ဓမ္မရာဇဝင်စတုတ္ထစောင် 20
20
ဟေဇကိမင်းကြီး နာမကျန်းဖြစ်ခြင်းနှင့် ပြန်လည်ကောင်းမွန်လာခြင်း
1ထိုကာလတွင် ဟေဇကိမင်းကြီးသည် သေလုနီးပါးနာမကျန်းဖြစ်လေ၏။ ထိုအခါ အာမုတ်၏သားပရောဖက်ဟေရှာယက သူ့ထံသို့လာ၍ “ ‘သင်သေရမည်။ သင်အသက်ရှင်ရတော့မည်မဟုတ်သောကြောင့် သင့်နန်းတွင်းရေးရာတို့ကို စီမံခဲ့လော့’ဟူ၍ ထာဝရဘုရား မိန့်တော်မူသည်”ဟု လျှောက်လေ၏။
2ထိုအခါ ဟေဇကိမင်းကြီးသည် နံရံဘက်သို့ မျက်နှာလှည့်၍ 3“အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ သစ္စာရှိရှိအသက်ရှင်လျှောက်လှမ်းခဲ့သည်ကိုလည်းကောင်း၊ ရှေ့တော်၌ ကောင်းသောအမှု ပြုခဲ့သည်ကိုလည်းကောင်း အောက်မေ့တော်မူပါ”ဟု ထာဝရဘုရားထံ ဆုတောင်းပြီး ခါးသီးစွာအော်ဟစ်ငိုကြွေးလေ၏။
4နန်းတော်အလယ်ဝင်းမှ ဟေရှာယမထွက်သွားမီတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ရောက်လာ၍ 5“ငါ့လူမျိုးတော်ကို အုပ်ချုပ်သောဟေဇကိမင်းကြီးထံသို့ ပြန်သွားပြီးလျှင် သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင့်ဆုတောင်းသံကို ငါကြားပြီ။ သင့်မျက်ရည်ကို ငါမြင်ပြီ။ သင့်ကို ငါပြန်လည်ကျန်းမာလာစေမည်။ သုံးရက်မြောက်လျှင် သင်သည် ထာဝရဘုရား၏အိမ်တော်သို့ တက်သွားနိုင်လိမ့်မည်။ 6ငါသည် သင့်အား တစ်ဆယ့်ငါးနှစ် ထပ်၍အသက်ရှင်စေမည်။ သင်နှင့် ဤမြို့ကို အဆီးရီးယားဘုရင်လက်မှ ကယ်နုတ်မည်။ ငါ့အတွက်၊ ငါ့အစေအပါးဒါဝိဒ်မင်းကြီးအတွက် ဤမြို့ကို ငါကာကွယ်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆိုစေ၏။
7ထို့နောက် ဟေရှာယက “သဖန်းပျဉ်ယူခဲ့ပါ”ဟုဆိုသဖြင့် လူတို့က သဖန်းပျဉ်ကိုယူလာ၍ မင်းကြီး၏အနာစိမ်းပေါ် အုံပေးလျှင် အနာသက်သာပျောက်ကင်းသွား၏။
8ထိုအခါ ဟေဇကိမင်းကြီးက ဟေရှာယအား “ထာဝရဘုရားက ငါ့ကိုပြန်ကျန်းမာစေပြီး သုံးရက်မြောက်လျှင် ထာဝရဘုရား၏အိမ်တော်သို့ ငါတက်သွားနိုင်မည့်နိမိတ်လက္ခဏာမှာ အဘယ်နည်း”ဟု မေးလေ၏။
9ထိုအခါ ဟေရှာယက “ကတိထားတော်မူသည့်အတိုင်း ထာဝရဘုရား ပြုတော်မူမည်ဖြစ်ကြောင်း ထာဝရဘုရားထံတော်မှ သင့်အတွက်နိမိတ်လက္ခဏာကား ဤသို့ဖြစ်၏။ သင်သည် လှေကားထစ်မှ အချိန်တိုင်းအရိပ်ကို ရှေ့သို့ အထစ်တစ်ဆယ်တိုးစေလိုသလော၊ သို့မဟုတ် အနောက်သို့ အထစ်တစ်ဆယ်ဆုတ်သွားစေလိုသလော”ဟု မေးလျှင်
10ဟေဇကိမင်းကြီးက “အရိပ်သည် ရှေ့သို့အထစ်တစ်ဆယ်တိုးရန် လွယ်၏။ ထိုသို့မဟုတ်ဘဲ အရိပ်ကို အနောက်သို့ အထစ်တစ်ဆယ်ဆုတ်သွားစေပါ”ဟု တောင်းဆို၏။ 11ထိုအခါ ပရောဖက်ဟေရှာယက ထာဝရဘုရားထံဆုတောင်းရာ အာခတ်မင်းကြီး၏လှေကားထစ်များပေါ်မှ အချိန်တိုင်းအရိပ်ကို အနောက်သို့ အထစ်တစ်ဆယ်ပြန်ဆုတ်စေတော်မူ၏။
ဟေဇကိမင်းကြီး၏မိုက်မဲမှု
12ဟေဇကိမင်းကြီး နာမကျန်းဖြစ်သည်ကို ဗာလဒန်၏သား ဘေဘီလုံဘုရင်မေရောဒဗာလဒန်မင်းကြီးကြားသိသောအခါ ဟေဇကိမင်းကြီးထံသို့ စာလွှာနှင့်လက်ဆောင်များကို ပေးပို့ဆက်သလာ၏။ 13ဟေဇကိမင်းကြီးသည် သူတို့ကို ဝမ်းမြောက်ဝမ်းသာကြိုဆို၍ မိမိဘဏ္ဍာတိုက်အားလုံးထဲမှ ရွှေငွေ၊ အမွှေးနံ့သာ၊ အဖိုးတန်ဆီမှစ၍ လက်နက်တိုက်နှင့် တွေ့သမျှအဖိုးတန်ရတနာများကို ထိုသူတို့အား ပြလေ၏။ နန်းတွင်းနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ထိုသူတို့အား ဟေဇကိမင်းကြီး မပြပေးသောအရာတစ်စုံတစ်ခုမျှမရှိ။
14ထိုအခါ ပရောဖက်ဟေရှာယသည် ဟေဇကိမင်းကြီးထံသို့လာပြီး “ထိုသူတို့သည် မည်သည့်အကြောင်းကို ပြောဆိုကြသနည်း။ မည်သည့်အရပ်မှ လာကြသနည်း”ဟုမေးလျှင် ဟေဇကိမင်းကြီးက “သူတို့သည် ဝေးလံသောအရပ် ဘေဘီလုံမြို့မှ လာကြပါ၏”ဟု ဆိုလေ၏။
15ဟေရှာယက “နန်းတော်တွင် မည်သည့်အရာကို မြင်ကြပြီနည်း”ဟုမေးလျှင် ဟေဇကိမင်းကြီးက “နန်းတော်၌ရှိသမျှတို့ကို သူတို့မြင်ကြပြီ။ ဥစ္စာဘဏ္ဍာများထဲမှ သူတို့အား ငါမပြသောအရာတစ်စုံတစ်ခုမျှမရှိ”ဟု ပြန်ဖြေ၏။
16ထိုအခါ ဟေရှာယက ဟေဇကိမင်းကြီးအား “ထာဝရဘုရားမိန့်တော်မူသောစကားကို နားထောင်လော့။ 17‘ကြည့်ရှုလော့။ သင်၏နန်းတော်ထဲရှိအရာအားလုံး၊ သင်၏ဘိုးဘေးတို့စုဆောင်းထား၍ ယနေ့တိုင်အောင်ရှိနေသည့်အရာအားလုံးတို့ကို ဘေဘီလုံမြို့သို့ ယူဆောင်သွားမည့်နေ့ ရောက်လာလိမ့်မည်။ တစ်စုံတစ်ခုမျှကြွင်းကျန်လိမ့်မည်မဟုတ်’ဟု ထာဝရဘုရားမိန့်တော်မူပြီ။ 18သင်မှဆင်းသက်၍ သင်ရသောသားသမီးအချို့တို့ကိုလည်း ဖမ်းဆီးသွားလိမ့်မည်။ သူတို့သည် ဘေဘီလုံဘုရင်၏နန်းတော်၌ မိန်းမစိုးများဖြစ်ရကြလိမ့်မည်”ဟု ဆင့်ဆိုလေ၏။
19ဟေဇကိမင်းကြီးက “အကယ်စင်စစ် ငါ့လက်ထက်၌ ငြိမ်းချမ်းလုံခြုံမည်ဆိုလျှင် ရပါပြီ”ဟုတွေး၍ ဟေရှာယအား “သင်ဆင့်ဆိုသော ထာဝရဘုရား၏စကားတော်သည် ကောင်းပါ၏”ဟု မိန့်ဆိုလေ၏။
ဟေဇကိမင်းကြီးအနိစ္စရောက်ခြင်း
20ကျန်ရှိနေသော ဟေဇကိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံများ၊ ရေမြောင်းရေကန်ဆောက်လုပ်ခဲ့ပုံ၊ မြို့တွင်းသို့ ရေသွင်းပေးခဲ့ပုံ စသည်တို့ကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏#20:20 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။။ 21ဟေဇကိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ၏သားတော်မနာရှေသည် သူ့အရိုက်အရာကို ဆက်ခံ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်စတုတ္ထစောင် 20: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative