ဓမ္မရာဇဝင်စတုတ္ထစောင် 22
22
ယုဒဘုရင်ယောရှိမင်းကြီး
1ယောရှိနန်းတက်သောအခါ သက်တော်ရှစ်နှစ်သာရှိသေး၏။ ဂျေရုဆလင်မြို့တွင်သုံးဆယ့်တစ်နှစ် စိုးစံ၏။ မယ်တော်ကား ဗောဇကတ်မြို့သားအဒါယ၏သမီး ယေဒိဒအမည်ရှိ၏။ 2သူသည် ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။ သူ၏ဘိုးဘေးဒါဝိဒ်မင်းကြီး လျှောက်ခဲ့သောလမ်းအတိုင်း လက်ယာလက်ဝဲမယိမ်းဘဲ လိုက်လျှောက်၏။
ယောရှိမင်းကြီး ထာဝရဘုရား၏အိမ်တော်ကိုပြုပြင်ခြင်း
3ယောရှိမင်းကြီး နန်းစံတစ်ဆယ့်ရှစ်နှစ်တွင် မင်းကြီးသည် မေရှုလံ၏မြေး၊ အာဇလိ၏သား စာရေးတော်ကြီးရှာဖန်ကို ထာဝရဘုရား၏အိမ်တော်သို့ စေလွှတ်၍ 4“ယဇ်ပုရောဟိတ်မင်းဟိလခိထံသွားပြီးလျှင် လူတို့ထံမှ တံခါးစောင့်တို့ကောက်ခံ၍ ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လာသောငွေကို ရေတွက်စေပါ။ 5ထိုငွေကို ထာဝရဘုရား၏အိမ်တော်၌ ခန့်ထားသောအလုပ်ကြီးကြပ်သူတို့ကို ပေးစေပါ။ အလုပ်ကြီးကြပ်သူတို့သည် ထိုငွေအား ပျက်စီးသွားသောအိမ်တော်ကို ပြန်လည်ပြုပြင်ရန် ထာဝရဘုရား၏အိမ်တော်တွင်အလုပ်လုပ်သောအလုပ်သမားများကို ပေးစေပါ။ 6အိမ်တော်ကိုပြုပြင်ရန် လိုအပ်သော ဆစ်ပြီးသားကျောက်များ၊ သစ်သားများကို ဝယ်ယူဖို့ရန်အတွက် လက်သမားများ၊ ဆောက်လုပ်ရေးသမားများ၊ ပန်းရန်သမားများကို ပေးစေပါ”ဟု မိန့်မှာလိုက်၏။ 7သူတို့သည် သစ္စာရှိစွာအလုပ်လုပ်သူများဖြစ်သောကြောင့် သူတို့လက်သို့ ပေးအပ်သောငွေများကို စာရင်းရေးမှတ်ပြုစုထားရန်မလိုပေ။
ပညတ်တရားကျမ်းကိုရှာတွေ့ခြင်း
8ယဇ်ပုရောဟိတ်မင်းဟိလခိသည် စာရေးတော်ကြီးရှာဖန်အား “ထာဝရဘုရား၏အိမ်တော်တွင် ဤပညတ်တရားကျမ်းကို ရှာတွေ့ပြီ”ဟုဆိုလျက် ဟိလခိသည် ထိုကျမ်းစာလိပ်ကိုရှာဖန်အား ပေးအပ်သဖြင့် ရှာဖန်လည်း ဖတ်ကြည့်လေ၏။ 9ထို့နောက် စာရေးတော်ကြီးရှာဖန်သည် ရှင်ဘုရင်ထံ ပြန်သွား၍ “အရှင့်အစေအပါးတို့သည် အိမ်တော်၌ တွေ့ရှိသမျှသောငွေတို့ကို စုသိမ်းပြီး ထာဝရဘုရား၏အိမ်တော်၌ ခန့်ထားသောအလုပ်ကြီးကြပ်သူတို့လက်သို့ ပေးအပ်ပါပြီ”ဟု အစီရင်ခံလျှောက်တင်လေ၏။ 10ထို့ပြင် စာရေးတော်ကြီးရှာဖန်က ရှင်ဘုရင်အား “ယဇ်ပုရောဟိတ်မင်းဟိလခိက အကျွန်ုပ်အား ဤကျမ်းစာလိပ်ကို ပေးအပ်ပါပြီ”ဟု လျှောက်တင်ပြီး ရှာဖန်သည် ဘုရင့်ရှေ့မှောက်တွင် ထိုကျမ်းစာကို ဖတ်ပြ၏။
11ရှင်ဘုရင်သည် ထိုပညတ်တရားကျမ်းစာလိပ်၌ပါသောစကားတော်များကို ကြားရသောအခါ မိမိအဝတ်ကိုဆုတ်ဖြဲလေ၏။ 12ထို့နောက် ရှင်ဘုရင်က ယဇ်ပုရောဟိတ်ဟိလခိ၊ ရှာဖန်၏သားအဟိကံ၊ မိက္ခာယ၏သားအာခဗော်၊ စာရေးတော်ကြီးရှာဖန်၊ ဘုရင့်အမှုထမ်းအသာယတို့အား 13“ငါနှင့်ပြည်သူပြည်သားတို့အတွက်သာမက ယုဒအမျိုးသားအပေါင်းတို့အတွက်ပါ ဤတွေ့ရှိထားသောကျမ်းပါစကားတော်များနှင့်ပတ်သက်ပြီး ထာဝရဘုရားထံ သွား၍မေးမြန်းပေးကြလော့။ ငါတို့ဘိုးဘေးတို့သည် ဤကျမ်းပါစကားတော်အတိုင်း မလိုက်နာ၊ ငါတို့နှင့်ပတ်သက်ပြီး ရေးထားသမျှတို့ကို မပြုကျင့်ကြသောကြောင့် ထာဝရဘုရားသည် ငါတို့ကို ပြင်းစွာအမျက်ထွက်လေပြီ”ဟု မိန့်ဆို၏။
စီရင်ခြင်းခံရမည့်အကြောင်းကို ဟုလဒက ကြိုတင်ဟောပြောခြင်း
14ထိုအခါ ယဇ်ပုရောဟိတ်ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသာယတို့သည် ဂျေရုဆလင်မြို့နေရာသစ်တွင်နေထိုင်သော ဟရဟတ်၏မြေး၊ တိကဝ၏သား ဝတ်လုံတော်ထိန်းရှလ္လုံ၏မယားဖြစ်သူ ပရောဖက်မ ဟုလဒထံသွား၍ စကားပြောဆိုကြရာ
15ပရောဖက်မက သူတို့အား “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင်တို့ကို ငါ့ထံသို့စေလွှတ်သောသူအား ဤသို့ပြန်ပြောလော့။ 16ထာဝရဘုရားက ကြည့်ရှုလော့။ ယုဒဘုရင် ဖတ်ခဲ့ရသောကျမ်းစကားရှိသမျှအတိုင်း ငါသည် ဤမြို့နှင့်မြို့သားတို့ကို ဘေးအန္တရာယ်နှင့် ကြုံတွေ့စေမည်။ 17အကြောင်းမူကား သူတို့သည် ငါ့ကိုစွန့်ပစ်ပြီး အခြားဘုရားအများတို့ထံ နံ့သာပေါင်းကိုမီးရှို့ပူဇော်လျက် သူတို့လက်နှင့်လုပ်သောအရာများဖြင့် ငါ့ကို အမျက်ထွက်စေကြ၏။ ထို့ကြောင့် ဤမြို့၌ ငါ့အမျက်မီး တောက်လောင်၍ ငြိမ်းလိမ့်မည်မဟုတ်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။ 18ထာဝရဘုရားထံ မေးမြန်းစေဖို့ သင်တို့ကိုစေလွှတ်လိုက်သောယုဒဘုရင်အား “အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘သင်ကြားရသောကျမ်းစကားများနှင့်ပတ်သက်၍ ဤသို့မိန့်တော်မူပြီ။ 19ဤမြို့နှင့်မြို့သားတို့ကို ထိတ်လန့်စရာ၊ ကျိန်ဆဲစရာဖြစ်စေမည်ဟု ငါဆိုသည်ကို သင်ကြားရသောအခါ သင်သည် နှလုံးကြေကွဲလျက်၊ ကိုယ်ကိုနှိမ့်ချလျက်၊ ကိုယ့်အဝတ်ကို ဆုတ်လျက် ငါထာဝရဘုရားရှေ့တော်တွင် ငိုကြွေးသည်ကို ငါကြားပြီ။ 20ထို့ကြောင့် သင့်ဘိုးဘေးများရှိရာသို့ သင့်ကို ငါစုစည်းမည်။ သင်သည် သင့်သင်္ချိုင်းတွင် ငြိမ်ဝပ်စွာစုစည်းခြင်းခံရလိမ့်မည်။ ဤမြို့သို့ ငါကျရောက်စေမည့်ဘေးအန္တရာယ်တို့ကို သင်မြင်ရမည်မဟုတ်’ဟူ၍ ထာဝရဘုရားမိန့်တော်မူကြောင်းပြောကြားလော့”ဟု ဆို၏။ သူတို့သည်လည်း ပြန်သွား၍ ဤစကားတို့ကို ရှင်ဘုရင်ထံ လျှောက်တင်ကြ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်စတုတ္ထစောင် 22: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative