဝိဒ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ရှောလမုန်မင်းကြီးလက်ထက်ကတည်းက ဂျေရုဆလင်မြို့တွင် ဤကဲ့သို့ ပွဲမျိုးမရှိခဲ့သောကြောင့် ဂျေရုဆလင်မြို့တွင် အလွန်ပျော်ရွှင်ဝမ်းမြောက်ခြင်း ရှိလေ၏။
27ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားတို့သည် ထ၍ လူတို့အား ကောင်းချီးပေးကြ၏။ သူတို့၏အသံများကို ကိုယ်တော်ကြားတော်မူ၏။ သူတို့၏ဆုတောင်းသံများသည် သန့်ရှင်းသောကိန်းဝပ်တော်မူရာကောင်းကင်ဘုံသို့တိုင် ရောက်လေ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 30: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative