YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်စတုတ္ထစောင် 18

18
ယုဒဘုရင်ဟေဇကိမင်းကြီး
1ဧလာ​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ဟောရှေ​မင်းကြီး နန်းစံ​သုံး​နှစ်​တွင် ယုဒ​ဘုရင်​အာခတ်​မင်းကြီး​၏​သား​တော်​ဟေဇကိ နန်းတက်​၏​။ 2ဟေဇကိ​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် နှစ်ဆယ့်​ကိုး​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ဇာခရိ​၏​သမီး အာဘိ​အမည်​ရှိ​၏​။ 3ဟေဇကိ​မင်းကြီး​သည် မိမိ​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​ပြုကျင့်​ခဲ့​သမျှ​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။ 4သူ​သည် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​ကို ဖယ်ရှား​ပြီး ကျောက်တိုင်​များ​ကို ဖြိုလှဲ​ပစ်​၏​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို လှဲချ​ပြီး မောရှေ​သွန်းလုပ်​ခဲ့​သော​ကြေးနီ​မြွေရုပ်​ကို​လည်း ထုခွဲ​ပစ်​၏​။ အကြောင်းမူကား ထို​အချိန်​အထိ အစ္စရေး​လူမျိုး​တို့​သည် ထို​မြွေရုပ်​ကို နဟုတ္တန် ဟု​ခေါ်ဆို​ပြီး နံ့သာပေါင်း​ကို မီးရှို့ပူဇော်​တတ်​ကြ​၏​။
5သူ​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို ယုံကြည်ကိုးစား​၏​။ ယုဒ​ဘုရင်​အပေါင်း​တို့​တွင် သူ့​အလျင်​ရှိ​ခဲ့​သော​ဘုရင်​များ​နှင့် သူ့​နောက်မှ​ဘုရင်​များ​ပါ သူ​နှင့်တူသော​ဘုရင် တစ်ပါး​မျှ​မ​ရှိ​။ 6သူ​သည် ထာဝရဘုရား​ကို မ​စွန့်​၊ နောက်​တော်​သို့​လိုက်​၍ ဆည်းကပ်​ကိုးကွယ်​၏​။ မောရှေ​အား ထာဝရဘုရား မိန့်မှာ​ထား​တော်မူ​သော​ပညတ်တော်​များ​ကို စောင့်ထိန်း​၏​။
7ထို့ကြောင့် ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​တော်မူ​ပြီး ပြု​လေရာရာ​၌ အထမြောက်​၏​။ သူ​သည် အဆီးရီးယား​ဘုရင်​၏​လက်အောက်ခံ​အဖြစ်​မ​နေ​ဘဲ ပုန်ကန်​လေ​၏​။ 8သူ​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို ဂါဇ​မြို့​နှင့် နယ်နိမိတ်​တစ်လျှောက်​၊ ကင်းစောင့်​မျှော်စင်​မှ ခံတပ်​မြို့​အထိ ချေမှုန်း​နိုင်​ခဲ့​၏​။
အစ္စရေးလူမျိုးတို့ရှုံးရသည့်အကြောင်းကို ပြန်လည်သုံးသပ်ခြင်း
9ဟေဇကိ​မင်းကြီး နန်းစံ​လေး​နှစ်​၊ ဧလာ​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ဟောရှေ​မင်းကြီး နန်းစံ​ခုနစ်​နှစ်​တွင် အဆီးရီးယား​ဘုရင်​ရှာလမနေဇာ​မင်းကြီး​သည်​စစ်ချီ​၍ ရှမာရိ​မြို့​ကို ဝိုင်းရံ​ထား​ပြီး 10သုံး​နှစ်​ပြည့်​ပြီးမှ သိမ်းပိုက်​နိုင်​ခဲ့​၏​။ ရှမာရိ​မြို့​သည် ဟေဇကိ​မင်းကြီး နန်းစံ​ခြောက်​နှစ်​၊ အစ္စရေး​ဘုရင်​ဟောရှေ​မင်းကြီး နန်းစံ​ကိုး​နှစ်​တွင် သိမ်းပိုက်​ခြင်း​ခံ​ခဲ့​ရ​၏​။ 11အဆီးရီးယား​ဘုရင်​သည် အစ္စရေး​လူမျိုး​တို့​ကို အဆီးရီးယား​ပြည်​သို့ ဖမ်းခေါ်​သွား​ပြီး ဟာလာ​အရပ်​၊ ဂေါဇန်​နယ်​ရှိ ဟာဗော်​မြစ်​နား​၊ မေဒိ​မြို့ရွာ​များ​တွင် နေရာချ​ထား​၏​။ 12ဤသို့​ဖြစ်​ရ​ခြင်း​မှာ အစ္စရေး​လူမျိုး​တို့​သည် မိမိ​တို့​ဘုရားသခင် ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​သည့်​အပြင် ထာဝရဘုရား​၏​အစေအပါး​မောရှေ​အားဖြင့် မိန့်မှာ​ထား​သည့် ပဋိညာဉ်​ရှိသမျှ​ကို​လည်း မ​နာခံ​မ​လိုက်လျှောက်​ဘဲ ချိုးဖောက်​ကြ​သောကြောင့် ဖြစ်​၏​။
သနာခရိပ်မင်းကြီးကျူးကျော်တိုက်ခိုက်ခြင်း
13ဟေဇကိ​မင်းကြီး​နန်းစံ​တစ်ဆယ့်​လေး​နှစ်​တွင် အဆီးရီးယား​ဘုရင်​သနာခရိပ်​မင်းကြီး​သည် ယုဒ​ပြည်​၏​ခံတပ်​မြို့​အားလုံး​ကို တိုက်ခိုက်​သိမ်းပိုက်​လေ​၏​။ 14ထို့ကြောင့် ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​က လာခိရှ​မြို့​ရှိ အဆီးရီးယား​ဘုရင်​ထံသို့ လူ​လွှတ်​၍ “​အကျွန်ုပ် အမှားပြု​မိ​ပါ​ပြီ​။ အရှင်မင်းကြီး တပ်​ပြန်ဆုတ်​ပေး​ပါ​။ တောင်း​သမျှ​ကို ပေး​ပါ​မည်​”​ဟု​မှာလိုက်​လျှင် အဆီးရီးယား​ဘုရင်​က ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​ထံမှ ငွေ​တာလန်​သုံး​ရာ#18:14 “6630 ပိဿာ သို့မဟုတ် 10200 ကီလိုဂရမ်”။​၊ ရွှေ​တာလန်​သုံးဆယ်#18:14 “663 ပိဿာ သို့မဟုတ် 1020 ကီလိုဂရမ်”။​ကို တောင်း​၏​။ 15ထို့ကြောင့် ဟေဇကိ​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​နှင့် ဘုရင့်​နန်းတော်​ရှိ ဘဏ္ဍာတိုက်​တို့​ထဲမှ​တွေ့ရှိ​သမျှ​ငွေ​တို့​ကို ပေးလိုက်​၏​။
16တစ်ချိန်တည်း​မှာပင် ဟေဇကိ​မင်းကြီး​သည် ထာဝရဘုရား​၏​ဗိမာန်​တော်​တံခါး​မှ ရွှေ​များ​ကို​လည်းကောင်း​၊ သူကိုယ်တိုင်​မွမ်းမံ​ထား​သော တံခါးတိုင်​တို့​မှ ရွှေ​များ​ကို​လည်းကောင်း ချွတ်ခွာ​ပြီး အဆီးရီးယား​ဘုရင်​အား ပေးလိုက်​လေ​၏​။
17အဆီးရီးယား​ဘုရင်​သည် တာတန်​၊ ရာဗသာရိတ်​၊ ရာဗရှာခ​တို့​ကို စစ်သည်​အလုံးအရင်း​နှင့်တကွ လာခိရှ​မြို့​မှ ဂျေရုဆလင်​မြို့​ရှိ​ဟေဇကိ​မင်းကြီး​ထံသို့ စေလွှတ်​သဖြင့် သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့ ချီ​သွား​ကြ​၏​။ သူ​တို့ ရောက်​သွား​သောအခါ ခဝါသည်​၏​လယ်​သို့​သွား​သော​လမ်းမကြီး​တွင်​ရှိ​သည့် အထက်​ရေကန်​ရေသွယ်မြောင်း​နားတွင် တပ်ချ​ပြီး 18ရှင်ဘုရင်​ကို ဆင့်ခေါ်​ရာ ဟိလခိ​၏​သား​နန်းတော်အုပ်​ဧလျာကိမ်​၊ စာရေးတော်ကြီး​ရှေဗန​၊ အာသပ်​၏​သား​အတွင်းဝန်​ယောအာ​တို့​သည် သူ​တို့​ထံသို့ လာ​ကြ​၏​။
ရာဗရှာခဘွဲ့ခံအရာရှိ၏စကား
19ထိုအခါ ရာဗရှာခ​က သူ​တို့​အား “​ဟေဇကိ​မင်းကြီး​အား ပြန်လျှောက်​ကြ​လော့​။ အဆီးရီးယား​ဘုရင်မင်းမြတ်​ကြီး​က ‘​သင်​သည် အဘယ်အရာ​ကို ကိုးစား​၍ စိတ်အေးလက်အေး​နေ​နိုင်​သနည်း​။ 20သင်​၌ စစ်ဗျူဟာ​၊ စစ်အင်အား​ရှိ​သည်​ဆို​သည်​မှာ အပြောသက်သက်​သာ​ဖြစ်​၏​။ ယခု သင်​သည် အဘယ်သူ​ကို​ကိုးစား​၍ ငါ့​ကို ပုန်ကန်​သနည်း​။ 21ကြည့်ရှု​လော့​။ ယခု သင်​သည် ကျိုး​နေ​သော​ကျူ​တောင်ဝှေး​ဖြစ်​သည့် အီဂျစ်​ပြည်​ကို ကိုးစား​၏​။ ထို​တောင်ဝှေး​ကို​မှီ​လျှင် မှီသောသူ​၏​လက်​ကို ထုတ်ချင်းပေါက်​အောင် စူး​တတ်​၏​။ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​သည် မိမိ​အား ကိုးစား​သော​သူ​အပေါင်း​တို့​ကို ထိုသို့​ပြု​တတ်​၏​။ 22သင်​တို့​က ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ငါ​တို့​ယုံကြည်ကိုးစား​သည်​ဟု ဆို​လျှင်​လည်း ဟေဇကိ​မင်းကြီး​က ထို​ဘုရား​နှင့်ဆိုင်သော အထွတ်အမြတ်​ထား​ရာ​နေရာ​နှင့် ယဇ်ပလ္လင်​တို့​ကို​ပင် ဖယ်ရှား​လိုက်​ပြီး ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​အား ဂျေရုဆလင်​မြို့​ရှိ ဤ​ယဇ်ပလ္လင်​ရှေ့​၌​သာ သင်​တို့​ကိုးကွယ်​ရ​မည်​ဟူ၍ မိန့်မှာ​ခဲ့​သည် မ​ဟုတ်​လော’​ဟု မိန့်ဆို​၏​။
23ယခု ငါ​၏​သခင်​အဆီးရီးယား​ဘုရင်​နှင့် လာ​၍​ညှိနှိုင်း​လော့​။ သင်​၌ မြင်းစီးသူရဲ အလုံအလောက်​ရှိ​လျှင် သင့်​ကို မြင်း​အကောင်​နှစ်ထောင် ငါ​ပေး​မည်​။ 24စစ်ရထား​၊ မြင်းစီးသူရဲ​တို့​ရရှိ​ဖို့ အီဂျစ်​ပြည်​ကို ကိုးစား​သော သင်​က ငါ့​သခင်​၏​မင်းမှုထမ်း​များ​ထဲမှ အနိမ့်ဆုံး​အရာရှိ​တစ်​ယောက်​ကို​ပင် ရင်ဆိုင်တွန်းလှန်​နိုင်​မည်လော​။ 25ထာဝရဘုရား​အခွင့်​မ​ရှိ​ဘဲ ဤ​ပြည်​ကို ငါ​လာ​၍​ဖျက်ဆီး​သည်​ဟု ထင်​သလော​။ ထာဝရဘုရား​က ‘​ထို​ပြည်​သို့​စစ်ချီ​၍​ဖျက်ဆီး​လော့​’​ဟူ၍ ငါ့​အား မိန့်​တော်မူ​ပြီ​”​ဟု ဆို​၏​။
26ထိုအခါ ဟိလခိ​၏​သား​ဧလျာကိမ်​၊ ရှေဗန​၊ ယောအာ​တို့​က ရာဗရှာခ​အား “​အာရမိတ်​ဘာသာစကား​ကို ကျွန်တော်မျိုး​တို့​နားလည်​သည်​ဖြစ်၍ ကျွန်တော်မျိုး​တို့​အား အာရမိတ်​ဘာသာစကား​နှင့်​ပြော​ပါ​လော့​။ မြို့ရိုး​ပေါ်ရှိ​လူ​တို့​ကြားသိ​အောင် ယုဒ​ဘာသာစကား​ဖြင့် မ​ပြော​ပါ​နှင့်​”​ဟု ဆို​ကြ​၏​။
27သို့သော် ရာဗရှာခ​က “​ငါ့​သခင်​သည် သင်​တို့​၏​သခင်​နှင့် သင်​တို့​ကို​သာ ဤ​စကား​တို့​ကို​ပြောကြား​ရန် ငါ့​ကို​စေလွှတ်​သည်​မ​ဟုတ်​။ သင်​တို့​နှင့်အတူ ကိုယ့်​မစင်​ကိုယ်​စား​၊ ကိုယ့်​ဆီး​ကိုယ်​သောက်​ကြ​သည့် မြို့ရိုး​ပေါ်တွင်​ထိုင်​သော​သူ​တို့​ကို​လည်း ပြောကြား​ရန် စေလွှတ်​သည်​”​ဟု ဆို​၏​။
28ထို့နောက် ရာဗရှာခ​သည် မတ်တတ်ရပ်​၍ ယုဒ​ဘာသာစကား​ဖြင့် “​အဆီးရီးယား​ဘုရင်မင်းမြတ်​ကြီး​၏​အမိန့်​တော်​ကို နားထောင်​ကြ​လော့​။ 29ရှင်ဘုရင်​က ‘​ဟေဇကိ လှည့်စား​သည်​ကို သင်​တို့​မ​ခံ​ကြ​နှင့်​။ သူ​သည် သင်​တို့​ကို ငါ့​လက်​မှ မ​ကယ်နုတ်​နိုင်​။ 30ထာဝရဘုရား​သည် ငါ​တို့​ကို အမှန်ပင်​ကယ်နုတ်​တော်မူ​မည်​။ ဤ​မြို့​သည် အဆီးရီးယား​ဘုရင်​လက်​သို့​မ​ရောက်​ရ​ဟု ဆို​လျက် ထာဝရဘုရား​ကို ကိုးစား​လာ​အောင် ဟေဇကိ​လှည့်စား​သည်​ကို သင်​တို့​မ​ခံ​ကြ​နှင့်’​ဟု မိန့်ဆို​၏​။
31ဟေဇကိ​၏​စကား​ကို​နား​မ​ထောင်​ကြ​နှင့်​။ အဆီးရီးယား​ဘုရင်​က ‘​ငါ​နှင့်​ငြိမ်းချမ်းရေး​ယူ​၍ ငါ့​ဘက်​သို့ လာ​ကြ​။ ငါ​လာ​၍ သင်​တို့​ကို မ​ခေါ်ဆောင်​သွား​မီ​အထိ သင်​တို့​အသီးသီး ကိုယ့်​စပျစ်သီး​၊ ကိုယ့်​သဖန်းသီး​တို့​ကို​စား​နှင့်​ကြ​။ ကိုယ့်​ရေတွင်း​မှ​ရေ​ကို​သောက်​နှင့်​ကြ​။ 32သင်​တို့ အသက်​မ​သေ ရှင်ကျန်​နေ​မည့်​အကြောင်း ငါ​သည် လာ​၍ သင်​တို့​ပြည်​ကဲ့သို့ ကောက်ပဲသီးနှံ​နှင့် စပျစ်ဝိုင်​အသစ်​ထွက်​သော​ပြည်​၊ အစားအစာ​နှင့် စပျစ်ခြံ​ပေါများ​သော​ပြည်​၊ သံလွင်​ဆီ​နှင့် ပျားရည်​ရှိ​ရာ​ပြည်​သို့ သင်​တို့​ကို ခေါ်ဆောင်​သွား​မည်​။ ဟေဇကိ​က ထာဝရဘုရား​သည် ငါ​တို့​ကို​ကယ်နုတ်​တော်မူ​မည်​ဟု ဆို​လျက် လှည့်စား​သည်​ကို မ​ခံ​ကြ​နှင့်​။ 33မည်သည့်​လူမျိုး​တစ်မျိုးမျိုး​၏​ဘုရား​တို့​သည် မိမိ​ပြည်​ကို အဆီးရီးယား​ဘုရင်​၏​လက်​မှ ကယ်နုတ်​နိုင်​ခဲ့​သနည်း​။ 34ဟာမတ်​ပြည်​၊ အာပဒ်​ပြည်​၏​ဘုရား​တို့​သည် အဘယ်မှာ​နည်း​။ သေဖရဝိမ်​ပြည်​၊ ဟေန​ပြည်​၊ ဣဝါ​ပြည်​၏​ဘုရား​တို့​သည် အဘယ်မှာ​နည်း​။ စင်စစ် ထို​ဘုရား​တို့​သည် ရှမာရိ​မြို့​ကို ငါ့​လက်​မှ ကယ်နုတ်​ခဲ့​ပြီ​လော​။ 35ဤ​ပြည်​တို့​၏​ဘုရား​အပေါင်း​တို့​တွင် မည်သည့်​ဘုရား​က မိမိ​ပြည်​ကို ငါ့​လက်​မှ​ကယ်နုတ်​နိုင်​ခဲ့​သနည်း​။ ထာဝရဘုရား​သည်​လည်း ဂျေရုဆလင်​မြို့​ကို ငါ့​လက်​မှ ကယ်နုတ်​နိုင်​မည်လော​’​ဟူ၍ မိန့်ဆို​သည်​”​ဟု အသံ​ကျယ်လောင်​စွာ​အော်ဟစ်​လေ​၏​။
36ရှင်ဘုရင်​က “​သူ့​အား ဘာမျှ​ပြန်​မ​ပြော​ကြ​နှင့်​”​ဟု အမိန့်ရှိ​ထား​သောကြောင့် လူ​တို့​လည်း ဘာမျှ​ပြန်​မ​ပြော​ဘဲ တိတ်ဆိတ်​စွာ​နေ​ကြ​၏​။ 37ထို့နောက် ဟိလခိ​၏​သား နန်းတော်အုပ်​ဧလျာကိမ်​၊ စာရေးတော်ကြီး​ရှေဗန​၊ အာသပ်​၏​သား အတွင်းဝန်​ယောအာ​တို့​သည် မိမိ​တို့​အဝတ်​ကို​ဆုတ်ဖြဲ​ပြီး ဟေဇကိ​မင်းကြီး​ထံသို့​ပြန်လာ​၍ ရာဗရှာခ​ပြော​သော​စကား​တို့​ကို လျှောက်ထား​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်စတုတ္ထစောင် 18: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ