ဓမ္မရာဇဝင်စတုတ္ထစောင် 18
18
ယုဒဘုရင်ဟေဇကိမင်းကြီး
1ဧလာမင်းကြီး၏သားတော် အစ္စရေးဘုရင်ဟောရှေမင်းကြီး နန်းစံသုံးနှစ်တွင် ယုဒဘုရင်အာခတ်မင်းကြီး၏သားတော်ဟေဇကိ နန်းတက်၏။ 2ဟေဇကိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်ဆယ့်ကိုးနှစ်စိုးစံ၏။ မယ်တော်ကား ဇာခရိ၏သမီး အာဘိအမည်ရှိ၏။ 3ဟေဇကိမင်းကြီးသည် မိမိဘိုးဘေးဒါဝိဒ်မင်းကြီးပြုကျင့်ခဲ့သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။ 4သူသည် အထွတ်အမြတ်ထားရာနေရာများကို ဖယ်ရှားပြီး ကျောက်တိုင်များကို ဖြိုလှဲပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကို လှဲချပြီး မောရှေသွန်းလုပ်ခဲ့သောကြေးနီမြွေရုပ်ကိုလည်း ထုခွဲပစ်၏။ အကြောင်းမူကား ထိုအချိန်အထိ အစ္စရေးလူမျိုးတို့သည် ထိုမြွေရုပ်ကို နဟုတ္တန် ဟုခေါ်ဆိုပြီး နံ့သာပေါင်းကို မီးရှို့ပူဇော်တတ်ကြ၏။
5သူသည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကိုးစား၏။ ယုဒဘုရင်အပေါင်းတို့တွင် သူ့အလျင်ရှိခဲ့သောဘုရင်များနှင့် သူ့နောက်မှဘုရင်များပါ သူနှင့်တူသောဘုရင် တစ်ပါးမျှမရှိ။ 6သူသည် ထာဝရဘုရားကို မစွန့်၊ နောက်တော်သို့လိုက်၍ ဆည်းကပ်ကိုးကွယ်၏။ မောရှေအား ထာဝရဘုရား မိန့်မှာထားတော်မူသောပညတ်တော်များကို စောင့်ထိန်း၏။
7ထို့ကြောင့် ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူပြီး ပြုလေရာရာ၌ အထမြောက်၏။ သူသည် အဆီးရီးယားဘုရင်၏လက်အောက်ခံအဖြစ်မနေဘဲ ပုန်ကန်လေ၏။ 8သူသည် ဖိလိတ္တိလူမျိုးတို့ကို ဂါဇမြို့နှင့် နယ်နိမိတ်တစ်လျှောက်၊ ကင်းစောင့်မျှော်စင်မှ ခံတပ်မြို့အထိ ချေမှုန်းနိုင်ခဲ့၏။
အစ္စရေးလူမျိုးတို့ရှုံးရသည့်အကြောင်းကို ပြန်လည်သုံးသပ်ခြင်း
9ဟေဇကိမင်းကြီး နန်းစံလေးနှစ်၊ ဧလာမင်းကြီး၏သားတော် အစ္စရေးဘုရင်ဟောရှေမင်းကြီး နန်းစံခုနစ်နှစ်တွင် အဆီးရီးယားဘုရင်ရှာလမနေဇာမင်းကြီးသည်စစ်ချီ၍ ရှမာရိမြို့ကို ဝိုင်းရံထားပြီး 10သုံးနှစ်ပြည့်ပြီးမှ သိမ်းပိုက်နိုင်ခဲ့၏။ ရှမာရိမြို့သည် ဟေဇကိမင်းကြီး နန်းစံခြောက်နှစ်၊ အစ္စရေးဘုရင်ဟောရှေမင်းကြီး နန်းစံကိုးနှစ်တွင် သိမ်းပိုက်ခြင်းခံခဲ့ရ၏။ 11အဆီးရီးယားဘုရင်သည် အစ္စရေးလူမျိုးတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွားပြီး ဟာလာအရပ်၊ ဂေါဇန်နယ်ရှိ ဟာဗော်မြစ်နား၊ မေဒိမြို့ရွာများတွင် နေရာချထား၏။ 12ဤသို့ဖြစ်ရခြင်းမှာ အစ္စရေးလူမျိုးတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို မနာခံသည့်အပြင် ထာဝရဘုရား၏အစေအပါးမောရှေအားဖြင့် မိန့်မှာထားသည့် ပဋိညာဉ်ရှိသမျှကိုလည်း မနာခံမလိုက်လျှောက်ဘဲ ချိုးဖောက်ကြသောကြောင့် ဖြစ်၏။
သနာခရိပ်မင်းကြီးကျူးကျော်တိုက်ခိုက်ခြင်း
13ဟေဇကိမင်းကြီးနန်းစံတစ်ဆယ့်လေးနှစ်တွင် အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးသည် ယုဒပြည်၏ခံတပ်မြို့အားလုံးကို တိုက်ခိုက်သိမ်းပိုက်လေ၏။ 14ထို့ကြောင့် ယုဒဘုရင်ဟေဇကိမင်းကြီးက လာခိရှမြို့ရှိ အဆီးရီးယားဘုရင်ထံသို့ လူလွှတ်၍ “အကျွန်ုပ် အမှားပြုမိပါပြီ။ အရှင်မင်းကြီး တပ်ပြန်ဆုတ်ပေးပါ။ တောင်းသမျှကို ပေးပါမည်”ဟုမှာလိုက်လျှင် အဆီးရီးယားဘုရင်က ယုဒဘုရင်ဟေဇကိမင်းကြီးထံမှ ငွေတာလန်သုံးရာ#18:14 “6630 ပိဿာ သို့မဟုတ် 10200 ကီလိုဂရမ်”။၊ ရွှေတာလန်သုံးဆယ်#18:14 “663 ပိဿာ သို့မဟုတ် 1020 ကီလိုဂရမ်”။ကို တောင်း၏။ 15ထို့ကြောင့် ဟေဇကိမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ရှိ ဘဏ္ဍာတိုက်တို့ထဲမှတွေ့ရှိသမျှငွေတို့ကို ပေးလိုက်၏။
16တစ်ချိန်တည်းမှာပင် ဟေဇကိမင်းကြီးသည် ထာဝရဘုရား၏ဗိမာန်တော်တံခါးမှ ရွှေများကိုလည်းကောင်း၊ သူကိုယ်တိုင်မွမ်းမံထားသော တံခါးတိုင်တို့မှ ရွှေများကိုလည်းကောင်း ချွတ်ခွာပြီး အဆီးရီးယားဘုရင်အား ပေးလိုက်လေ၏။
17အဆီးရီးယားဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို စစ်သည်အလုံးအရင်းနှင့်တကွ လာခိရှမြို့မှ ဂျေရုဆလင်မြို့ရှိဟေဇကိမင်းကြီးထံသို့ စေလွှတ်သဖြင့် သူတို့သည် ဂျေရုဆလင်မြို့သို့ ချီသွားကြ၏။ သူတို့ ရောက်သွားသောအခါ ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းနားတွင် တပ်ချပြီး 18ရှင်ဘုရင်ကို ဆင့်ခေါ်ရာ ဟိလခိ၏သားနန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သားအတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ လာကြ၏။
ရာဗရှာခဘွဲ့ခံအရာရှိ၏စကား
19ထိုအခါ ရာဗရှာခက သူတို့အား “ဟေဇကိမင်းကြီးအား ပြန်လျှောက်ကြလော့။ အဆီးရီးယားဘုရင်မင်းမြတ်ကြီးက ‘သင်သည် အဘယ်အရာကို ကိုးစား၍ စိတ်အေးလက်အေးနေနိုင်သနည်း။ 20သင်၌ စစ်ဗျူဟာ၊ စစ်အင်အားရှိသည်ဆိုသည်မှာ အပြောသက်သက်သာဖြစ်၏။ ယခု သင်သည် အဘယ်သူကိုကိုးစား၍ ငါ့ကို ပုန်ကန်သနည်း။ 21ကြည့်ရှုလော့။ ယခု သင်သည် ကျိုးနေသောကျူတောင်ဝှေးဖြစ်သည့် အီဂျစ်ပြည်ကို ကိုးစား၏။ ထိုတောင်ဝှေးကိုမှီလျှင် မှီသောသူ၏လက်ကို ထုတ်ချင်းပေါက်အောင် စူးတတ်၏။ အီဂျစ်ဘုရင်ဖာရောမင်းကြီးသည် မိမိအား ကိုးစားသောသူအပေါင်းတို့ကို ထိုသို့ပြုတတ်၏။ 22သင်တို့က ငါတို့၏ဘုရားသခင်ထာဝရဘုရားကို ငါတို့ယုံကြည်ကိုးစားသည်ဟု ဆိုလျှင်လည်း ဟေဇကိမင်းကြီးက ထိုဘုရားနှင့်ဆိုင်သော အထွတ်အမြတ်ထားရာနေရာနှင့် ယဇ်ပလ္လင်တို့ကိုပင် ဖယ်ရှားလိုက်ပြီး ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အား ဂျေရုဆလင်မြို့ရှိ ဤယဇ်ပလ္လင်ရှေ့၌သာ သင်တို့ကိုးကွယ်ရမည်ဟူ၍ မိန့်မှာခဲ့သည် မဟုတ်လော’ဟု မိန့်ဆို၏။
23ယခု ငါ၏သခင်အဆီးရီးယားဘုရင်နှင့် လာ၍ညှိနှိုင်းလော့။ သင်၌ မြင်းစီးသူရဲ အလုံအလောက်ရှိလျှင် သင့်ကို မြင်းအကောင်နှစ်ထောင် ငါပေးမည်။ 24စစ်ရထား၊ မြင်းစီးသူရဲတို့ရရှိဖို့ အီဂျစ်ပြည်ကို ကိုးစားသော သင်က ငါ့သခင်၏မင်းမှုထမ်းများထဲမှ အနိမ့်ဆုံးအရာရှိတစ်ယောက်ကိုပင် ရင်ဆိုင်တွန်းလှန်နိုင်မည်လော။ 25ထာဝရဘုရားအခွင့်မရှိဘဲ ဤပြည်ကို ငါလာ၍ဖျက်ဆီးသည်ဟု ထင်သလော။ ထာဝရဘုရားက ‘ထိုပြည်သို့စစ်ချီ၍ဖျက်ဆီးလော့’ဟူ၍ ငါ့အား မိန့်တော်မူပြီ”ဟု ဆို၏။
26ထိုအခါ ဟိလခိ၏သားဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က ရာဗရှာခအား “အာရမိတ်ဘာသာစကားကို ကျွန်တော်မျိုးတို့နားလည်သည်ဖြစ်၍ ကျွန်တော်မျိုးတို့အား အာရမိတ်ဘာသာစကားနှင့်ပြောပါလော့။ မြို့ရိုးပေါ်ရှိလူတို့ကြားသိအောင် ယုဒဘာသာစကားဖြင့် မပြောပါနှင့်”ဟု ဆိုကြ၏။
27သို့သော် ရာဗရှာခက “ငါ့သခင်သည် သင်တို့၏သခင်နှင့် သင်တို့ကိုသာ ဤစကားတို့ကိုပြောကြားရန် ငါ့ကိုစေလွှတ်သည်မဟုတ်။ သင်တို့နှင့်အတူ ကိုယ့်မစင်ကိုယ်စား၊ ကိုယ့်ဆီးကိုယ်သောက်ကြသည့် မြို့ရိုးပေါ်တွင်ထိုင်သောသူတို့ကိုလည်း ပြောကြားရန် စေလွှတ်သည်”ဟု ဆို၏။
28ထို့နောက် ရာဗရှာခသည် မတ်တတ်ရပ်၍ ယုဒဘာသာစကားဖြင့် “အဆီးရီးယားဘုရင်မင်းမြတ်ကြီး၏အမိန့်တော်ကို နားထောင်ကြလော့။ 29ရှင်ဘုရင်က ‘ဟေဇကိ လှည့်စားသည်ကို သင်တို့မခံကြနှင့်။ သူသည် သင်တို့ကို ငါ့လက်မှ မကယ်နုတ်နိုင်။ 30ထာဝရဘုရားသည် ငါတို့ကို အမှန်ပင်ကယ်နုတ်တော်မူမည်။ ဤမြို့သည် အဆီးရီးယားဘုရင်လက်သို့မရောက်ရဟု ဆိုလျက် ထာဝရဘုရားကို ကိုးစားလာအောင် ဟေဇကိလှည့်စားသည်ကို သင်တို့မခံကြနှင့်’ဟု မိန့်ဆို၏။
31ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်။ အဆီးရီးယားဘုရင်က ‘ငါနှင့်ငြိမ်းချမ်းရေးယူ၍ ငါ့ဘက်သို့ လာကြ။ ငါလာ၍ သင်တို့ကို မခေါ်ဆောင်သွားမီအထိ သင်တို့အသီးသီး ကိုယ့်စပျစ်သီး၊ ကိုယ့်သဖန်းသီးတို့ကိုစားနှင့်ကြ။ ကိုယ့်ရေတွင်းမှရေကိုသောက်နှင့်ကြ။ 32သင်တို့ အသက်မသေ ရှင်ကျန်နေမည့်အကြောင်း ငါသည် လာ၍ သင်တို့ပြည်ကဲ့သို့ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ထွက်သောပြည်၊ အစားအစာနှင့် စပျစ်ခြံပေါများသောပြည်၊ သံလွင်ဆီနှင့် ပျားရည်ရှိရာပြည်သို့ သင်တို့ကို ခေါ်ဆောင်သွားမည်။ ဟေဇကိက ထာဝရဘုရားသည် ငါတို့ကိုကယ်နုတ်တော်မူမည်ဟု ဆိုလျက် လှည့်စားသည်ကို မခံကြနှင့်။ 33မည်သည့်လူမျိုးတစ်မျိုးမျိုး၏ဘုရားတို့သည် မိမိပြည်ကို အဆီးရီးယားဘုရင်၏လက်မှ ကယ်နုတ်နိုင်ခဲ့သနည်း။ 34ဟာမတ်ပြည်၊ အာပဒ်ပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ သေဖရဝိမ်ပြည်၊ ဟေနပြည်၊ ဣဝါပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ စင်စစ် ထိုဘုရားတို့သည် ရှမာရိမြို့ကို ငါ့လက်မှ ကယ်နုတ်ခဲ့ပြီလော။ 35ဤပြည်တို့၏ဘုရားအပေါင်းတို့တွင် မည်သည့်ဘုရားက မိမိပြည်ကို ငါ့လက်မှကယ်နုတ်နိုင်ခဲ့သနည်း။ ထာဝရဘုရားသည်လည်း ဂျေရုဆလင်မြို့ကို ငါ့လက်မှ ကယ်နုတ်နိုင်မည်လော’ဟူ၍ မိန့်ဆိုသည်”ဟု အသံကျယ်လောင်စွာအော်ဟစ်လေ၏။
36ရှင်ဘုရင်က “သူ့အား ဘာမျှပြန်မပြောကြနှင့်”ဟု အမိန့်ရှိထားသောကြောင့် လူတို့လည်း ဘာမျှပြန်မပြောဘဲ တိတ်ဆိတ်စွာနေကြ၏။ 37ထို့နောက် ဟိလခိ၏သား နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သား အတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်ဖြဲပြီး ဟေဇကိမင်းကြီးထံသို့ပြန်လာ၍ ရာဗရှာခပြောသောစကားတို့ကို လျှောက်ထားကြ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်စတုတ္ထစောင် 18: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative