YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာဒုတိယစောင် 12

12
လုံလောက်သောကျေးဇူးတော်
1ငါ​သည် ဝါကြွား​ရ​မည်​ဖြစ်၍ အကျိုး​မ​ရှိ​သော်လည်း သခင်​ဘုရား​ပေး​တော်မူ​သော ရူပါရုံ​နှင့်​ဗျာဒိတ်​တော်​အကြောင်း​များ​ကို ဆက်​၍​ပြော​ပါ​မည်။ 2လွန်ခဲ့သော​တစ်ဆယ့်လေး​နှစ်​က တတိယ​ကောင်းကင်​တိုင်အောင် ချီဆောင်​ခြင်း​ခံရ​သည့် ခရစ်တော်​၌​တည်​သော​လူ​တစ်​ဦး​ကို ငါ​သိ​၏။ သူ​သည် ကိုယ်ခန္ဓာ​ပါ​လျက် ချီဆောင်​ခြင်း​ခံရ​သလော​၊ သို့မဟုတ် ကိုယ်ခန္ဓာ​မ​ပါ​ဘဲ ချီဆောင်​သွား​ခြင်း​ခံရ​သလော ငါ​မ​သိ။ ဘုရားသခင်​သိ​တော်မူ​၏။ 3သူ​သည် ပရဒိသု​ဘုံ​ထဲသို့ ချီဆောင်​ခြင်း​ခံ​ရ​၏။ ထိုသို့​ချီဆောင်​ခြင်း​ခံ​ရာ​၌ ကိုယ်ခန္ဓာ​ပါ​လျက် ချီဆောင်​ခြင်း​ခံရ​သလော​၊ သို့မဟုတ် ကိုယ်ခန္ဓာ​မ​ပါ​ဘဲ ချီဆောင်​ခြင်း​ခံရ​သလော ငါ​မ​သိ။ ဘုရားသခင်​သိ​တော်မူ​၏။ 4သူ​သည် လူ​တို့​ပြော​ခွင့်​မ​ရှိ၊ ပြောပြ​၍​လည်း​မ​ရ​နိုင်​သော​စကား​တို့​ကို ကြား​ခဲ့​ရ​၏။ 5ထိုသို့​သော​သူ​နှင့်ပတ်သက်၍ ငါ​ဝါကြွား​မည်။ ငါ​နှင့်ပတ်သက်၍​မူကား ငါ​၏​အားနည်း​ခြင်း​အကြောင်း​မှတစ်ပါး ဝါကြွား​ခြင်း​ကို ငါ​မ​ပြု။ 6ငါ​သည် ဝါကြွား​ရန်​အလိုရှိ​လျှင်​လည်း အမှန်​ကို​သာ​ပြော​မည်​ဖြစ်၍ မိုက်မဲ​သော​သူ​ဖြစ်​မည်​မ​ဟုတ်။ သို့သော် မည်သူမျှ ငါ့​ကို​မြင်​ရ​သည်​ထက်​၊ သို့မဟုတ် ငါ့​အကြောင်း​ကို ကြား​ရ​သည်​ထက်​ပို၍ ငါ့​ကို​မ​ထင်မြင်​မိ​စေရန် ငါ​မ​ဝါကြွား​ဘဲ​နေ​မည်။
7ငါ​ခံရ​သော​ဗျာဒိတ်​တော်​သည် အလွန်​ထူးမြတ်​သောကြောင့် ငါ​မ​ထောင်လွှား​စေရန် ငါ​၏​ကိုယ်ကာယ​ထဲ၌ ဆူး​တစ်​ခု​ကို​ပေး​၏။ ၎င်း​မှာ ငါ​မ​ထောင်လွှား​စေရန် ငါ့​ကို​ထိုးနှက်​သည့် စာတန်​၏​စေတမန်​ဖြစ်​၏။ 8ဤ​ကိစ္စ​နှင့်​ပတ်သက်၍ ၎င်း​ကို ငါ့​ထံမှ​ဖယ်ရှား​ပေး​ပါ​မည့်​အကြောင်း သခင်​ဘုရား​ထံ သုံး​ကြိမ်​တိုင်တိုင် ငါ​တောင်းလျှောက်​ခဲ့​၏။ 9သို့သော် ကိုယ်တော်​က“ငါ​၏​ကျေးဇူး​တော်​သည် သင့်​အတွက်​လုံလောက်​ပေ​၏။ အကြောင်းမူကား ငါ​၏​တန်ခိုး​သည် အားနည်း​ခြင်း​အဖြစ်​၌ ပြည့်စုံ​တတ်​၏”​ဟု ငါ့​အား မိန့်​တော်မူ​၏။ ထို့ကြောင့် ခရစ်တော်​၏​တန်ခိုး​သည် ငါ့​အပေါ်​တည်နေ​မည့်​အကြောင်း ငါ​သည် ငါ​၏​အားနည်း​ခြင်း​၌ သာ၍​ဝမ်းမြောက်​စွာ​ဝါကြွား​မည်။ 10သို့ဖြစ်၍ ခရစ်တော်​ကြောင့် ငါ​ခံရ​သော အားနည်း​ခြင်း၊ စော်ကား​ခြင်း၊ ခက်ခဲ​ကျပ်တည်း​ခြင်း၊ ညှဉ်းဆဲ​ခြင်း​နှင့် နာကျင်​ခြင်း​ဝေဒနာ​တို့​ကို ငါ​နှစ်သက်​၏။ အကြောင်းမူကား ငါ​သည် အားနည်း​သောအခါ တန်ခိုး​နှင့်​ပြည့်စုံ​လျက်​ရှိ​၏။
တမန်တော်တစ်ဦး၏လက္ခဏာများ
11ငါ​သည် မိုက်မဲ​သော​သူ​ဖြစ်​ခဲ့​လေ​ပြီ။ သင်​တို့​သည် ငါ့​ကို အတင်းအကျပ် ထိုသို့​ဖြစ်စေ​ကြ​၏။ အမှန်စင်စစ် ငါ​သည် သင်​တို့​၏​ထောက်ခံ​ချီးကျူး​မှု​ကို ခံထိုက်​၏။ အကြောင်းမူကား ငါ​သည် မပြောပလောက်​သော​သူ​ဖြစ်​သော်လည်း ထိပ်တန်း​တမန်တော်​များ​ထက် အနည်းငယ်​မျှ​မ​ညံ့​ပေ။ 12အမှန်စင်စစ် ငါ​၏​တမန်တော်​ဖြစ်​ခြင်း​၏​အမှတ်​လက္ခဏာ​များ​မှာ အလုံးစုံ​သော​သည်းခံ​ခြင်း​ဖြင့် သင်​တို့​တွင်​ပြု​သော နိမိတ်​လက္ခဏာ​များ၊ အံ့ဩဖွယ်ရာ​များ​နှင့် တန်ခိုး​များ​ပင်​ဖြစ်​ကြ​၏။ 13ငါ​ကိုယ်တိုင်​သည် သင်​တို့​အတွက် ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​ခဲ့​ခြင်း​မှတစ်ပါး သင်​တို့​၌ အခြား​သော​အသင်းတော်​များ​ထက် ပို၍​ဂုဏ်ငယ်​စရာ​အကြောင်း တစ်စုံတစ်ခု​ရှိ​သလော။ ဤ​မမျှတမှု​အတွက် ငါ့​ကို​ခွင့်လွှတ်​ကြ​လော့။
ကောရိန္သုမြို့သားတို့အပေါ် ပေါလု၏အလေးထားမှု
14ယခု ငါ​သည် သင်​တို့​ထံသို့ တတိယ​အကြိမ်​လာ​ရန် အသင့်​ရှိ​၏။ သို့သော် သင်​တို့​အတွက် ဝန်ထုပ်ဝန်ပိုး​ဖြစ်​စေ​မည်​မ​ဟုတ်။ အကြောင်းမူကား ငါ​သည် သင်​တို့​၏​ဥစ္စာ​များ​ကို အလိုရှိ​သည်​မ​ဟုတ်။ သင်​တို့​ကို​သာ အလိုရှိ​၏။ သားသမီး​တို့​သည် မိဘ​တို့​အတွက် စုဆောင်း​ရ​သည်​မ​ဟုတ်​ဘဲ မိဘ​တို့​က​သာ သားသမီး​တို့​အတွက် စုဆောင်း​ရ​၏။ 15ငါ​သည် သင်​တို့​၏​စိတ်​ဝိညာဉ်​အတွက် ဝမ်းမြောက်​စွာ ငါ့​ဥစ္စာ​ကို​အသုံးပြု​၍ ငါ့​ကိုယ်​ကို​လည်း အကုန်အစင်​အသုံးပြု​မည်။ သင်​တို့​အပေါ် ငါ​၏​ချစ်​ခြင်း​မေတ္တာ​တိုးပွား​လာ​လျှင် ငါ့​အပေါ် သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​လျော့ပါး​သွား​မည်​လော။ 16ငါ​သည် သင်​တို့​အတွက် ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​ခဲ့​သော်လည်း ပါးနပ်​သော​သူ​ဖြစ်​၍ ပရိယာယ်​အားဖြင့် သင်​တို့​ထံမှ ရယူ​ခဲ့​သည်​ဟု​ဆို​ကြ​လျှင် 17သင်​တို့​ထံသို့ ငါ​စေလွှတ်​ခဲ့​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​အားဖြင့် သင်​တို့​ကို ငါ​အမြတ်​ထုတ်​ခဲ့​ဖူး​သလော။ 18ငါ​သည် တိတု​ကို သင်​တို့​ထံသို့​လာ​ရန် တိုက်တွန်း​၍ သူ​နှင့်အတူ ညီအစ်ကို​တစ်​ဦး​ကို​စေလွှတ်​ခဲ့​၏။ တိတု​သည် သင်​တို့​ကို အမြတ်​ထုတ်​ခဲ့​သလော။ ငါ​တို့​သည် တူညီ​သော​စိတ်သဘော​ဖြင့် ခြေရာ​တစ်ထပ်တည်း​လျှောက်လှမ်း​ခဲ့​ကြ​သည် မ​ဟုတ်​လော။
19ငါ​တို့​သည် သင်​တို့​ရှေ့၌ မိမိတို့ကိုယ်ကို ကာကွယ်​ပြောဆို​နေ​ကြ​သည်​ဟု တစ်ချိန်လုံး သင်​တို့​ထင်မှတ်​နေ​ကြ​သလော။ ငါ​တို့​သည် ဘုရားသခင်​ရှေ့​တော်​၌ ခရစ်တော်​ကို​အမှီပြု၍ ပြောဆို​နေ​ကြ​၏။ ချစ်​ရ​သော​သူ​တို့၊ အရာ​အားလုံး​သည် သင်​တို့​၏​တည်ဆောက်​စရာ​အတွက်​ဖြစ်​၏။ 20ငါ​ရောက်လာ​သောအခါ အကြောင်း​တစ်စုံတစ်ခု​ကြောင့် သင်​တို့​ကို ငါ​တွေ့မြင်​လို​သည့်​အတိုင်း မ​တွေ့မြင်​ရ​သကဲ့သို့ ငါ့​ကို​လည်း သင်​တို့​တွေ့မြင်​လို​သည့်​အတိုင်း မ​တွေ့မြင်​ရ​မည်​ကို​လည်းကောင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း၊ မနာလို​ခြင်း၊ ဒေါသ​ကြီး​ခြင်း၊ တစ်ကိုယ်ကောင်းဆန်​ခြင်း၊ ပုတ်ခတ်​ပြောဆို​ခြင်း၊ အတင်းအဖျင်း​ပြောဆို​ခြင်း၊ မာန​ထောင်လွှား​ခြင်း​နှင့် ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​များ ရှိ​မည်​ကို​လည်းကောင်း ငါ​စိုးရိမ်​၏။ 21နောက်တစ်ဖန် ငါ​လာ​သောအခါ ဘုရားသခင်​သည် သင်​တို့​ရှေ့၌ ငါ့​ကို​နှိမ့်ချ​တော်မူ​၍ ယခင်​က အပြစ်​ကျူးလွန်​ခဲ့​လျက်​ပင် မိမိ​တို့​ပြုကျင့်​ခဲ့​သည့် ညစ်ညူး​ခြင်း၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​နှင့် ကာမဂုဏ်​လိုက်စား​ခြင်း​တို့​ကို နောင်တ​မ​ရ​သေး​သော​သူ​များစွာ​ရှိ​သည့်​အတွက် ငါ​ဝမ်းနည်း​ကြေကွဲ​ရ​မည်​ကို​လည်း ငါ​စိုးရိမ်​၏။

လက်ရှိရွေးချယ်ထားမှု

ကောရိန္သုဩဝါဒစာဒုတိယစောင် 12: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ