YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 32

32
သနာခရိပ်မင်းကြီး၏ကျူးကျော်နယ်ချဲ့ခြင်း
1ဤသို့ ဟေဇကိ​မင်းကြီး​သည် ဤ​အမှု​တို့​ကို သစ္စာရှိ​စွာ​ဆောင်ရွက်​ပြီး​သည့်​နောက်တွင် အဆီးရီးယား​ဘုရင်​သနာခရိပ်​မင်းကြီး​သည် စစ်ချီ​လာ​၏​။ ထို​မင်း​သည် ယုဒ​ပြည်​ထဲသို့ ဝင်ရောက်​၍ ခံတပ်​မြို့​များ​ကို ဝိုင်းထား​ပြီး ထိုးဖောက်​တိုက်ခိုက်​ရန် အကြံရှိ​၏​။ 2ထိုသို့ သနာခရိပ်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​ကို​တိုက်ခိုက်​ရန် ချီလာ​နေ​ကြောင်း​ကို ဟေဇကိ​မင်းကြီး သိမြင်​လျှင် 3မြို့ပြင်​ရှိ​စမ်းရေတွင်း​များ​ကို ပိတ်​ပစ်​ရန် မိမိ​၏​မှူးမတ်​များ​၊ စစ်သူရဲ​များ​နှင့်​တိုင်ပင်​ရာ သူ​တို့​သည်​လည်း ဟေဇကိ​မင်းကြီး​ကို ကူညီ​ကြ​၏​။ 4လူအုပ်ကြီး​သည်​လည်း စုရုံး​လာ​ကြ​ပြီး “​အဆီးရီးယား​ဘုရင် ချီလာ​လျှင် အဘယ်ကြောင့် ရေ​အလုံအလောက်​ရ​စေ​ရ​မည်နည်း​”​ဟု ဆို​လျက် စမ်းရေတွင်း​ရှိသမျှ​နှင့် ပြည်​ထဲတွင်​စီးဆင်း​နေ​သော​စမ်းချောင်း​များ​ကို ပိတ်ဆို့​ကြ​လေ​၏​။ 5ထို့နောက် ဟေဇကိ​မင်းကြီး​သည် မိမိကိုယ်ကို အားမာန်သွင်း​လျက် ကျိုးပျက်​နေ​သော​မြို့ရိုး​အားလုံး​ကို ပြန်လည်​ပြုပြင်​၏​။ ရဲတိုက်​များ​ကို​လည်း တည်ဆောက်​၏​။ မြို့ရိုး​အပြင်ဘက်​တွင် မြို့ရိုး​တစ်​ခု​ကို​ထပ်မံ​တည်ဆောက်​၏​။ ဒါဝိဒ်​မြို့​ရှိ မိလ္လော#32:5 “အဓိပ္ပာယ်မသေချာပါ။ ခံတပ်၊ သို့မဟုတ် ကတုတ်၊ သို့မဟုတ် မြို့ ဖြစ်နိုင်သည်”။​ကို​လည်း ခိုင်ခံ့​အောင်​ပြုလုပ်​၏​။ လက်နက်​နှင့်​ဒိုင်းလွှား​အမြောက်အမြား​ကို​လည်း ပြုလုပ်​၏​။
6ထို့နောက် လူ​တို့​ကို​အုပ်ချုပ်​မည့်​စစ်သူကြီး​များ​ကို ခန့်ထား​ပြီး မြို့​တံခါး​နား​ရှိ​ကွင်းပြင်​တွင် စုဝေး​စေ​လျက် 7“​အားယူ​၍​ရဲရင့်​ကြ​လော့​။ အဆီးရီးယား​ဘုရင်​နှင့် သူ့​လူအုပ်ကြီး​ကြောင့် မ​ကြောက်​ကြ​နှင့်​။ စိတ်​မ​ပျက်​ကြ​နှင့်​။ ငါ​တို့​ဘက်​၌​ရှိ​သော​သူ​သည် သူ​တို့​ဘက်​၌​ရှိ​သော​သူ​တို့​ထက် ပို၍​အင်အားကြီး​၏​။ 8သူ​တို့​ဘက်​၌ လူအင်အား​ရှိ​၏​။ ငါ​တို့​ဘက်​တွင်​မူ စစ်ပွဲ​၌​ငါ​တို့​ကို​ကူညီ​တိုက်ခိုက်​ပေး​မည့် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား ရှိ​၏​”​ဟု အားပေးစကား​ပြော​၏​။ ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​၏​စကား​ကြောင့် လူ​တို့ အားမာန်​ပြည့်လာ​ကြ​၏​။
သနာခရိပ်မင်းကြီး၏အမှုထမ်းတို့ပြောသောစကား
9ထို့နောက်တွင် အဆီးရီးယား​ဘုရင်​သနာခရိပ်​မင်းကြီး​သည် မိမိ​ဗိုလ်ခြေ​အပေါင်း​တို့​နှင့်အတူ လာခိရှ​မြို့​ကို​ဝိုင်းထား​ပြီး မိမိ​အမှုထမ်း​များ​ကို ဂျေရုဆလင်​မြို့​သို့​စေလွှတ်​၍ ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​နှင့် ဂျေရုဆလင်​မြို့​ရှိ​ယုဒ​လူမျိုး​အပေါင်း​တို့​အား 10“​အဆီးရီးယား​ဘုရင်​သနာခရိပ်​မင်းကြီး​က ‘​သင်​တို့​သည် ဝိုင်းထား​ခံရ​သော​ဂျေရုဆလင်​မြို့​တွင် မည်သူ့​ကို ကိုးစား​၍​နေ​နေ​ကြ​သနည်း​။ 11ဟေဇကိ​မင်းကြီး​က ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ​တို့​ကို အဆီးရီးယား​ဘုရင်​လက်​မှ ကယ်နုတ်​လိမ့်မည်​ဟု ဆို​လျက် အစာရေစာ​ပြတ်လပ်​၍ သေ​စေ​ရန် သင်​တို့​ကို လှည့်စား​ပြီ​မ​ဟုတ်​လော​။ 12အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ ယဇ်ပလ္လင်​များ​ကို ဖယ်ရှား​ပစ်​ပြီး ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​အား ယဇ်ပလ္လင်​တစ်ခုတည်း​တွင်​သာ ယဇ်ပူဇော်​ရ​မည်​၊ ထို​ယဇ်ပလ္လင်​ရှေ့​တွင်​သာ ဝတ်ပြု​ရ​မည်​ဟု ပြော​ခဲ့​သည်​မှာ ထို​ဟေဇကိ​မင်းကြီး​ပင် မ​ဟုတ်​လော​။
13ငါ​နှင့် ငါ့​ဘိုးဘေး​တို့​သည် မြေကြီး​ပေါ်ရှိ​လူမျိုး​အပေါင်း​တို့​အား မည်သို့​ပြု​ခဲ့​သည်​ကို သင်​တို့​မ​သိ​ကြ​သလော​။ မြေကြီး​ပေါ်ရှိ​လူမျိုး​တို့​၏​ဘုရား​များ​သည် သူ​တို့​၏​ပြည်​များ​ကို ငါ့​လက်​မှ အမှန်တကယ်​ကယ်နုတ်​နိုင်​သလော​။ 14ငါ့​ဘိုးဘေး​တို့ အကုန်အစင်​ဖျက်ဆီး​ပစ်​ခဲ့​သော​ဤ​လူမျိုး​တို့​၏​ဘုရား​အပေါင်း​တို့​တွင် မည်သည့်​ဘုရား​က မိမိ​လူမျိုး​ကို ငါ့​လက်​မှ ကယ်နုတ်​နိုင်​သနည်း​။ သင်​တို့​၏​ဘုရားသခင်​သည်​လည်း သင်​တို့​ကို ငါ့​လက်​မှ မည်သို့​ကယ်နုတ်​နိုင်​မည်နည်း​။ 15ထို့ကြောင့် ယခု ဟေဇကိ​မင်းကြီး​သည် သင်​တို့​ကို မ​လှည့်စား​စေ​နှင့်​။ ထိုသို့ မ​သွေးဆောင်​စေ​နှင့်​။ သူ့​ကို မ​ယုံ​ကြ​နှင့်​။ အကြောင်းမူကား မည်သည့်​လူမျိုး​၊ မည်သည့်​တိုင်းနိုင်ငံ​၏​ဘုရား​က​မျှ မိမိ​လူမျိုး​ကို ငါ့​လက်​မှ​လည်းကောင်း​၊ ငါ့​ဘိုးဘေး​တို့​လက်​မှ​လည်းကောင်း မ​ကယ်နုတ်​နိုင်​။ သင်​တို့​၏​ဘုရား​တို့​သည်​လည်း သင်​တို့​ကို ငါ့​လက်​မှ​ကယ်နုတ်​နိုင်​မည်​မ​ဟုတ်​’​ဟူ၍ မိန့်မှာ​လိုက်​သည်​”​ဟု ပြောကြား​စေ​၏​။
16သူ​၏​အမှုထမ်း​တို့​သည် ဘုရားသခင်​ထာဝရဘုရား​နှင့် ကိုယ်တော့်​အစေအပါး​ဟေဇကိ​မင်းကြီး​ကို ထို့ထက်မက ကဲ့ရဲ့​ပြောဆို​ကြ​သေး​၏​။ 17အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​အား ကဲ့ရဲ့စော်ကား​သော​စာ​ကို​လည်း ရေးသား​သေး​၏​။ စာ​ထဲတွင် “​မြေကြီး​ပေါ်ရှိ​လူမျိုး​တို့​၏​ဘုရား​များ​သည် သူ​တို့​လူမျိုး​ကို ငါ့​လက်​မှ​မ​ကယ်နုတ်​နိုင်​။ ထိုနည်းတူ ဟေဇကိ​မင်းကြီး​၏​ဘုရားသခင်​သည်​လည်း သူ့​လူမျိုး​တော်​ကို ငါ့​လက်​မှ​ကယ်နုတ်​နိုင်​မည်​မ​ဟုတ်​”​ဟု ရေးသား​ထား​၏​။
18သူ​တို့​သည် မြို့​ကို​သိမ်းပိုက်​လို​သောကြောင့် မြို့ရိုး​ပေါ်​ရှိ​ဂျေရုဆလင်​မြို့သား​တို့ ကြောက်ရွံ့​ထိတ်လန့်​အောင် ယုဒ​ဘာသာစကား​ဖြင့် ကျယ်လောင်​စွာ​အော်ဟစ်​ပြောဆို​ကြ​၏​။ 19သူ​တို့​သည် ဂျေရုဆလင်​မြို့​၏​ဘုရားသခင်​ကို လူ့​လက်​ဖြင့်​လုပ်​သော​အရာ​များ​ဖြစ်​သည့် မြေကြီး​ပေါ်ရှိ​လူမျိုး​တို့​၏​ဘုရား​များ​နှင့်​တူ​သည်​ဟု ကဲ့ရဲ့​ပြောဆို​ကြ​၏​။
သနာခရိပ်မင်းကြီး၏လက်မှလွတ်မြောက်ခြင်း
20ဤ​အမှု​ကြောင့် ဟေဇကိ​မင်းကြီး​နှင့် အာမုတ်​၏​သား​ပရောဖက်​ဟေရှာယ​တို့​သည် ကောင်းကင်​သို့​အော်ဟစ်​ဆုတောင်း​ကြ​၏​။ 21ထိုအခါ ထာဝရဘုရား​သည် ကောင်းကင်တမန်​ကို​စေလွှတ်​၍ အဆီးရီးယား​ဘုရင်​၏​တပ်စခန်း​ရှိ စစ်သူရဲ​များ​၊ တပ်မှူး​များ​၊ စစ်သူကြီး​များ အားလုံး​ကို သုတ်သင်​ပစ်​လေ​၏​။ ထို့ကြောင့် အဆီးရီးယား​ဘုရင်​သည် မိမိ​ပြည်​သို့ အရှက်ရ​သော​မျက်နှာ​နှင့် ပြန်ဆုတ်​သွား​ပြီး မိမိ​ဘုရား​ဝတ်ကျောင်း​သို့​ဝင်သွား​လျှင် သား​တော်​အရင်း​တို့​ကပင် သူ့​ကို ဓား​ဖြင့်​ကွပ်မျက်​ပစ်​ကြ​လေ​၏​။
22ဤသို့ဖြင့် ထာဝရဘုရား​သည် ဟေဇကိ​မင်းကြီး​နှင့် ဂျေရုဆလင်​မြို့သား​တို့​ကို အဆီးရီးယား​ဘုရင်​သနာခရိပ်​မင်းကြီး​နှင့် အခြား​ရန်သူ​အပေါင်း​တို့​၏​လက်​မှ ကယ်နုတ်​တော်မူ​၍ ပတ်ဝန်းကျင်​အရပ်ရပ်​တွင် အေးချမ်း​စေ​လေ​၏​။ 23ထာဝရဘုရား​ထံ​ပူဇော်​ရန် ဘောဇဉ်ပူဇော်သက္ကာ​များ​၊ ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​အဖို့ အဖိုးတန်​သော​လက်ဆောင်ပဏ္ဏာ​များ​ကို ဂျေရုဆလင်​မြို့​သို့​ယူဆောင်​လာ​ပေး​သော​သူ အများအပြား​ရှိ​၏​။ ထို​အချိန်​မှစ၍ ဟေဇကိ​မင်းကြီး​သည် လူမျိုး​အပေါင်း​တို့​ရှေ့​၌ ချီးမြှောက်​ခြင်း​ခံရ​၏​။
ဟေဇကိမင်းကြီး ဖျားနာခြင်းနှင့် မာနထောင်လွှားခြင်း
24ထို​ကာလ​တွင် ဟေဇကိ​မင်းကြီး​သည် သေလုနီးပါး​နာမကျန်း ဖြစ်​၍ ထာဝရဘုရား​ထံ ဆုတောင်း​သောအခါ ကိုယ်တော်​သည် သူ့​ကို အဖြေပေး​တော်မူ​၏​။ အံ့ဖွယ်နိမိတ်လက္ခဏာ​ကို​လည်း ပြပေး​တော်မူ​၏​။ 25သို့သော် ဟေဇကိ​မင်းကြီး​သည် ခံစား​ရ​သော​ကျေးဇူး​တော်​အတိုင်း မ​တုံ့ပြန်​ဘဲ ဘဝင်မြင့်​လာ​၏​။ ထို့ကြောင့် အမျက်​တော်​သည် သူ့​အပေါ်​သာမက ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​အပေါ်​သို့ ကျရောက်​လေ​၏​။ 26သို့သော် ဟေဇကိ​မင်းကြီး​နှင့် ဂျေရုဆလင်​မြို့သား​တို့​သည် ဘဝင်မြင့်​ရာ​မှ မိမိကိုယ်ကို​နှိမ့်ချ​ကြ​သဖြင့် ဟေဇကိ​မင်းကြီး​လက်ထက်​တွင် သူ​တို့​အပေါ် ထာဝရဘုရား​၏​အမျက်​တော် မ​ကျရောက်​ခဲ့​ပေ​။
ဟေဇကိမင်းကြီး၏ဥစ္စာပစ္စည်းကြွယ်ဝမှုနှင့်လုပ်ဆောင်မှု
27ဟေဇကိ​မင်းကြီး​သည် ဓနဥစ္စာ​ပေါများ​ကြွယ်ဝ​၍ ဘုန်းအသရေ​ထွန်းတောက်​လေ​၏​။ ရွှေ​၊ ငွေ​၊ အဖိုးတန်​ကျောက်မျက်ရတနာ​များ​နှင့် အမွှေးနံ့သာ​များ​၊ ဒိုင်းလွှား​များ​နှင့် အဖိုးတန်​အသုံးအဆောင်​အမျိုးမျိုး​တို့​အတွက် သိုလှောင်ရုံ​များ​ကို ဆောက်လုပ်​၏​။ 28ကောက်ပဲသီးနှံ​များ​၊ စပျစ်ဝိုင်​အသစ်​များ​နှင့် ဆီ​များ​အတွက် သိုလှောင်ရုံ​များ​၊ ကျွဲနွား​တိရစ္ဆာန်​အပေါင်း​တို့​အတွက် တင်းကုပ်​များ​၊ သိုး​များ​အတွက် သိုးခြံ​များ​ကို တည်ဆောက်​၏​။ 29မိမိ​အဖို့ မြို့​များ​ကို​လည်း တည်ဆောက်​၏​။ ဘုရားသခင်​သည် သူ့​အား အလွန်​ချမ်းသာ​ကြွယ်ဝ​စေ​သဖြင့် သူ​၌ သိုး​နွား​တိရစ္ဆာန် အမြောက်အမြား​ရှိ​၏​။ 30ထို့ပြင် ဟေဇကိ​မင်းကြီး​သည် ဂိဟုန်​ချောင်း​အထက်​ရေစီးကြောင်း​ကို ပိတ်​ပြီး ဒါဝိဒ်​မြို့​၏​အနောက်ဘက်​သို့ မြောင်းသွယ်​၍​စီးဆင်း​စေ​၏​။ ဟေဇကိ​မင်းကြီး​သည် ပြု​လေသမျှ​တို့​၌ အောင်မြင်​၏​။ 31သို့သော် တိုင်းပြည်​တွင်​ဖြစ်ပျက်​ခဲ့​သော​အံ့ဖွယ်အမှု​တို့​ကို သိ​လို​၍ ဘေဘီလုံ​မှူးမတ်​တို့​သည် သူ့​ထံသို့ သံတမန်​ကို​စေလွှတ်​၍​မေးမြန်း​စေ​သောအခါ ဘုရားသခင်​သည် ဟေဇကိ​မင်းကြီး​၏​စိတ်​ထဲ​ရှိသမျှ​ကို​သိ​လို​၍ သူ့​ကို​စမ်းသပ်​သည့်​အနေဖြင့် လွှတ်​ထား​လိုက်​လေ​၏​။
ဟေဇကိမင်းကြီး အနိစ္စရောက်ခြင်း
32ကျန်ရှိ​နေ​သော ဟေဇကိ​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​ကောင်းမှု​များ​ကို ယုဒ​ဘုရင်​နှင့်​အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်ကျမ်း​တွင် ပါဝင်​သော အာမုတ်​၏​သား​ပရောဖက်​ဟေရှာယ​၏​ဗျာဒိတ်နိမိတ်ကျမ်း​တွင် ရေးမှတ်​ထား​၏​။ 33ဟေဇကိ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဒါဝိဒ်​သားမြေး​တို့​၏​သင်္ချိုင်းမြေ​ရှိ​ရာ​တောင်ကုန်း​ပေါ်တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​အနိစ္စ​ရောက်​သောအခါ ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည် သူ့​ကို ဂုဏ်ပြု​ကြ​၏​။ သူ​၏​သား​တော်​မနာရှေ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 32: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ