YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်စတုတ္ထစောင် 8

8
ရှုနင်မြို့သူက မိမိပိုင်မြေကိုပြန်ရခြင်း
1ထို့နောက် ဧလိရှဲ​က သူ​အသက်ပြန်ရှင်​စေ​ခဲ့​သော​သူငယ်​၏​မိခင်​အား “​သင်​နှင့်​သင့်​အိမ်သူအိမ်သား​တို့ ထ​၍​ထွက်သွား​ကြ​ပါ​။ သင်​တည်းခိုနေထိုင်​နိုင်​မည့်​နေရာ​တွင် တည်းခိုနေထိုင်​ပါ​။ ထာဝရဘုရား​သည် ဤ​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ဖြစ်​စေ​မည်​။ တစ်ပြည်လုံး ခုနစ်​နှစ်​အစာခေါင်းပါး​မည်​”​ဟု ပြော​၏​။
2ထို​အမျိုးသမီး​လည်း ဘုရားသခင်​၏​လူ​ပြော​သည့်​အတိုင်း ထ​၍​မိမိ​အိမ်သား​တို့​နှင့်အတူ ထွက်သွား​ပြီး ဖိလိတ္တိ​ပြည်​တွင် ခုနစ်​နှစ်​တည်းခိုနေထိုင်​လေ​၏​။ 3ခုနစ်​နှစ်​ကုန်ဆုံး​သွား​သော် ထို​အမျိုးသမီး​သည် ဖိလိတ္တိ​ပြည်​မှ​ပြန်လာ​ပြီး မိမိ​အိမ်​နှင့်​မြေ​ကို ပြန်ရ​ရန်​အတွက် ရှင်ဘုရင်​ထံ သွားရောက်​အသနားခံ​၏​။
4ထိုစဉ် ရှင်ဘုရင်​သည် ဘုရားသခင့်​လူ​၏​ငယ်သား​ဂေဟာဇိ​နှင့် စကား​ပြောဆို​လျက် ရှိ​နေ​၏​။ ရှင်ဘုရင်​က “​ဧလိရှဲ​ပြု​ခဲ့​သည့် အံ့ဖွယ်အမှု​အလုံးစုံ​ကို ငါ့​အား​ကြားလျှောက်​ပါ​”​ဟု မိန့်ဆို​လျှင်
5သေ​သွား​သော​သူ​ကို ဧလိရှဲ​အသက်ပြန်ရှင်​စေ​ခဲ့​သည့်​အကြောင်း ဂေဟာဇိ​က ရှင်ဘုရင်​အား ပြောပြ​နေစဉ်​ပင် အသက်ပြန်ရှင်​လာ​သော​သူငယ်​၏​မိခင်​သည် မိမိ​အိမ်​နှင့်​မြေ​ကို ပြန်​ရ​ရန်​အတွက် ရှင်ဘုရင်​ထံ​လာရောက်​အသနားခံ​လေ​၏​။ ထို့ကြောင့် ဂေဟာဇိ​က ချက်ချင်းပင် “အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ ဤ​သူ​တို့​သည် ဧလိရှဲ​အသက်ပြန်ရှင်​စေ​ခဲ့​သော​သူငယ်​နှင့် သူ​၏​မိခင်​ဖြစ်​ပါ​၏”​ဟု လျှောက်တင်​လေ​၏​။
6ထိုအခါ ရှင်ဘုရင်​က ထို​အမျိုးသမီး​အား မေးမြန်း​လျှင် ထို​အမျိုးသမီး​သည်​လည်း အကြောင်းစုံ​ကို​လျှောက်တင်​၏​။ ထို့ကြောင့် ရှင်ဘုရင်​သည် မှူးမတ်​တစ်​ဦး​ကို​ခေါ်​ပြီး “​ဤ​အမျိုးသမီး​ပိုင်ဆိုင်​သမျှ​နှင့် သူ​ထွက်သွား​စဉ်က​စပြီး ယခု​တိုင် သူ့​မြေ​မှ​ထွက်​သမျှ​တို့​ကို သူ့​အား​ပြန်ပေး​ပါ​”​ဟု မိန့်ဆို​၏​။
ဆီးရီးယားဘုရင်ဟာဇေလမင်းကြီး
7ထို့နောက် ဧလိရှဲ​သည် ဒမတ်စကပ်​မြို့​သို့​သွား​ရာ ထို​အချိန်​တွင် ဆီးရီးယား​ဘုရင် ဗင်္ဟာဒဒ်​မင်းကြီး​သည် နာမကျန်း​ဖြစ်​နေ​၏​။ ထိုအခါ သူ့​အား “​ဘုရားသခင်​၏​လူ ဤ​မြို့​သို့​ရောက်​နေ​ပါ​၏”​ဟု လျှောက်တင်​လျှင် 8ရှင်ဘုရင်​က ဟာဇေလ​အား “​လက်ဆောင်​ကို​ယူ​ပြီး ဘုရားသခင်​၏​လူ​နှင့် သွား​တွေ့​လော့​။ ‘​ငါ​သည် ဤ​ဝေဒနာ​မှ ပြန်ကောင်း​လာ​မည်လော​’​ဟု ထာဝရဘုရား​ထံ မေးလျှောက်​စေ​လော့​”​ဟု မိန့်ဆို​၏​။
9ထို့ကြောင့် ဟာဇေလ​သည် ဒမတ်စကပ်​မြို့ထွက်​အကောင်းဆုံး​ပစ္စည်း​အမျိုးမျိုး​ကို ကုလားအုတ်​အစီး​လေးဆယ်​ပေါ်​တင်​ပြီး လက်ဆောင်​အဖြစ် ယူသွား​ကာ ဘုရားသခင်​၏​လူ​ကို သွား​တွေ့​၏​။ သူ​သည် ဘုရားသခင်​၏​လူ​ထံ ရောက်​သောအခါ ရှေ့မှောက်​၌ ရပ်​လျက် “​အရှင့်​သား​ဆီးရီးယား​ဘုရင်​ဗင်္ဟာဒဒ်​မင်းကြီး​က ‘​ဤ​ဝေဒနာ​မှ ပြန်ကောင်း​လာ​ပါ​မည်လော​’​ဟူ၍ အကျွန်ုပ်​အား မေးလျှောက်​စေ​ပါ​၏”​ဟု လျှောက်​၏​။
10ဧလိရှဲ​က​လည်း သူ့​အား “ ‘​ဤ​ဝေဒနာ​မှ အမှန်ပင်​ပြန်ကောင်း​လာ​လိမ့်မည်​’​ဟု ရှင်ဘုရင်​ကို ပြန်လျှောက်​လော့​။ သို့သော် သူ​မုချ​သေ​ရ​မည်​ကို ငါ့​အား ထာဝရဘုရား​ဖော်ပြ​တော်မူ​ပြီ​”​ဟု ဆို​လျှင် 11ဘုရားသခင်​၏​လူ​သည် ဟာဇေလ​အနေရခက်​သည်​အထိ သူ့​မျက်နှာ​ကို​စူးစိုက်​ကြည့်​ပြီးလျှင် မျက်ရည်ကျ​လေ​၏​။ 12ထိုအခါ ဟာဇေလ​က “​အကျွန်ုပ်​သခင်​၊ အဘယ်ကြောင့် မျက်ရည်ကျ​ရ​ပါ​သနည်း​”​ဟု​မေး​လျှင် ဧလိရှဲ​က “​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ဘေးအန္တရာယ်​ပြု​မည်​ကို ငါ​သိ​လေ​ပြီ​။ သင်​သည် သူ​တို့​၏​ခံတပ်​မြို့​များ​ကို မီးရှို့​ပစ်​လိမ့်မည်​။ လူငယ်​တို့​ကို ဓား​ဖြင့် သတ်​လိမ့်မည်​။ ကလေးငယ်​များ​ကို ကိုင်ယူ​ပေါက်သတ်​လိမ့်မည်​။ ကိုယ်ဝန်ဆောင်​မိန်းမ​တို့​၏​ဝမ်း​ကို​လည်း ခွဲဖောက်​လိမ့်မည်​”​ဟု ဆို​၏​။
13ဟာဇေလ​က​လည်း ဧလိရှဲ​အား “​ခွေး​မျှသာ​အဆင့်ရှိ​သော အရှင့်​အစေအပါး​အကျွန်ုပ်​က ဤ​အမှု​ကြီး​ကို အဘယ်သို့​ပြု​နိုင်​ပါ​မည်နည်း​”​ဟု ပြန်လျှောက်​လျှင် ဧလိရှဲ​က သူ့​အား “​သင်​သည် ဆီးရီးယား​ဘုရင် ဖြစ်လာ​မည်​ကို ငါ့​အား ထာဝရဘုရား​ဖော်ပြ​တော်မူ​ပြီ​”​ဟု ဆို​၏​။
14ဟာဇေလ​သည် ဧလိရှဲ​ထံမှ​ပြန်သွား​ပြီး မိမိ​သခင်​ထံ​ပြန်ရောက်​သောအခါ ရှင်ဘုရင်​က “​သင့်​အား ဧလိရှဲ​မည်သို့​ပြော​သနည်း​”​ဟု မေး​လျှင် သူ​က “ ‘မင်းကြီး အမှန်ပင်​ပြန်ကောင်း​လာ​လိမ့်မည်​’​ဟူ၍ ဆို​ပါ​၏”​ဟု ပြန်လျှောက်​၏​။ 15နောက်တစ်နေ့​တွင် ဟာဇေလ​သည် အဝတ်​ကို​ယူ​၍ ရေ​၌​နှစ်​ပြီး ဘုရင့်​မျက်နှာ​တော်​ကို ဖိအုပ်​သဖြင့် ရှင်ဘုရင်​အနိစ္စရောက်​လေ​၏​။ ထိုအခါ ဟာဇေလ​သည် ဘုရင့်​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။
ယုဒဘုရင်ယဟောရံမင်းကြီး
16အာဟပ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ယောရံ​မင်းကြီး​နန်းစံ ငါး​နှစ်​မြောက်​တွင် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​၏​သား​တော်​ယဟောရံ​သည် သူ့​ဖခင် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​၏​။ 17ယဟောရံ​မင်းကြီး​သည် သက်တော်​သုံးဆယ့်​နှစ်​နှစ်​တွင် နန်းတက်​ပြီး ဂျေရုဆလင်​မြို့​တွင် ရှစ်​နှစ်​စိုးစံ​၏​။ 18သူ​သည် အာဟပ်​မင်းကြီး​၏​သမီး​တော်​ကို မိဖုရားမြှောက်​ထား​၍ အာဟပ်​မင်းမျိုးမင်းနွယ်​ကဲ့သို့ပင် အစ္စရေး​ဘုရင်​တို့​လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​ပြီး ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​လေ​၏​။ 19သို့သော် ထာဝရဘုရား​သည် မိမိ​၏​အစေအပါး​ဒါဝိဒ်​မင်းကြီး​ကို​ထောက်၍ သူ​နှင့် သူ့​သားမြေး​တို့​၏​မီးခွက်​ကို အစဉ်​ထွန်းလင်း​စေ​မည်​ဟု ကတိထား​သည်​နှင့်အညီ ယုဒ​ပြည်​ကို ဖျက်ဆီး​ရန် အလို​တော်​မ​ရှိ​ပေ​။
20ယဟောရံ​မင်းကြီး​လက်ထက်​တွင် ယုဒ​ပြည်​လက်အောက်ခံ​ဖြစ်​သော ဧဒုံ​ပြည်​သည် ယုဒ​ပြည်​ကို​ပုန်ကန်​၍ သူ​တို့​ကို အုပ်စိုး​ရန် ဘုရင်​တစ်​ပါး​ကို တင်မြှောက်​လိုက်​ကြ​၏​။ 21ထို့ကြောင့် ယောရံ#8:21 “ယဟောရံ” (၆ရာ 21:9)။​မင်းကြီး​သည် မိမိ​၌​ရှိသမျှ​သော​စစ်ရထား​တို့​နှင့်တကွ ဇာဣရ​မြို့​သို့ ချီ​၍ သူ့​အား​ဝိုင်းရံ​လာ​သော ဧဒုံ​တပ်သား​တို့​နှင့် စစ်ရထားမှူး​တို့​ကို ညအချိန် ထ​၍​တိုက်ခိုက်​ရာ သူ​၏​စစ်သည်​တို့​သည်​လည်း ကိုယ့်​တဲ​သို့ ပြန်ပြေး​ကြ​လေ​၏​။ 22ဤသို့ဖြင့် ယုဒ​ပြည်​၏​လက်အောက်ခံ​ဖြစ်​သော​ဧဒုံ​ပြည်​သည် ယုဒ​ပြည်​ကို ယနေ့​တိုင်အောင် ပုန်ကန်​၏​။ တစ်ချိန်တည်း​မှာ​ပင် လိဗန​ပြည်​လည်း ယုဒ​ပြည်​ကို ပုန်ကန်​၏​။
23ကျန်ရှိ​နေ​သော ယောရံ#8:23 သို့မဟုတ် “ယဟောရံ”။​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​နှင့် သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​ကို ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏#8:23 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။​။ 24ယောရံ#8:24 “ယဟောရံ” (၆ရာ 21:20)။​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​လေ​၏​။ သူ့​ကို ဘိုးဘေး​တို့​နှင့်အတူ ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာခဇိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။
ယုဒဘုရင်အာခဇိမင်းကြီး
25အာဟပ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင် ယောရံ​မင်းကြီး နန်းစံ​တစ်ဆယ့်​နှစ်​နှစ်​တွင် ယုဒ​ဘုရင်​ယဟောရံ​မင်းကြီး​၏​သား​တော် အာခဇိ နန်းတက်​လေ​၏​။ 26အာခဇိ​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​နှစ်​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်​နှစ်​စိုးစံ​၏​။ မယ်တော်​ကား အစ္စရေး​ဘုရင်​ဩမရိ​မင်းကြီး​၏​မြေး​တော် အာသလိ​အမည်​ရှိ​၏​။ 27သူ​သည် အာဟပ်​မင်းကြီး​၏​သမက်​တော်​ဖြစ်​သည်​နှင့်အညီ အာဟပ်​မင်းမျိုးမင်းနွယ်​လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​၏​။ အာဟပ်​မင်းမျိုးမင်းနွယ်​ကဲ့သို့ပင် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို ပြု​၏​။
28သူ​သည် အာဟပ်​မင်းကြီး​၏​သား​တော် ယောရံ​မင်းကြီး​နှင့်အတူ ရာမုတ်ဂိလဒ်​မြို့​သို့ စစ်ချီ​၍ ဆီးရီးယား​ဘုရင် ဟာဇေလ​မင်းကြီး​ကို တိုက်ခိုက်​ရာ ဆီးရီးယား​လူမျိုး​တို့​လက်ချက်​ဖြင့် ယောရံ​မင်းကြီး ဒဏ်ရာ​ရ​သွား​၏​။ 29ထိုသို့ ယောရံ​မင်းကြီး​သည် ရာမ​မြို့​တွင် ဆီးရီးယား​ဘုရင်​ဟာဇေလ​မင်းကြီး​နှင့်​တိုက်ခိုက်​ရာ​မှ ဆီးရီးယား​လူမျိုး​တို့​လက်ချက်​ဖြင့်​ရသွား​သော​ဒဏ်ရာ​ကို ကုသ​ရန်​အတွက် ယေဇရေလ​မြို့​သို့ ပြန်သွား​၏​။ ယဟောရံ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာခဇိ​မင်းကြီး​သည်​လည်း အာဟပ်​မင်းကြီး​၏​သား​တော်​ယောရံ​မင်းကြီး​ဒဏ်ရာ​ရ​သည်​ကို​ကြည့်ရှု​ရန် ယေဇရေလ​မြို့​သို့ လိုက်သွား​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်စတုတ္ထစောင် 8: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ