YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 33

33
ယုဒဘုရင်မနာရှေမင်းကြီး
1မနာရှေ နန်းတက်​သောအခါ သက်တော်​တစ်ဆယ့်​နှစ်​နှစ်​သာ​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် ငါးဆယ့်​ငါး​နှစ်​စိုးစံ​၏​။ 2သူ​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​မှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော လူမျိုးခြား​တို့​၏​စက်ဆုပ်ရွံရှာဖွယ်​ဓလေ့​များ​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။ 3သူ​သည် ခမည်းတော်​ဟေဇကိ​မင်းကြီး ဖြိုဖျက်​ခဲ့​သည့် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ပြန်လည်​တည်ဆောက်​၏​။ ဗာလ​ယဇ်ပလ္လင်​များ​ကို တည်​၍ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​တို့​ကို​လည်း စိုက်ထူ​၏​။ ကောင်းကင်​တန်ဆာ​ရှိသမျှ​တို့​ကို​လည်း ရှိခိုး​ကိုးကွယ်​၏​။ 4“​ဂျေရုဆလင်​မြို့​တွင် ငါ့​နာမ​ကို​အစဉ်​တည်​စေ​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​ရာ​နေရာ​ဖြစ်​သည့် ထာဝရဘုရား​၏​အိမ်​တော်​တွင် ယဇ်ပလ္လင်​များ​ကို တည်​၏​။ 5ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​နှစ်ခုစလုံး​အတွင်း​တွင် ရှိသမျှ​ကောင်းကင်​တန်ဆာ​များ​အဖို့ ယဇ်ပလ္လင်​များ​ကို တည်​၏​။ 6ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​တွင် မိမိ​သား​တို့​ကို​လည်း မီးရှို့ပူဇော်​၏​။ ဗေဒင်အတတ်​၊ ဟူးရားအတတ်​၊ မှော်အတတ်​တို့​ကို လိုက်စား​သည်​သာမက နတ်ဝင်သည်​၊ နတ်ထိန်းသည်​တို့​အား မေးမြန်း​သော​အလေ့အထ​ကို​လည်း ကျင့်သုံး​၏​။ ဤသို့​မကောင်းမှု​များ​ကို​ပြု​လျက် ထာဝရဘုရား​ကို အမျက်ထွက်​စေ​၏​။
7မိမိကိုယ်တိုင်​ထွင်းထု​ထား​သော ရုပ်တုဆင်းတု​ကို​လည်း ဘုရားသခင်​၏​အိမ်​တော်​တွင် ထားရှိ​၏​။ ဘုရားသခင်​က ဤ​အိမ်​တော်​နှင့်​ပတ်သက်၍ ဒါဝိဒ်​မင်းကြီး​နှင့် သူ​၏​သား​တော်​ရှောလမုန်​မင်းကြီး​တို့​အား “​အစ္စရေး​မျိုးနွယ်​တို့​ပိုင်​သော​မြို့​ထဲမှ ငါ​ရွေးချယ်​သော​ဂျေရုဆလင်​မြို့​၊ ဤ​အိမ်​တော်​တွင် ငါ့​နာမ​ကို အစဉ်​တည်​စေ​မည်​။ 8မောရှေ​အားဖြင့် သူ​တို့​အား ငါ​မိန့်မှာ​ထား​သမျှ​သော ပညတ်ချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​အားလုံး​တို့​ကို လိုက်နာ​စောင့်ထိန်း​လျှင် သင်​တို့​၏​ဘိုးဘေး​တို့​အား ငါ​ပေး​ထား​သော​ပြည်​တော်​မှ အစ္စရေး​လူမျိုး​တို့​ကို နောက်တစ်ဖန်​ဖယ်ရှား​ပစ်​တော်မူ​မည်​မ​ဟုတ်​”​ဟု မိန့်မှာ​တော်မူ​ခဲ့​၏​။ 9သို့သော် မနာရှေ​မင်းကြီး​သည် ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​ကို လမ်းလွဲ​စေ​၍ အစ္စရေး​အမျိုးသား​တို့​ရှေ့​တွင် ထာဝရဘုရား ဖျက်ဆီး​တော်မူ​ခဲ့​သည့်​လူမျိုးခြား​တို့​ထက် မကောင်းမှု​ကို​ပြု​စေ​ခဲ့​၏​။
မနာရှေမင်းကြီးနောင်တရခြင်း
10ထာဝရဘုရား​သည် မနာရှေ​မင်းကြီး​နှင့်​သူ​၏​ပြည်သူပြည်သား​တို့​အား မိန့်​တော်မူ​သည်​ကို သူ​တို့ နား​မ​ထောင်​ကြ​။ 11ထို့ကြောင့် ထာဝရဘုရား​သည် အဆီးရီးယား​ဘုရင်​၏​စစ်သူကြီး​တို့​ကို ချီလာ​စေ​၍ သူ​တို့​ကို​တိုက်ခိုက်​စေ​၏​။ သူ​တို့​သည် မနာရှေ​မင်းကြီး​ကို သံချိတ်​များ​ဖြင့်​ဖမ်းဆီး​၍ ကြေးနီ​ကြိုး​များ​ဖြင့် ချည်နှောင်​ကာ ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၏​။ 12ထိုသို့ ဒုက္ခရောက်​သောအခါ မနာရှေ​မင်းကြီး​သည် သူ​၏​ဘုရားသခင်​ထာဝရဘုရား​၏​မျက်နှာ​တော်​ကို ရှာ​လျက် ဘိုးဘေး​တို့​၏​ဘုရားသခင်​ရှေ့​တော်​တွင် မိမိကိုယ်ကို​အလွန်​နှိမ့်ချ​လေ​၏​။ 13သူ​ဆုတောင်း​သောအခါ ကိုယ်တော်​သည် သူ့​ကို​ထူး​တော်မူ​၏​။ သူ​အသနားခံ​သည်​ကို နားညောင်း​ပြီး သူ့​ကို သူ​၏​တိုင်းနိုင်ငံ​၊ ဂျေရုဆလင်​မြို့​သို့ ပြန်လာ​စေ​တော်မူ​၏​။ ထိုအခါ ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​ကြောင်း​ကို မနာရှေ​မင်းကြီး​သိမြင်​လေ​၏​။ 14ထို့နောက် မနာရှေ​မင်းကြီး​သည် ဒါဝိဒ်​မြို့​အပြင်ဘက်​တွင် မြို့ရိုး​ကို​မြင့်မား​စွာ​တည်ဆောက်​ထား​၏​။ ထို​မြို့ရိုး​သည် ချိုင့်ဝှမ်း​ရှိ​ဂိဟုန်​ချောင်း​အနောက်ဘက်​မှ ငါး​တံခါးဝ​အထိ​ရောက်​၍ ထိုမှ ဩဖေလ​အရပ်​ဘက်​သို့​ကွေ့သွား​၏​။ ယုဒ​ပြည်​ရှိ​ခိုင်ခံ့​သော​မြို့​ရှိသမျှ​တို့​၌ စစ်သူကြီး​များ​ကို ခန့်ထား​၏​။ 15တိုင်းတစ်ပါး​ဘုရား​များ​နှင့် ရုပ်တု​များ​ကို ထာဝရဘုရား​၏​အိမ်​တော်​မှ​ဖယ်ရှား​ပစ်​၏​။ ထာဝရဘုရား​၏​အိမ်​တော်​တည်​ရာ​တောင်ကုန်း​ပေါ်​နှင့် ဂျေရုဆလင်​မြို့​ထဲ​ရှိ သူ​တည်ဆောက်​ခဲ့​သော​ယဇ်ပလ္လင်​ရှိသမျှ​တို့​ကို​လည်း ဖယ်ရှား​၍ မြို့​ပြင်​သို့ လွှင့်ပစ်​ခဲ့​၏​။ 16ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို ပြန်လည်​ပြုပြင်​၍ ထို​ယဇ်ပလ္လင်​ပေါ်တွင် မိတ်သဟာယယဇ်​၊ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​များ​ကို ပူဇော်​၏​။ ထို့ပြင် ယုဒ​အမျိုး​တို့​ကို​လည်း အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို​သာ ဝတ်ပြု​ကြ​ရန် မှာကြား​၏​။ 17သို့သော် လူ​တို့​သည် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​၌ ဆက်လက်​၍​ယဇ်ပူဇော်​ကြ​သော်လည်း မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​သာ ပူဇော်​ကြ​၏​။
မနာရှေမင်းကြီး အနိစ္စရောက်ခြင်း
18ကျန်ရှိ​နေ​သော မနာရှေ​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​၊ သူ​၏​ဘုရားသခင်​ထံ သူ​ဆုတောင်း​ခဲ့​ပုံ​များ​၊ အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​အားဖြင့် သူ့​အား​မြွက်ဆို​ခဲ့​သော​ဗျာဒိတ်ရသူ​တို့​၏​စကား​များ စသည်​တို့​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်ကျမ်း​တွင် ရေးမှတ်​ထား​၏​။ 19သူ​၏​ဆုတောင်းချက်​၊ သူ့​ကို​ဘုရားသခင်​နားညောင်း​တော်မူ​ခြင်း​၊ မိမိကိုယ်ကို မ​နှိမ့်ချ​မီ သူ​သစ္စာမဲ့​၍​ပြု​မိ​ခဲ့​သော​အပြစ်​အားလုံး​၊ အထွတ်အမြတ်​ထား​ရာ​နေရာ​များ​တည်​ခြင်း​၊ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​နှင့် ရုပ်တု​များ​စိုက်ထူ​ခြင်း စသည်​တို့​ကို ဟောဇဲ​၏​မှတ်တမ်း​တွင် ရေးမှတ်​ထား​လျက်​ရှိ​၏​။ 20မနာရှေ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို သူ့​နန်းတော်​တွင် သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာမုန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။
ယုဒဘုရင်အာမုန်မင်းကြီး
21အာမုန်​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​နှစ်​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် နှစ်​နှစ်​စိုးစံ​၏​။ 22အာမုန်​မင်းကြီး​သည် ခမည်းတော်​မနာရှေ​မင်းကြီး​ပြု​ခဲ့​သည့်​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။ အကြောင်းမူကား အာမုန်​မင်းကြီး​သည် ခမည်းတော်​မနာရှေ​မင်းကြီး ပြုလုပ်​ထား​ခဲ့​သော​ရုပ်တု​အားလုံး​တို့​ကို ယဇ်ပူဇော်​၍ ကိုးကွယ်​၏​။ 23ခမည်းတော်​မနာရှေ​မင်းကြီး​သည် မိမိကိုယ်ကို​နှိမ့်ချ​ခဲ့​သော်လည်း အာမုန်​မင်းကြီး​မူကား ထာဝရဘုရား​ရှေ့​တော်​တွင် မိမိကိုယ်ကို​မ​နှိမ့်ချ​ခဲ့​သည်​သာမက ပို၍ပင်​အပြစ်ပြု​သေး​၏​။
24အာမုန်​မင်းကြီး​၏​အမှုထမ်း​တို့​သည်​လည်း လျှို့ဝှက်ကြံစည်​ကြ​ပြီး သူ့​ကို နန်းတွင်း​၌​ပင် ကွပ်မျက်​ကြ​လေ​၏​။ 25ထိုအခါ ပြည်သူပြည်သား​တို့​သည် အာမုန်​မင်းကြီး​အား လုပ်ကြံ​ခဲ့​သူ​အားလုံး​ကို ပြန်သတ်​ပြီး ထို​ပြည်သူပြည်သား​တို့​ကပင် မင်းကြီး​၏​သား​တော်​ယောရှိ​အား ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 33: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ