ရာဇဝင်ချုပ်ဒုတိယစောင် 9
9
ရှေဘပြည်၏ဘုရင်မ
1ရှောလမုန်မင်းကြီး ဂုဏ်သတင်းကြီးသည်ကို ရှေဘဘုရင်မကြားသိသောအခါ ရှောလမုန်မင်းကြီးကို စကားထာဝှက်၍ ပညာစမ်းရန် ရောက်ရှိလာ၏။ သူသည် မြောက်မြားစွာသော အမွှေးနံ့သာများ၊ ရွှေများနှင့် အဖိုးတန်ကျောက်များကို ကုလားအုတ်များပေါ်တင်ဆောင်လျက် နောက်လိုက်ဗိုလ်ပါအများအပြားတို့နှင့် ဂျေရုဆလင်မြို့သို့ရောက်လာ၍ ရှောလမုန်မင်းကြီးထံသို့ဝင်ကာ စိတ်ထဲ၌ရှိသမျှတို့ကို မေးမြန်းပြောဆိုလေ၏။ 2ရှောလမုန်မင်းကြီးသည် သူမေးသမျှမေးခွန်းတို့ကိုဖြေကြားနိုင်၏။ ရှောလမုန်မင်းကြီးအဖို့ မဖြေနိုင်လောက်အောင် ခက်ခဲသည့်မေးခွန်းဟူ၍ တစ်ခုမျှမရှိ။ 3ရှေဘဘုရင်မသည် ဉာဏ်ပညာအလုံးစုံနှင့်ပြည့်စုံသောရှောလမုန်မင်းကြီးနှင့် သူတည်ဆောက်သောနန်းတော်၊ 4စားသောက်ပွဲတည်ခင်းပုံ၊ မင်းမှုထမ်းတို့၏နေရာထိုင်ခင်း၊ အမှုထမ်းတို့တာဝန်ထမ်းဆောင်ပုံနှင့် ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်များနှင့်သူတို့၏ဝတ်စားဆင်ယင်ပုံ၊ ထာဝရဘုရား၏အိမ်တော်သို့တက်သွားရာလမ်းတွင် စောင်းတန်းများပါရှိပုံ စသည်တို့ကို မြင်သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်ရလေ၏။
5ထို့ကြောင့် ရှင်ဘုရင်အား “အကျွန်ုပ်တိုင်းပြည်၌ ကြားသိနေရသော မင်းကြီး၏အောင်မြင်မှုသတင်း၊ ဉာဏ်ပညာသတင်းများသည် အမှန်ပင်ဖြစ်ပေ၏။ 6အကျွန်ုပ်ကိုယ်တိုင် ဤနေရာသို့လာ၍ မျက်စိဖြင့်မမြင်ရမီအထိ ဤသတင်းကို မယုံကြည်ခဲ့ပါ။ အကျွန်ုပ်ကြားသိထားသောအရာသည် ထက်ဝက်မျှပင်မရှိပါ။ မင်းကြီး၏ဉာဏ်ပညာကြီးမားမှုသည် အကျွန်ုပ်ကြားသိရသည်ထက် သာလွန်နေပါသည်တကား။ 7မင်းကြီးထံခစားရသောသူတို့သည် မင်္ဂလာရှိလှပါသည်တကား။ ရှေ့တော်တွင် အစဉ်အမှုထမ်းရပြီး မင်းကြီး၏ပညာစကားကို ကြားနာရသောသူတို့သည် မင်္ဂလာရှိလှပါသည်တကား။ 8မင်းကြီးကိုနှစ်သက်မြတ်နိုး၍ ရှင်ဘုရင်အဖြစ်ရာဇပလ္လင်တွင် စံမြန်းစေတော်မူသော မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။ မင်းကြီး၏ဘုရားသခင်သည် အစ္စရေးလူမျိုးကိုချစ်တော်မူ၍ ထာဝရတည်စေလိုသဖြင့် တရားမျှတစွာ၊ ဖြောင့်မတ်စွာစီရင်အုပ်ချုပ်ရန် မင်းကြီးကို ရှင်ဘုရင်အဖြစ် ခန့်ထားတော်မူပြီ”ဟု ဆိုလေ၏။
9ထို့နောက် သူသည် ရှင်ဘုရင်အား ရွှေတာလန်တစ်ရာ့နှစ်ဆယ်#9:9 “2640 ပိဿာ သို့မဟုတ် 4080 ကီလိုဂရမ်”။၊ မြောက်မြားစွာသောအမွှေးနံ့သာများနှင့် အဖိုးတန်ကျောက်များကို ဆက်သလေ၏။ ရှောလမုန်မင်းကြီးအား ရှေဘဘုရင်မဆက်သခဲ့သော များပြားလှသောအမွှေးနံ့သာမျိုးကို နောက်ထပ်မရရှိတော့ချေ။ 10ထို့ပြင် ဟုရံ#9:10 သို့မဟုတ် “ဟိရံ”။မင်းကြီး၏အမှုထမ်းများနှင့် ရှောလမုန်မင်းကြီး၏အမှုထမ်းများသည် ဩဖိရအရပ်မှ ရွှေများယူဆောင်လာသည့်အပြင် စန္ဒကူးသစ်သားများနှင့် အဖိုးတန်ကျောက်များကိုလည်း ယူဆောင်လာပေး၏။ 11ရှင်ဘုရင်သည် စန္ဒကူးသစ်သားများဖြင့် ထာဝရဘုရား၏အိမ်တော်လက်ရန်းနှင့် ဘုရင့်နန်းတော်လက်ရန်း၊ သီချင်းသည်တို့အတွက် စောင်းကောက်စောင်းပြားများကို ပြုလုပ်၏။ ထိုမျှလောက်များပြားလှသောစန္ဒကူးသစ်သားတို့ကို ယုဒပြည်တွင် ယခင်က မတွေ့ဖူးချေ။
12ရှောလမုန်မင်းကြီးသည်လည်း ရှေဘဘုရင်မအား စေတနာအလျောက် လက်ဆောင်များကိုပေးသည့်အပြင် သူအလိုရှိသမျှ၊ တောင်းသမျှတို့ကိုလည်း ပေးသေး၏။ ထို့နောက် သူသည် မိမိနောက်လိုက်ဗိုလ်ပါများနှင့်အတူ မိမိပြည်သို့ ပြန်သွားလေ၏။
ရှောလမုန်မင်းကြီးပိုင်ဆိုင်သောစည်းစိမ်ဥစ္စာများ
13ရှောလမုန်မင်းကြီးထံ နှစ်စဉ်ရောက်လာသောရွှေအလေးချိန်မှာ ရွှေတာလန်ခြောက်ရာခြောက်ဆယ်ခြောက်တာလန်#9:13 “14352 ပိဿာ သို့မဟုတ် 22644 ကီလိုဂရမ်”။ရှိ၏။ 14ထို့ပြင် ကုန်သည်များ၊ အရောင်းအဝယ်သမားများ၊ အာရေဗျဘုရင်အပေါင်းတို့နှင့် တိုင်းပြည်တွင်းရှိဘုရင်ခံတို့သည်လည်း ရှောလမုန်မင်းကြီးထံ ရွှေငွေများကို ယူဆောင်လာပေး၏။
15ရှောလမုန်မင်းကြီးသည် ဒိုင်းလွှားကြီးအခုနှစ်ရာကိုလည်း ရွှေဖြင့်ထုလုပ်၏။ ဒိုင်းလွှားကြီးတစ်ခုစီတွင် ရွှေအချိန်ခြောက်ရာရှယ်ကယ်#9:15 “4.5 ပိဿာ သို့မဟုတ် 6.9 ကီလိုဂရမ်”။ပါဝင်၏။ 16ဒိုင်းလွှားငယ်အခုသုံးရာကိုလည်း ရွှေဖြင့်ထုလုပ်၏။ ဒိုင်းလွှားငယ်တစ်ခုစီတွင် ရွှေအချိန်သုံးရာပါဝင်၏။ ရှင်ဘုရင်သည် ထိုဒိုင်းလွှားတို့ကို လက်ဘနွန်တောစံနန်းဆောင်တွင် ထားရှိ၏။
17ထို့ပြင် ရှင်ဘုရင်သည် ဆင်စွယ်ရာဇပလ္လင်ကြီးကို ထုလုပ်ပြီး ရွှေစင်ဖြင့် မွမ်းမံထား၏။ 18ထိုပလ္လင်သည် လှေကားခြောက်ထစ်ရှိပြီး ပလ္လင်တော်နှင့်ရွှေခြေတင်ခုံမှာ တစ်ဆက်တည်းဖြစ်၏။ ထိုင်ခုံ၏ဘေးတစ်ဖက်တစ်ချက်တွင် လက်ရန်းများပါရှိပြီး လက်ရန်းဘေးနားတွင် ရပ်နေသောခြင်္သေ့ရုပ်နှစ်ရုပ်ရှိ၏။ 19လှေကားထစ်ခြောက်ထစ်တွင် တစ်ထစ်စီ၏ထိပ်တစ်ဖက်စီတွင် ရပ်နေသောခြင်္သေ့ရုပ်တစ်ရုပ်စီ စုစုပေါင်းခြင်္သေ့ရုပ်တစ်ဆယ့်နှစ်ရုပ်ပါရှိ၏။ ထိုကဲ့သို့သောပလ္လင်မျိုးသည် မည်သည့်တိုင်းပြည်တွင်မျှမရှိ။
20ရှောလမုန်မင်းကြီး၏ဖလားအသုံးအဆောင်အားလုံးမှာ ရွှေဖြင့်ပြုလုပ်ထား၏။ လက်ဘနွန်တောစံနန်းဆောင်၏အသုံးအဆောင်အားလုံးမှာလည်း ရွှေစင်ဖြင့်ပြုလုပ်ထား၏။ ငွေထည်ပစ္စည်းတစ်ခုမျှမရှိ။ ရှောလမုန်မင်းကြီးလက်ထက်တွင် ငွေသည် တန်ဖိုးမရှိဟု မှတ်ယူကြ၏။ 21ရှင်ဘုရင်ပိုင် တာရှုသင်္ဘောသည် ဟုရံ#9:21 သို့မဟုတ် “ဟိရံ”။မင်းကြီး၏အမှုထမ်းတို့နှင့်အတူ ကူးသန်းသွားလာ၏။ ထိုတာရှုသင်္ဘောသည် သုံးနှစ်တစ်ခါပြန်လာပြီး ရွှေငွေများ၊ ဆင်စွယ်များ၊ မျောက်ဝံများ၊ ဒေါင်းများကို ယူဆောင်လာလေ့ရှိ၏။
22ရှောလမုန်မင်းကြီးသည် မြေကြီးပေါ်ရှိရှင်ဘုရင်အပေါင်းတို့ထက် ဓနဥစ္စာနှင့် ဉာဏ်ပညာအရာ၌ သာလွန်ထူးကဲလေ၏။ 23မြေတစ်ပြင်လုံးရှိရှင်ဘုရင်အပေါင်းတို့သည် ရှောလမုန်မင်းကြီး၏စိတ်နှလုံးတွင် ဘုရားသခင်သွင်းပေးတော်မူသော ဉာဏ်ပညာနှင့်ယှဉ်သည့်စကားများကို ကြားနာရန် ရှောလမုန်မင်းကြီးထံ လာလေ့ရှိကြ၏။ 24နှစ်စဉ်နှစ်တိုင်း မင်းကြီးထံရောက်လာသောသူတို့သည် ငွေထည်ရွှေထည်များ၊ အဝတ်အထည်များ၊ လက်နက်များ၊ အမွှေးနံ့သာများ၊ မြင်းများ၊ လားများ စသည်တို့ကို လက်ဆောင်ပဏ္ဏာအဖြစ် အသီးသီးဆက်သလေ့ရှိကြ၏။
25ရှောလမုန်မင်းကြီး၌ မြင်းဇောင်းလေးထောင်နှင့် မြင်းရထားများ၊ မြင်းစီးသူရဲတစ်သောင်းနှစ်ထောင်ရှိပြီး ၎င်းတို့ကို ရထားထားရှိရာမြို့များနှင့် ရှင်ဘုရင်စံမြန်းရာဂျေရုဆလင်မြို့တွင် ထားရှိ၏။ 26သူသည် ယူဖရေးတီးမြစ်#9:26 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။မှစ၍ ဖိလိတ္တိပြည်၊ အီဂျစ်ပြည်အစွန်အဖျားတိုင်အောင် ရှင်ဘုရင်အပေါင်းတို့ကို အုပ်ချုပ်ရ၏။ 27ရှင်ဘုရင်သည် ဂျေရုဆလင်မြို့တွင် ငွေကို ကျောက်ခဲသဖွယ်၊ သစ်ကတိုးပင်များကို လွင်ပြင်၌ပေါက်သော သင်္ဘောသဖန်းပင်သဖွယ် အမြောက်အမြားထားရှိ၏။ 28အီဂျစ်ပြည်မှစ၍ တိုင်းနိုင်ငံအသီးသီးတို့မှ မြင်းများကို ရှောလမုန်မင်းကြီးထံ တင်သွင်းလေ့ရှိကြ၏။
ရှောလမုန်မင်းကြီးသေဆုံးခြင်း
29ကျန်ရှိနေသော ရှောလမုန်မင်းကြီးလက်ထက် အဖြစ်အပျက်အစမှအဆုံးကို ပရောဖက်နာသန်၏မှတ်တမ်းတွင်လည်းကောင်း၊ ရှိလောမြို့သား အဟိယ၏အနာဂတ္တိကျမ်းတွင်လည်းကောင်း၊ နေဗတ်၏သားယေရောဗောင်မင်းကြီး၏ဗျာဒိတ်ဆရာဣဒေါ၏ဗျာဒိတ်ကျမ်းတွင်လည်းကောင်း ရေးမှတ်ထား၏#9:29 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။။ 30ရှောလမုန်မင်းကြီးသည် ဂျေရုဆလင်မြို့တွင် အစ္စရေးတစ်မျိုးနွယ်လုံးကို နှစ်ပေါင်းလေးဆယ် အုပ်စိုးလေ၏။ 31ရှောလမုန်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏မြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သားတော်ရောဗောင်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံလေ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 9: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative